ဦးလူသာ

in #myanmar6 years ago

image
ဦးလူသာကို ကျွန်တော်ငယ်စဉ်က သူငယ်ချင်း၏ အိမ်လိုက်သွားရင်း သိခဲ့ကြသည်။ ဆိုတော့ ဦးလူသာက ကျွန်တော့သူငယ်ချင်းရဲ့ ဖခင်ကိုး။ အေးချမ်းတဲ့အပြုံးကိုအမြဲပြုံးနေတတ်ပြီး ဖေါ်ရွှေခင်မင်တတ်၊ရင်းနှီးခင်မင်တတ်သည်။ သူ၏သားသူငယ်ချင်းကို သူ၏ဆွေမျိုးရင်းချာကိုဆက်ဆံသလို ဆက်ဆံပြီး နွေးနွေးထွေးထွေးကြိုဆိုလေသည်။ မှတ်မိသ လောက် သူ့မှာခွေးကြီးတစ်ကောင်ရှိပြီး သူ၏ခွေးကိုသင်ကြားထားပုံမှာလည်း အံ့သြစရာကောင်းလှသည်။ ကျွန်တော်ဝင် လာသည်နှင့် လာလာဟုခေါ်ပြီး သူ့ခွေးကို ကျွန်တော်နှင့်မိတ်ဆက်ပေးလိုက်သည်။ ထို့နေ့မိတ်ထားပြီးကတည်းက ကျွန်တော် ဘယ်အချိန်လာလာ ခွေးကြီးက အသိအမှတ်ပြုနေသည်။ တုတ်တုတ်မလှုပ်။ သို့ဖြစ်၍ မကိုက်တတ်သောခွေးဟု တော့ မထင်လေနှင့် သူစိမ်းတရံဆံ မပြောမဆိုစွတ်ဝင်လာလျှင် ပေါင်ပြတ်သွားမည်သာဖြစ်သည်။ သူ့ဖို့အစားအသောက်ကို ကလေးငယ်လေးထမင်းကျွေးသလို ဟင်းလေးများကို ကိုက်ဖဲ့၍ သေသေချာချာနယ်ဖတ်ကျွေးမွေးသည်။ သူအတွက်ပြင် ဆင်နေပေမယ့် အိနြေ္ဓကြီးလိုက်သည်မှာလည်း အမြီးကလေးမျှတောင်မလှုပ် ပြင်ဆင်ပြီး၍ လာထမင်းစားတော့ဆိုမှ ထပြီးလာစားတတ်သည်။အလွန်လိမ်မာပြီး အလွန်လည်းသိတတ်နားလည်တတ်သည်။

သူတို့ခြံက ပေ ၄၀ ၊၆၀ နှစ်ခြံတွဲဖြစ်သည်။ အိမ်ဆောက်မထားသည့်ဘက်ကခြံတွင် ဆီးပင်နှစ်ပင်ရှိပြီး ဆီးတော်သီး ပင်တွေဖြစ်ကာ စားလို့အလွန်ချိုသည်။ကျောင်းသားအရွယ်ဆိုတော့ ဆီးတော်သီးပင်ကိုမြင်တော့မနေနိုင်။ သူငယ်ချင်း၏ အဖေအမေက ကောက်ထားပေးသည်။ ကိုယ့်ဘာသာကောက်ယူလည်းကြိုက်သလောက်ကောက်ခိုင်းသည်။ စားလို့အရမ်း ကောင်းလှသည်။ နောက်တော့ ရင်းနှီးလာမှသိရသည်မှာ သူငယ်ချင်း၏ ဖခင်ဦးလူသာပိုင်သော ခြံမှာ အရင်က ဤ(၂)ခြံ မျှသာမဟုတ် တစ်ရပ်ကွက်လုံးသူတို့ခြံတွေသာဖြစ်ပြီး နွားတွေအများကြီးမွေးထားသည်ဟုဆိုသည်။နောက်ပိုင်း တဖြည်း ဖြည်း လျော့နည်းလာခြင်းဖြစ်ကြောင်းသိရသည်။ ကျွန်တော်နှင့်ရင်းနှီးခဲ့ပြီး နောက်ပိုင်း ဆီးတော်ပင်ရှိသောဘက်က ပေ ၄၀၊ ၆၀ ကိုထပ်ပြီးရောင်းချလိုက်သည်။ ဘာကြောင့်ရယ်ဟုတော့ထိုစဉ်က မယ်မယ်ရရမသိ။ နောက်မှ စီးပွားရေးအရ ထုခွဲရောင်း ချရမှန်းသိရသည်။

