အလေးခိုးသောဈေးသည်နှင့် အဆစ်တောင်းသောဈေးဝယ်

in #myanmar7 years ago (edited)

အလေးခိုးသောဈေးသည်နှင့် အဆစ်တောင်းသောဈေးဝယ်
2018-01-20 05.54.16.png
ဘဝတွင် ထမင်းနှစ်နပ်မှန်မှန်စားနိုင်ရေးနှင့်အိုးနဲ့အိမ်နဲ့နေထိုင်နိုင်ရေးအတွက် နေဝင်မိုးချုပ်အလုပ်တွေလုပ်ကိုင် ခဲ့ပြီး ပင်စင်ယူခါနီးအရွယ် အသက် ၅၀ ကျော်ခြောက်ဆယ်အတွင်းသို့ရောက်ရှိလာသောအခါ လူတို့၏ထုံးစံအတိုင်း ဘာသာ တရားလုပ်ရန်အသိလေးများဝင်လာသည်။ အမှန်တကယ်တော့ တရားဘာဝနာအားထုတ်ကြသည်ဆိုသည်မှာ အသက်ငယ် ရွယ်လေကောင်းဖြစ်ပါသည်။ တကယ်တန်းတရားအားထုတ်သည်ဆိုတော့ ယခုသည်အရွယ်သည်ညောင်းညာ ကိုက်ခဲမှုတွေနှင့် ကြာကြာမထိုင်နိုင်တော့ ။ သို့နှင့် ဆရာမင်းကျော်ဝင်း၏ သေမည့်အချိန်နီးကပ်လာပြီ ပြင်ဆင်ပြီးပြီလား ဟူသော စာအုပ်ကလေးကို Ocean Center တွင်တွေ့၍ ဖတ်ရှုကြည့်ရန်ဝယ်လာခဲ့သည်။
2018-01-20 05.53.50.png
မိန်းမကတော့ စာအုပ်ခေါင်းစဉ်ကြည့်ပြီးကိုင်တောင်မကြည့်တော့ ကြောက်စရာကြီးနိမိတ်မရှိနမ မရှိဆိုပါ၏။ သည်နှစ်အတွင်း မိန်းမလည်းရောဂါထူပြီး ဟိုဆေးခန်းပြသည်ဆေးခန်းပြဆိုတော့ သူလည်းတရားတော့အားထုတ်ချင်ပုံရ၏။ တရားကိုဘယ်လိုထိုင်ရတာလည်းဘာညာနှင့်မေးလာသည်။ ကိုယ်လည်းသူကကိုင်မကြည့်ချင်သည့် ဆရာမင်းကျော်ဝင်း၏ စာ အုပ်ထဲမှာထုတ်နှုတ်၍ သင့်လျော်သလိုပြောပေးရပါ၏။
2018-01-20 05.53.23.png
`ဒီလိုမိန်းမရေ တရားထိုင်တယ်ဆိုပြီး တရားစခန်းတွေဝင်၊ ဘုန်းကြီးတွေ သီလရင်တွေဝတ်ပြီး တရားအားထုတ်မှ တရားလုပ်တာမှမဟုတ်ဘူးတဲ့ကွ၊အခုမင်းအနေနဲ့ဈေးရောင်းနေတာဆိုတော့ ဈေးရောင်းနေရင်းနဲ့တရားအားထုတ်လို့ရ တယ်ဆိုပဲကွ။’

`ဟုတ်လို့လား ဈေးရောင်းနေရင်းနဲ့ဘယ်လို တရားအားထုတ်လို့ရတာလည်းယောက်ျား’

`ဥပမာကွာ ဈေးရောင်းကြတဲ့သူတွေ တော်တော်များများက မုသားပြောတတ်ကြတယ်။ အချယ်အတွယ်မပြည့်တာ၊ အလေးခိုးတာစသည်ဖြင့် အကုသိုလ်တွေလုပ်တတ်ကြတယ်။တကယ်တော့ ဝိပဿနာတို့ဘာတို့အားထုတ်တယ်ဆိုတာ မလုပ်ခင်အနည်းဆုံးသီလလောက်တော့မြဲအောင်လုပ်ထားရတယ်။ သီလမမြဲပဲနဲ့တော့ စိတ္တဝိသုဒ္ဒိတောင်မဖြစ်တာ ဘယ်မှာ တရားရနိုင်ပါ့မလဲတဲ့’

