ဆရာတစ်ယောက်၏ ကောက်ကြောင်းများ

in #myanmar7 years ago

FB_IMG_1484498227222-picsay.jpg

ဆရာတစ်ယောက်၏ ကောက်ကြောင်းများ
❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇❇

ကျွန်တော် ကလေးတွေကို စာသင်ပေးတဲ့ ဆရာတစ်ယောက်ပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် အခြားသူ တစ်စုံတစ်ယောက်ကို စိတ်ရှည်သည်းခံပေးပြီး သင်ကြားပေးရတဲ့အလုပ်ကို သိပ်ပြီး စိတ်မရှည်ချင်ပါဘူး။ ဒါပေမယ့် အခြားတစ်ဖက်ကလည်း ကိုယ်သိထားတဲ့ အကြောင်းအရာတစ်ခု၊ ကိုယ်တတ်ကျွမ်းထားတဲ့ ပညာရပ်တစ်ခုကို အခြားသူတွေကို ပြန်လည်မျှဝေရတဲ့ အလုပ်ကို လေးစားမိသလို၊ အားကျခဲ့မိပါတယ်။ ဒီစိတ်အခြေခံကြောင့်ပဲ ဆရာတစ်ယောက် ဖြစ်လာတယ်လို့ ယူဆမိပါတယ်။ တခြားသော ရည်မှန်းချက်၊ ရည်ရွယ်ချက်များထက်စာရင် ကိုယ်သိထားတာတွေ အခြားသူ သိသွားစေချင်တဲ့ စိတ်ဆန္ဒတစ်ခုတည်းပါပဲ။

ကျွန်တော် ငယ်ရွယ်စဉ်က အခြားဘာသာရပ်တွေထက်စာရင် အင်္ဂလိပ်စာကို ပိုပြီးစိတ်ဝင်စားခဲ့ပါတယ်။ ဒုတိယအနေနဲ့ သချာင်္ကို စိတ်ဝင်စားပါတယ်။ ကျက်ပြီးဖြေရတဲ့ အကြောင်းအရာတွေထက် တွေးပြီးဖြေရတာကို ပိုပြီးနှစ်သက်ခဲ့ပါတယ်။ ကျွန်တော် ဥာဏ်မကောင်းခဲ့တာလည်း ပါမှာပါ။ မိဘတွေက စာတွေ အလွတ်ကျက်ခိုင်း၊ အလွတ်ဆိုခိုင်း၊ အလွတ်ရေးခိုင်းခဲ့တဲ့ အချိန်တွေမှာ စာတွေကို ၏၊သည်မရွေး မှန်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ ကျောင်းက ဆရာ၊ဆရာမတွေကလည်း ထိုနည်းလည်းကောင်းပါပဲ။ ဆရာကြီး ဦးအောင်သင်း ပြောခဲ့သလိုပါပဲ။ ကျက်ကျူဂေးရှင်းနဲ့ အဓိက ဖြတ်သန်းလာခဲ့ရပါတယ်။ စာတွေကို စာအုပ်မကြည့်ဘဲ အလွတ်ဆိုနိုင်အောင် လေ့ကျင့်ခဲ့ရပါတယ်။ မိဘတွေ၊ ဆရာ၊ဆရာမတွေရဲ့ ချီးကျူးခြင်းကိုလည်း ခံခဲ့ရပါတယ်။ သိပ်တော်တာပဲ ဆိုပဲ။

ကျွန်တော့်အစ်ကိုက ကျွန်တော့်ထက် ဥာဏ်ပိုကောင်းပါတယ်။ ဒါပေမယ့် အစ်ကိုက ကျွန်တော့်လို အလွတ်ကျက်တာနည်းပါတယ်။ စာတစ်ပုဒ်ကို နားလည်အောင်ဖတ်ပြီး သူနားလည်သလို ပြန်ရေးတာ များပါတယ်။ သူ့ကျတော့ ဆရာ၊ဆရာမတွေက ဥာဏ်ကောင်းပြီး မကြိုးစားတာလို့ ပြောကြပါတယ်။ အကျင့်ကလည်း စိတ်ကြမ်း၊လူကြမ်းပါ။ ဆရာ၊ဆရာမတွေကလည်း ကျွန်တော့်ထက် သူ့ကို ပိုပြီးချစ်ကြပါတယ်။ ငယ်ငယ်ကတော့ ဘာလို့ သူ့ကို ပိုချစ်ကြတာလဲဆိုတာ စဉ်းစားမရခဲ့ပါဘူး။ အခု ဆရာတစ်ယောက်ဘဝရောက်တော့မှ သဘောပေါက်လာပါတယ်။ စေတနာထားတဲ့ ဆရာတွေရဲ့ စိတ် ဘယ်လောက် ဦးနှောက်ခြောက်ရတယ်၊ ဘယ်လောက် စိတ်ရှုပ်ရတယ်ဆိုတာ ကိုယ်တွေ့မဟုတ်ရင် ခံစားကြည့်လို့ မရနိုင်ပါ။ ဒါပေမယ့် အစ်ကိုက ဆရာ၊ဆရာမတွေ ချစ်အောင်တော့ နေတတ်ပါတယ်။ ခုချိန်ထိလည်း ကျွန်တော်နဲ့ ဆရာ၊ဆရာမတွေ လမ်းမှာတွေ့ရင် အစ်ကိုအကြောင်းကို တကူးတက မေးလေ့ရှိပါတယ်။