နောက်ပိုင်းတွင် ကျွန်တော့သူငယ်ချင်းက အိမ်ထောင်ကျသည်။မိန်းမသာယူသည် အလုပ်ကမရှိ။ မရှိယုံမဟုတ် ဘာအလုပ်အကိုင်မှလည်းသူကမလုပ်တတ်ခဲ့။ဘွဲ့ကလည်း ဒဿနိကဗေဘွဲ့ တက္ကသိုလ်မှ ဆရာပြန်လုပ်ရင်တော့မပြောတတ် ဒီဘွဲ့နဲ့အပြင်မှာအလုပ်ရှာဖို့အလွန်ခက်ခဲ့သည်။ အလွယ်ရသည့် မူလတန်းကျောင်းဆရာဝင်လုပ်သည်။ သူငယ်ချင်းက အပြောအလွန်ကောင်းသူဖြစ်၍ စာအသင်အပြလည်းကောင်းလှသည်။ သို့သော် ထိုခေတ်အချိန်က ကုန်ဈေးနှုန်းက တော်ရုံအလုပ်အကိုင်ရှိသူထမင်းဝလင်ရန်အလွန်ခက်လှသည်ဖြစ်ရာ သူတို့မပြေလည်ကြပါ။ ဦးလူသာကလည်း ငယ်ငယ်က စက်ယန္တယားမောင်းသူ ဆိုသော်လည်း ယခုလက်ရှိတွင် အလုပ်မရှိပါ။ဦးလူသာ၏ မိန်းမကတော့ ဈေးထွက်ရောင်းသည်။သူ ရောင်းလို့ရသည့်ငွေကလေးဖြင့်လင်မယားနှစ်ယောက် မလောက်မငသော်လည်း ထမင်းတော့စား၍ ဖြစ်ပုံရသည်။ မရသည်က ကျွန်တော့်သူငယ်ချင်းဖြစ်သည်။ အလုပ်သာမကောင်းတာ ခလေးက တစ်နှစ်တစ်ယောက်မွေးသည်။ ခလေးတွေ များလာတော့ ဘယ်လိုမှမလောက်ငနိုင်တော့။ တစ်ခါတစ်ရံကျွန်တော်ရောက်သွားသည့်အခါ တစ်အိမ်သားလုံးဖျားနာ နေကြပြီး ဆေးလည်းမကုသနိုင်။ ဆေးလည်းဝယ်မသောက်နိုင်ပဲ အိပ်ယာထဲလဲနေကြသည်ကိုပင်ကြုံဖူးသည်။

ကျွန်တော့်မှာပါလာသည့် ငွေဖြင့် လက်ဘက်ရည်ဝယ၊်မုန့်ဝယ်၊ဆေးဝယ်ပြီး ကျွေးမှ၊တိုက်မှ အားလုံးထလာရသည့် အဖြစ်မျိုးလည်းမကြာခဏကြုံရသည်။ဦးလူသာမှာ သူ့သားကိုချစ်လည်းချစ်သည်။စိတ်လည်းကုန်လာသည်။ ကျန်တဲ့ ပေ ၄၀ ၊၆၀ အိမ်ကို ထက်ခြမ်းခွဲ၍ တစ်ဝက်ခွဲပေးသည်။ ကျန်တစ်ဝက်ကို ဦးလူသာကရောင်းချကာ ဈေးသက်သာသည့်မြိုံ့ လည်နှင့်ဝေးသည့်နေရာတစ်ခုတွင်ခြံတစ်ခုဝယ်၍ နေသည်။ ပိုသည့်ငွေကို နို့စားနွားမ နှစ်ကောင်ဝယ်မွေးသည်။ နွားကသိပ် အခြေအနေမကောင်းတော့ ဥစားကြက်ဝယ်မွေးသည်။ သူတို့လင်မယားနှစ်ယောက်စာအတွက် အေးအေးဆေးဆေး အဆင်ပြေသည်။ သို့သော် ဦးလူသာ၏မြေး၊ ကျွန်တော့်သူငယ်ချင်း၏သားက ခဏခဏရောက်လာပြီး သူ့အဖေနှင့်ညီ၊ ညီမလေးများငတ်နေပါကြောင်းသတင်းပို့သည်။ မိဘဆိုတော့ သားသမီးငတ်နေသည်ကိုမကြည့်ရက်တော့ ရှိတာလေးထုတ် ပေးရပြန်သည်။ကြာတော့ ဥစားကြက်ခြံလေးလည်း ပြုတ်သည်။