`ဒါကတော့ ရှင်လည်းသိနေတာပဲလေ ဈေးဝယ်တဲ့သူတွေက မှန်မှန်ကန်ကန်ပြောဆိုရောင်းရင်လိမ်တယ်ထင်ပြီးမ လာကြတော့ဘူး။ အလေးမှန်မှန်ချိန်ပေးရင်အဆစ်ထည့်ပေးတဲ့ဆိုမှအမှန်ရတယ်ထင်ကြတာ၊ ကျုပ်လည်းမလိမ်ချင်ပါဘူး။ ဒါပေမယ့် အမှန်အတိုင်းလုပ်ရင်ဝယ်သူတွေဝင်မလာကြတော့ဘူး။’
2018-01-20 05.52.57.png
သူပြောတာလည်းမှန်သင့်သလောက်မှန်ပါသည်။ ဆီတစ်လီတာအပြည့်ပေးလျှင် ငါးဆယ့်ငါးကျပ်သားကျော်သော် လည်း ငါးဆယ်သားအတိ ရေသန့်ဗူးပုခုံးထိလောက်ပေးလျှင်မကြိုက် မပြည့်ဟုဆိုကာ အခြားဆိုင်သွားဝယ်သည်။ ဆန်တစ် ပြည် နို့ဆီဗူးရှစ်လုံးအကိုက်ပေးလျှင် လက်တစ်ဆုပ်ခန့်ထပ်ထည့်ပေးမှပြည့်သည်ထင်ကြ၏။အလေးကိုက်ချိန်ပေးလျှင် အသာပေးမှ၊ အဆစ်ထည့်ပေးမှကြိုက်လေသည်။ ပဲဆီတွင် ဟင်းရွက်ဆီအနည်းငယ်ရော၍ ရေသန့်ဗူးအပြည့်ထည့်ကာပဲဆီ ရောင်းရ၏။ ပြည်တောင်းကို လက်တစ်ဆုပ်စာလျော့၍ပြုလုပ်ပြီး ဝယ်သူကို လက်တစ်ဆုပ်စာပြန်ထည့်ပေးရ၏။ အလေးကို မပြည့်သည့်အလေးနှင့်ချိန်ပြီး ပြည့်အောင်ပြန်ပြီးအဆစ်ဆိုပြန်ထည့်ပေးရ၏။ဗုဒ္ဓဘာသာမြန်မာလူမျိုးဆိုသော်လည်းလိမ်ကြ ညာကြမှအရာရာအဆင်ချောမွေ့သလိုဖြစ်နေကြသည်။

`အေးတစ်ခုတော့ရှိတယ်ကွ ဘုရားဟောတရားတော့ရှိတယ်။စေတနာသာကံလို့ခေါ်တယ်တဲ့ ၊ အခြေအနေအရ လိမ်ရခိုးရတဲ့အခါမှာ သူတပါးနစ်နာသွားလည်းမတတ်နိုင်ဘူးဆိုတဲ့စိတ်မျိုးမထားပဲ၊ ငါ့ဖေါက်သည်တွေမနစ်နာစေရဘူးဆိုတဲ့ စိတ်စေတနာလေးထားပေးရင်လည်းကုသိုလ်စိတ်ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ လောဘ၊ဒေါသ၊ မောဟတွေလျော့ချပေး တာဟာ အလိုလိုအကုသိုလ်တွေလျော့နည်းစေလို့ သာမန်ပုထုစဉ်ကနေ၊ ကလျာဏပုထုစဉ်လောက်ဖြစ်သွားရင်တောင် အပါယ်တံခါးပိတ်တယ်လေ။ပြီးတော့ တရားရပုံခြင်းမတူတဲ့ ပုဂ္ဂိုလ် (၄) မျိုးရှိတယ်။

(၁) ဥဂ္ဂါဋိတညုပုဂ္ဂိုလ် (ပထမတန်းစားပုဂ္ဂိုလ်)

(၂) ဝိပဉ္စိတညုပုဂ္ဂိုလ် (ဒုတိယတန်းစားပုဂ္ဂိုလ်)

(၃) နေယျပုဂ္ဂိုလ် (တတိယတန်းစားပုဂ္ဂိုလ်)

(၄) ပဒပရမပုဂ္ဂိုလ် (စတုတ္ထတန်းစားပုဂ္ဂိုလ်)