အခုလည်း ကျွန်တော် ဆရာတစ်ယောက် ဖြစ်လာချိန်မှာ ပြောရဆိုရခက်တဲ့ ကျောင်းသူ၊ကျောင်းသားဆိုရင် ထူးထူးခြားခြား မှတ်မိနေပါတယ်။ သူတို့အကြောင်း တကူးတက မေးဖြစ်လေ့ရှိပါတယ်။ ကိုယ့်လက်က လွတ်သွားပေမယ့် သူ့ဘဝ၊သူ့အခြေအနေ စိုးရိမ်ပေးနေဆဲပါပဲ။ တစ်ချို့သော ကျောင်းသား၊ကျောင်းသူတွေကတော့ အခုအချိန်ထိ ဆရာတွေအပေါ်မှာ အမြင်မကြည်လင်မှု ရှိနေဆဲပါပဲ။ လမ်းတွေ့ရင်တောင် နှုတ်ဆက်ရမှာဆိုးလို့ မမြင်ချင်ယောင် ဆောင်သွားလေ့ ရှိကြပါတယ်။ ဘယ်လိုပဲ ဖြစ်နေပါစေ၊ သူတို့ဘဝလေးတွေ အဆင်ပြေတယ်ဆိုရင်ပဲ ဝမ်းသာပါတယ်။ ဆရာရယ်လို့ အသိအမှတ်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေပါ။ ဆရာ လို့ ခေါ်လိုက်ပြီး နှုတ်ဆက်ရင်တော့ ပိုပြီးတော့ ဝမ်းသာရတာပေါ့ဗျာ။ ကလေးတွေအများစုကတော့ လမ်းမှာတွေ့ရင် နှုတ်ဆက်ကြပါတယ်။ လုပ်ငန်းတွေကိုယ်စီနဲ့ဆိုတော့ ဘယ်နေရာသွားသွား တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ တွေ့တာပါပဲ။ အဆင်ပြေနေတဲ့သူတွေကျတော့ မြင်ရ၊တွေ့ရ ပီတိဖြစ်ရတာပေါ့ဗျာ။ အဆင်မပြေသေးတဲ့သူတွေကျတော့လည်း အားပေးစကားလေးပြောပေးရတယ်။ နည်းမှန်လမ်းမှန်ကြိုးစားဖို့ တိုက်တွန်းပေးရတယ်။

တစ်ချို့သော ကလေးတွေကျတော့လည်း အိမ်ထောင်ရက်သားကျပြီး လူကြီးတွေ ဖြစ်နေကြပါပြီ။ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး အောင်မြင်နေကြသူတွေလည်း ရှိပါတယ်။ သူတို့တွေကျတော့ ထူးထူးခြားခြားအနေနဲ့ ကျွန်တော့်ကို တိုက်တွန်းလေ့ရှိတာကတော့ စာသင်ကြားခြင်းထက် အခြားဝင်ငွေပိုရတဲ့ လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်ဖို့ပါပဲ။ သူတို့ စေတနာကို အသိအမှတ်ပြုပေမယ့် ကျွန်တော် ကျွမ်းကျင်တာကလည်း စာသင်တာပဲ ရှိပါတယ်။ ကလေးတွေနဲ့ လုံးလားထွေးလား နေရတဲ့ဘဝကို အသားကျနေပါပြီ။ စာသင်ကြားခြင်း မလုပ်နိုင်တော့တဲ့ အသက်အရွယ်ကျရင်တော့ ဘာလုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တစ်ခုတော့ ရှိပါတယ်။

ဖတ်ရှုပေးသည့်အတွက် ကျေးဇူးပါ။

@mgmgkse
MSC-011

Sort:  

ဖတ်လို့ကောင်း

ကျေးဇူးပါ

ဆရာ့စာ​တွေမဖတ်​ရတာနည်းနည်းကြာပြီ...​ကျေးဇူးပါ..

ဟုတ် င်္ကျွန်တော်ကလည်း ကျေးဇူးပါခင်ဗျာ

ဆရာ့စာသားလေးတွေကောင်းပါတယ်

ဟုတ် ကျေးဇူးပါ

ဒီတစ်​ခါစာ​ရေးတာ ဆရာ့မိသားစုပုံ​လေး​တွေပါ, ပါလာပြီ​နော်​ ☺

တခြားပုံတွေသုံးတာ တမျိုးခံစားရလာလို့ပါ

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

ကိုယ်ချင်းစာပါတယ်ဆရာ။
ကျွန်တော်ကဆရာမဟုတ်ပေမယ့်ဆရာမယောက်ျားဆိုတော့😁

😱😱😱

ဆရာမောင်း ပျောက်နေပါလားလို့စ် ပြန်ပေါ်လာပြီ

ကလေးတွေကို အချိန်ပိုပေးဖြစ်နေလို့ပါ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63438.65
ETH 2632.46
USDT 1.00
SBD 2.75