ဦးလူသာ နေသည့်အိမ်နှင့် အိမ်နီးနားတွင် ကျွန်တော့ ဇနီး၏ မိဘများနေသည်။ သူတို့လည်းမြို့စွန်သမားတွေပေါ့။ တစ်နေ့ ခရီးတွေဝေးကွာ အနေတွေကြာလာသည့်တစ်နေ့ ဦးလူသာဆုံးပြီဟူသော သတင်းကြားရသည်။ သူ့အမျိုးတွေ ရှိသည့် ရွာမှာသွားနေရင်း ယာတဲလေးထဲမှာတစ်ယောက်တည်း သေနေတာတဲ့။သိရသလောက် ဦးလူသာသည် ကျန်းမာ သူတစ်ယောက်ဖြစ်သည်။ သွေးတိုး၊ဆီးချိုကြားမှပင်မကြားဖူးခဲ့။ လူကလည်း အဖိုးအိုရွတ်တွမဟုတ် ကျန်းမာသော လူတစ်ဦးအသွင်ရှိသူဖြစ်သည်။ ဦးလူသာဆုံးသည်ဆိုတော့ ကျွန်တော့မှမယုံနိုင်ပါ။ ဘာရောဂါလည်းဆိုတော့လည်း ဘယ် သူမှမပြောနိုင်။ ဦးလူသာသည် ကွန်မြူနစ်စိတ်ဓာတ်ရှိသူမျိုးဖြစ်သည်။ မှီခိုစရာလည်းမရှိ။ သူဘာသာလည်း လုပ်မစားနိုင် တော့သည့်အဆုံး မိမိကိုယ်ကိုယ်များ.ဘုရားဘုရား….မဖြစ်ပါစေနဲ့။

ဦးလူသာ ဆုံးသွားပြီဖြစ်ကြောင်း ကျွန်တော့အမျိုးသမီးကိုပြောပြလိုက်သည်။ အမျိုးသမီး၏စကားကြောင့် ကျွန်တော့မှ ကြက်သေသေ သွားရလေတော့သည်။

ယောကျာ်းကိုပြောရဦးမယ်။ဦးကြီးကလေ ကျမကိုပြောဖူးတယ်။ ဘယ်သူ့ကိုမှအားကိုးလို့မရတော့ဘူးဆိုရင် တောထဲ သွားပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေပြစ်လိုက်တော့မယ်လို့ပြောဖူးတယ်။တဲ့။

မှတ်ချက် ။ တကယ်ဖြစ်ခဲ့သည်။အမည်လွဲထားသည်။

မင်းစိုးနိုင်

MSC-010

Photo – Google

Sort:  

စိတ်​မ​ကောင်းစရာပါ....အသက်​အရွယ်​ကြီးချိန်​စိတ်​ဓာတ်​ကျတာလည်းပါတာ​နေမယ်​....

ဗုဒ္ဓဘာသာအရတော့ သေသည်အထိ တရားရှုမှတ်နိုင်သေးတော့ ဘဝကိုအချည်းနှီး မသေဆုံးစေချင်ပါဘူး။ ကွန်မြူနစ်အမြင်နဲ့ကြည့်ရင်တော့ ဘဝဆိုတာသေရင်ပြတ်ပြီ မသေခင် ဒုက္ခတွေခံမနေချင်တော့ဘူးပေါ့

သားသမီးအပူကလည်း ကြီးပါပေ့ တစ်ချို့ဆို ဘိုးဘွားရိပ်သာက လှုတန်းတဲ့မုန့် လေးတွေတောင်သိမ်းထားပြီး မြေးမြစ်တွေ ပြန်ပို့ ရတဲ့အထိ အနှောင်အဖွဲ့တွေရဲ့ ဒဏ်ကို ခံစားသွားရှာတယ်

သံယောဇဉ်အပူတွေက ကြီးပါတယ်ဦးဇင်းရေ

ဝမ်းနည်း အားငယ်တဲ့စိတ် လို့ပဲပြောရမလားပဲ ဆာမင်းစိုး အဲဒီစိတ်က တစ်ယောက်တည်း ဖြစ်နေလေ ပိုဆိုးလေပဲဗျ