အဲဒီ (၄)မျိုးမှာ ဥဂ္ဂါဋိတညုပုဂ္ဂိုလ် (ပထမတန်းစားပုဂ္ဂိုလ်)ဆိုတာ အဆင့်အမြင့်ဆုံးပုဂ္ဂိုလ်ဖြစ်ဖြစ်ပါတယ်။ သူက သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာဘုရားနဲ့ ကိုယ်တိုင်တွေ့ကြုံရတယ်။ ဘုရားက သူ့ကိုတရားဓမ္မဟောကြားတဲ့နေရာမှာ အကျဉ်းချုပ်လောက်ပဲ ဟောကြားပေးလိုက်ရုံနဲ့ တစ်ပြိုင်နက် ချက်ချင်းဥာဏ်ပွင့်သွားပြီး မဂ်ဖိုလ်ညာဏ် အဆင့်ဆင့်ရရှိကာ ရဟန္တာအဖြစ် ရောက်ရှိသွားသူဖြစ်ပါတယ်။ ဥဂ္ဂါဋိတညုပုဂ္ဂိုလ်လို ဥာဏ်အားထက်တဲ့ ပုဂ္ဂိုလ်မျိုးကတော့ ခုခေတ်မှာ မရှိပါဘူး။ နောက်ပွင့်မယ့် အရိမေတ္တယျ ဗုဒ္ဓဘုရားလက်ထက်ကျမှ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

ဝိပဉ္စိတညုပုဂ္ဂိုလ်ဆိုတာကတော့ ဒုတိယတန်းစားပုဂ္ဂိုလ် ဖြစ်ပါတယ်။ သူကလည်း သက်တော်ထင်ရှားဗုဒ္ဓမြတ်စွာ ဘုရားနဲ့ ကိုယ်တိုင်တွေ့ကြုံရတယ်။ သို့သော်လည်းဗုဒ္ဓမြတ်စွာဘုရားက တရားဓမ္မကို အကျဉ်းဟောကြားရုံနဲ့ မဂ်ဖိုလ် မရနိုင်ပါဘူး။ သူ့ကို အကျယ်ဟောပေးတော့မှ တဖြည်းဖြည်းတရားရတဲ့ သူမျိုးပါ။တရားကိုသဘောပေါက်သိနားလည်ပြီး တော့မှ မဂ်ဖိုလ်ညာဏ် အဆင့်ဆင့်ရရှိကာ ရဟန္တာအဖြစ် ရောက်ရှိသွားသူဖြစ်ပါတယ်။သူကလည်း နောက်ပွင့်မယ့် အရိမေတ္တယျ ဗုဒ္ဓဘုရားလက်ထက်ကျမှ ပေါ်ပေါက်လာမှာဖြစ်ပါတယ်။

နေယျ ပုဂ္ဂိုလ်ဆိုတာ တတိယတန်းစားပုဂ္ဂိုလ်ဖြစ်ပါတယ်။ နေယျပုဂ္ဂိုလ်ဟာ သက်တော်ထင်ရှား ဗုဒ္ဓမြတ်စွာဘုရားနဲ့ ကိုယ်တိုင်တွေ့ကြုံရင်ကြုံတွေ့မယ်။မတွေ့ကြုံရင်လည်း မတွေ့ကြုံဘူး။ ဗုဒ္ဓမြတ်စွာဘုရားနဲ့ကိုယ်တိုင်ကြုံတွေ့ရလို့ မြတ်စွာ ဘုရားက တရားဓမ္မကို အကျဉ်းဟောလည်း မဂ်ဖိုလ် မရနိုင်သလို အကျဉ်းဟောလည်း မဂ်ဖိုလ် မရနိုင်ပါဘူး။ ဗုဒ္ဓတရားဓမ္မတွေကို ကိုယ်တိုင်လေ့လာ ကျင့်ကြံအားထုတ်မယ်ဆိုရင်တော့ မဂ်ဖိုလ်ညာဏ် ရဟန္တာအဖြစ် ရောက်ရှိနိုင်သော် လည်း အပြင်းအထန်ကျိုးစားအားထုတ်ဖို့လိုပါတယ်။ တော်ရုံဥာဏ်ဝီရိယမျိုးနဲ့မရနိုင်ပါဘူး။ပြီးတော့နေယျပုဂ္ဂိုလ်တွေဟာ အသက်ကြီးမှအားထုတ်ရင်သောတာပတ္တိမဂ်ဖိုလ်လောက်ပဲရနိုင်ပါတယ်။