တကယ်လည်းတစ်ယောက်တည်းဖြစ်သွားခဲ့ပါတယ်၊စိတ်ဓာတ်ပျော့သူတော့မဟုတ်ဘူးဗျ

ရှေးလူကြီးများ စိတ်ဓာတ်မာချက် ကွန်မြူနစ်စိတ်ဓာတ်ဆိုတော့ကာ ပြောဖွယ်မရှိ

ကွန်မြူနစ်စိတ်ရှိသူပေါ့နော် ။ပါတီဝင်တော့မဟုတ်ပါဘူး

ဖတ်‌ရတာ စိတ်‌မ‌ကောင်းစရာပါ ။

ပြန်ပြောပြတာ တစ်ချို့ကိုသံဝေဂယူစရာရှိမယ်ထင်လို့ပါ

သာမာန်ဘွဲ့လောက်နဲ့တော့ သာမာန်စာရေး အဆင့်လောက်ဘဲ ရမှာပါဘဲ ဒ ဿ နိက မေဂျာပေမဲ့လည်း ဂုဏ်ထူးတန်းဝင်အောင်ကြိုးစားခဲ့မယ်ဆိုရင်တော့ မဟာတန်းပြီးတာနဲ့ တက္ကသိုလ်ဆရာခေါ်လို့ ကံကောင်းထောက်မခဲ့ရင် ဆရာ ဖြစ်ကောင်းပါရဲ့

ဆရာဖြစ်လည်းအဲဒီအချိန်ကလစာက မစားလောက်ပါဘူး။ ကျွန်တော်ဆို လစာ ၁၂၅၀ ကျပ်နဲ့စခဲ့တာ ပထမတော့ သူ့ဈေးနှုန်းနဲ့သူလောက်သေးတယ်၊ နောက်ကျဘယ်လိုမှမလောက်လို့ ဝန်ထမ်းတစ်ဖက်နဲ့အလုပ်မျိုးစုံအောင်လုပ်စားခဲ့ရတယ်

ဘဝတူပါဘဲ ဦးမင်းရေ ဝန်ထမ်းလစာ မလောက်ငတော့ တဖက်တလမ်းကနေ ဝင်ငွေတိုးအောင် ရှာဖွေရပါတယ်

စိတ်ဓာတ်ကတော့ စံပါပဲဗျာ

အင်းချီးကြူးရမှာလား ပစ်တင်ရမှာလားတောင်မသိတော့ပါဘူး

သားသမီး မကောင်းတာ မိဘ သွန်သင်ဆုံးမမှု မတတ်ခဲ့တာလည်း ဖြစ်နိုင်ပါသည်။

ကျွန်တော်တို့ဖြတ်သန်းခဲ့ရတဲ့ အဲဒီနှစ်တွေမှာ ဘွဲ့ရပညာတတ်လူတစ်ယောက်ရဲ့ လစာကမိသားစုစားဝတ်နေရေးမဖြေရှင်းနိုင်ဘူးလေပြီးတော့ သားသမီးအများကြီးမယူဖို့အကြုံပြုတော့လည်း သူ့သဘာဝအတိုင်းကိုမတားဆီးမပိတ်ချင်ဘူးတဲ့

လူကြီး​တွေေ ပြာဘူးတယ်
လူ့ဘဝက ဘကုန်းနဲ့ဝလို့ တဲ့ ဗလချိုင့်​နဲ့ဝရင်​မလွယ်​တဲ့
လူ့ဘဝဇာတ်​ခုံ မှာ အမျိုး မျိုး ကြုံရပါတယ်​ဗျာ

အဲဒီခက်ခဲတဲ့ဘဝကို ကျွန်တော်လည်း မျိုးစုံကျင်လည်ပြီးဖြတ်သန်းခဲ့ရပါတယ်ဗျာ

စာလေးဖတ်ပြီးဝမ်းနည်းမိပါတယ်အကို။ဒါကြောင့် သားသမီးတွေအနေနဲ့ မိဘတွေမသေခင် ကျွေးမွေးကြပါ

ကိုယ်လည်းကြားတော့အရမ်းစိတ်မကောင်း ဖြစ်ခဲ့တယ်

Coin Marketplace

STEEM 0.25
TRX 0.11
JST 0.033
BTC 63036.79
ETH 3067.42
USDT 1.00
SBD 3.82