ပဒပရမပုဂ္ဂိုလ်ဆိုတာကတော့ စတုတ္ထတန်းစားပုဂ္ဂိုလ် ဖြစ်ပါတယ်။ အားလုံးထဲမှာအနိမ့်ဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။သူက ဗုဒ္ဓသာသနာနဲ့ကြုံတွေ့ရပေမဲ့လည်း ပရိယတ္တိရော ပဋိပတ္တိပါ ဘယ်လောက်ပဲသင်ယူကျင့်ကြံပွားများအားထုတ်ပေမဲ့ ဒီဘဝမှာ လုံးဝကိုမဂ်မရနိုင်ပါဘူး။ သို့သော်လည်း ပါရမီမျိုးစေ့တော့ရသွားပါလိမ့်မယ်။တရားဓမ္မနဲ့သေရင် နောက်ဘဝမှာ လူ၊ နတ်ဖြစ်ပြီးဘုရားသာသနာမှပဲ အကျွတ်တရားရနိုင်ပါတယ်။

အဲဒီပုဂ္ဂိုလ် (၄)ပါးမှ တို့ကအောက်ဆုံးအဆင့်မှာပဲရှိတော့ အကျွတ်တရားတော့မရနိုင်တော့ဘူး။ သို့သော်လည်း ကုသိုလ်တရားတွေများများလုပ်ပြီး အကုသိုလ်တွေ လျော့အောင်တတ်နိုင်သမျှလုပ်ကြရင်တော့ အပါယ်တံခါးလေးပိတ်ပြီ ဆိုရင် ဘဝက လုံခြုံသွားပြီပေါ့။ ဒါကြောင့် တို့တတွေရဲ့လက်ရှိဘဝမှာလုပ်ဆောင်နိုင်တာဆိုလို့ နိဗ္ဗာန်ရောက်ဖို့မရောက် ဖို့ထက် အပယ်တံခါးပိတ်ဖို့၊ ပြီးရင်သောတပန်မဖြစ်တောင် စူဠသောတပန်လို့ခေါ်တဲ့ ကလျာဏပုထုစဉ်လောက်ဖြစ်ရရင် ဘဝမှာ လူဖြစ်ရကျိုးနပ်ပြီပေါ့။ ဒီတော့ မလိုအပ်ပဲ အကုသိုလ်တွေမဖြစ်ရအောင် ကုသိုလ်တရားတွေပွားများ နေအောင် နေထိုင်သွားရုံနဲ့ ဘဝကအဖိုးတန်ပြီး ဗုဒ္ဓဘာသာဖြစ်ရကျိုးနပ်သွားပြီပေါ့မိန်းမရေ။’

`ဒါဆိုယောကျာ်းရေ ငါးပါးသီလလေးသတိထားပြီးထိန်းနိုင်ရင် အပါယ်တံခါးပိတ်နိုင်တာလား’

`အင်း…ဥပါသကာ၊ ဥပါသိကာတော့ဖြစ်ဖို့လိုတာပေါ့ မိန်းမရယ်’

`ဒါဆို ရှင်းပြပါဦး ဥပါသကာ၊ ဥပါသိကာဆိုတာကဘာကိုခေါ်တာလည်း’

`ဘုရား၊ တရား၊ သံဃာရတနာမြတ်သုံးပါးကို ရိုသေမြတ်နိုးစွာ ဆည်းကပ်ကိုးကွယ်သော လူပုဂ္ဂိုလ်ကို ဥပါသကာ ၊ ဥပါသိကာလို့ ခေါ်ပါတယ်။ အမျိုးသားဆိုရင် ဥပါသကာလို့ခေါ်ပြီး အမျိုးသမီးကိုတော့ ဥပါသိကာလို့ခေါ်ပါတယ်။ တစ်ခုတော့ရှိတယ် ရတနာသုံးပါးကို နက်ရှိုင်းစွာကိုးကွယ်သူဖြစ်ဖို့တော့လိုပါတယ်။ မိမိရဲ့အသက်နဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ ရတနာသုံးပါးအားပေးလှူထားခြင်း၊ `ရတနာသုံးပါးရဲ့ တပည့်သားအဖြစ် စွဲမှတ်ခံယူခြင်း၊ အစရှိတဲ့ နည်းလမ်းတွေနဲ့ ဆည်းကပ်မှသာ နက်ရှိုင်းစွာကိုးကွယ်တယ် လို့ခေါ်ပါတယ်။ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်တဲ့ ဥပါသကာ၊ ဥပါသိကာတစ်ယောက်ဟာ အနည်းဆုံး ငါးပါးသီလနဲ့ ပြည့်စုံရပါမယ်။ အခါအားလျော်စွာ (၈)ပါးသီလ၊ (၉)ပါးသီလတွေနဲ့ ဥပုသ်သီတင်း ဆောက်တည်ခြင်းတွေကိုလည်း ပြုလုပ်ပေးရပါမယ်။ သဒ္ဒါတရားနဲ့ပြည့်စုံရမယ့်အပြင် ကံ၊ ကံ၏အကျိုးကိုယုံကြည်ရမယ်။လောကီအထူးအဆန်း မင်္ဂလာ တွေကို ယုံကြည်လက်ခံခြင်းမပြုရသလို အယူပျက်တဲ့ သာသနာပအလှူခံပုဂ္ဂိုလ်တို့ကိုလည်း အရိုအသေမပြုရ မလှူဒါန်းရ ပါဘူး။

ဥပါသကာ၊ ဥပါသိကာတစ်ယောက်အနေနဲ့ ရှောင်သင့်တာတွေလည်းရှိပါတယ်။ အထူးသဖြင့်စီးပွားဥစ္စာရှာဖွေ တဲ့နေရာမှာ အပြစ်ကင်းစင်ဖို့လိုပါတယ်။ ကာယဒုစရိုက်မှု၊ ဝစီဒုစရိုက်မှုတွေကို ကျူးလွန်ပြီးရရှိလာတဲ့ ပစ္စည်းဥစ္စာတွေနဲ့ အသက်မွေးဝမ်းကြောင်း မပြုရဘူး။ လက်နက်အရောင်းအဝယ်လုပ်ခြင်း၊ လူကုန်ကူးခြင်း၊ အသားငါးရောင်းဝယ်ခြင်း၊ မူးယစ်သေရည်ရောင်းဝယ်ခြင်း၊ အဆိပ်ပစ္စည်းများရောင်းဝယ်ခြင်းတို့ကိုလုံးဝရှောင်ရှားရမယ်လို့ဆိုထားတယ် မိန်းမရေ’

`အင်း…ဒါဆို အခုမိန်းမလည်း ဈေးရောင်းတဲ့နေရာမှာ ကိုယ့်ဆီလာဝယ်တဲ့သူတွေကို မကောင်းတဲ့ပစ္စည်းမရောင်း နိုင်အောင်၊ ဈေးမတန်တဆများမသွားရအောင်၊ မီးဖိုချောင်ထဲရောက်တဲ့အထိအဆင်ပြေရအောင်လုပ်ပေးနေတာ အဲတာ ကုသိုလ်ရလား’

`ရပြီလားမိန်းမရယ်…အဲတာကိုကုသိုလ်လည်းရဝမ်းလည်းဝလို့တောင်ခေါ်လို့ရတယ်’

`မိန်းမကတော့ အဲလိုသိလို့တော့မဟုတ်ပါဘူး။ အိမ်ရှင်မခြင်းကိုယ်ချင်းစာမိတာရယ်။ ဖေါက်သည်ကို ကိုယ့်ဆီလာ ဝယ်ချင်အောင်ဆွဲဆောင်ဖို့ရယ်လုပ်နေတာပါ..’

`ဘယ်လိုပဲဖြစ်ဖြစ်ပေါ့မိန်းမရယ်။ စေတနာလေးတစ်ခုထပ်ပေါင်းပြီး ကံနဲ့ ကံရဲ့အကျိုးကိုယုံကြည်ထား ငါမကောင်း တာလုပ်မိရင်ငါခံရမယ်။ငါကောင်းတာလုပ်မိရင် ငါကောင်းကျိုးခံစားရမယ်လို့စွဲစွဲမြဲမြဲယုံရင် ဘုရားရဲ့တရားကိုယုံကြည်တာပဲ ဘုရား၊တရား၊သံဃာကိုနှစ်နှစ်ကာကာယုံကြည်တယ်ဆိုရင် သရဏဂုံတည်တဲ့အတွက် ဥပါသိကာမကြီးဖြစ်ပြီပေါ့ မိန်းမရဲ့။ ’

`ဥပါသိကာမကြီးဖြစ်ရင် အပါယ်မလားတော့ဘူးလားယောက်ျား’

`သူကစူဠသောတပန်အဆင့်ပဲမိန်းမရယ်၊ ဘယ်လိုမှအပါယ်မလားနိုင်တော့ဘူး၊ နောက်ဘဝတွေမှာ နတ်ပြည် လူ့ပြည်စတဲ့ကောင်းတဲ့ဘုံဘဝတွေမှာဆက်တိုက်နေကြရမှာဖြစ်ပြီးတော့ သောတပန်၊ အနာဂါမ်၊ သကဒါဂါမ် အဆင့်ဆင့် တက်လှမ်းပြီး အရဟတ္တဖိုလ်အထိဆိုရောက်လို့ နိဗ္ဗာန်အထိဆိုက်သွားပြီးအကျွတ်တရားရသွားနိုင်ပါတယ်။’

`ဒီလိုဆိုတော့လည်း အပန်းမကြီးပါဘူး ယောကျာ်း ဘုရား၊တရား၊သံဃာကိုစွဲစွဲမြဲယုံကြည်ဖို့နဲ့ ကံနဲ့ကံရဲ့ အကျိုးကိုစွဲစွဲ မြဲမြဲယုံကြည်ဖို့ရောဘယ် လိုတွေလုပ်ရသေးလဲ…’

`တတ်နိုင်သ၍ လေ့လာရင်လေ့ကျင့်ရင်ကံနဲ့ကံရဲ့အကျိုးကိုနားလည်လာလိမ့်မယ်။ကံနဲ့ကံရဲ့အကျိုးကိုယုံကြည်ရင်ပဲ ဘုရား၊တရား၊သံဃာကိုပိုယုံကြည်၊ လာမှပဲပေါ့။ ပြီးတော့ ကိုယ့်စိတ်ကို ဘုရား၊တရား၊သံဃာကိုနှစ်ပြီနေ့စဉ်ဒါန၊ သီလ၊ ဘာဝနာအလုပ်တွေလုပ်သွားရင် ဒီဘဝမှာ ဘာမဂ်တစ်ခုမှမရပဲနှင်တောင်မှ အပယ်မလားနိုင်တော့ဘူး။ ’

`ကောင်းလိုက်တာယောက်ျားရယ် အဲဒီစာအုပ်က ကြောက်စရာကောင်းတယ်လိုထင်ခဲ့တာမှားမှန်းသိပါပြီ၊ ခုတောင် ဘဝအပေါ်မှာရှင်းရှင်းလင်းလင်းဖြစ်လာသလိုပဲ’

`ဟုတ်တယ်မိန်းမရေ စာတစ်လုံးဘုရားတစ်ဆူလို့ အချို့တင်စားပြောကြတယ်ဆိုတာ အလကားတော့မဟုတ် လောက်ဖူး……..

မင်းစိုးနိုင်

MSC- 010

Photo - Google

Sort:  

သာဓုဗျာ ။ ကိုမင်းစိုးနိုင် ဆက်လက်အားထုတ်နိုင်ပါစေ။

တရားတာတွေလုပ်နေရင် တရားအားထုတ်တယ်လို့ခေါ်ကြမယ်ပေါ့ဗျာ

ရေးသူရောဖတ်သူပါကောင်းကျိုးဖြစ်ထွန်းစေတဲ့ post လေးပါ အူးမင်းရေ

ဘာသာ​ရေးနဲ့ပတ်​သတ်​ပြီးအသိတရားများရရှိပါတယ်​ရှင်​။

ခုလိုပြောလို့ကျေးဇူးပါ

ဂရိတ်လား

ခေါင်းစဉ်ကိုက အသေကြိုက်တာ

ကိုယ်တိုင်ကဈေးရောင်းနေတော့ လေ ကုသိုလ်ရအောင်ရောင်နိုင်အောင် ပြောရတာ

မည်သူပဲဖြစ်ဖြစ် မှန်မှန်ကန်ကန်လုပ်တာအကောင်းဆုံးပါ

ဟုတ်တယ် ဘာသာတရားတိုင်းလည်း ကောင်းတာလုပ်ဖို့ဟောမှာပဲ

အစ်ကိုကြီးတို့လင်မယားတော့အားကျပြီလေ...

အားကျရင်တော့ အတုယူပေတော့

အတုယူစရာမိန်းမအရင်ရှာလိုက်အုံးမယ် ဟိဟိ

ဒီလိုပိုစ့်​ မျိုး ဖတ်​ချင်​တာ

အားမနာပါနဲ့ဖတ်သာဖတ်

ကောင်းပါတယ်ရှင့်

ဘာသာရေးဗဟုသုတာတွေရပါတယ်
ကျေးဇူးတင်ပါတယ်ဗျာ

သိသလောက်မြင်သလောက်ရေးကြည့်တာပါ။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.026
BTC 56989.27
ETH 2425.90
USDT 1.00
SBD 2.39