Lottery Seller and Me
ဒီနေ့ ပျဉ်းမနားမြို့ကိုဘဏ်မှာပိုက်ဆံထုတ်ဖို့သွားရင်း ပျဉ်းမနားရောက်ရင်စားနေကျ ဝိုင်းဝိုင်းလည်မှာ မုန့်ဟင်းခါးဝင်စားကြတယ်။ အဲဒီမှာ အဘတစ်ယောက် အသက် ၇၀ခန်တော်ရှိပြီထင့်၊ အဝတ်အစားခပ်နွမ်းနွမ်းနဲ့ စက်ဘီးလေးစီးလို့ မသိမသာနောက်ကလိုက်လာတာတွေ့တယ်။ စိတ်ထဲမယ်တော့တစ်ခုခုပဲလို့စဉ်းစားလိုက်မိတယ်။ မုန့်ဟင်းခါးစားဖို့ မှာပြီးစားပွဲမှာဝင်ထိုင်လိုက်တော့ မရဲတရဲနဲ့အနားလာပြီး ထီထိုးပါဦးလားတဲ့။ ခက်တာ ကျွန်မထီထိုးလေ့မရှိ၊ သို့ပေမဲ့လဲ အသက်ကြီးသူကို ကူညီရာရောက်ပါတယ်လေတော့စဉ်းစားမိတယ်။ ငါးစောင်တွဲလေးတွေ သူတွဲထားတယ်။ ပထမတော့ ငြင်းလိုက်သေးတယ်၊အဘ ကျွန်မထီထိုးလေ့မရှိဘူး။ ဒီတံဆိပ်ကဟာတွေလဲ ဘယ်တော့မှ ပေါက်တယ်မကြားဖူးဘူးပေါ့။ ဒီတော့သူက သမီးဒါကမှ ကောင်းတာဘာညာပေါ့။ အင်း အသက်ကြီးသူအားပေးကောင်းပါတယ်လေ အတွေးကပြန်ဝင်လာတယ်။ ဒါဆိုဘယ်လောက်လဲဆိုတော့ 3500 တဲ့။ အမလေး အဘရယ် ကျွန်မ မထိုးနိုင်ပါဘူး ဒါလောက်ပိုက်ဆံကို။ ထိုးနိုင်ပါတယ် သမီးရဲ့ တဲ့ ။ အင်း ငါးစောင်လုံးတော့မဖြစ်ဘူးအဘ။ ကျွန်မကလဲ ၁၀၉ ၁၁၀ ဖြစ်နေတယ်လေ။ နှစ်စောင်တော့ အဘကိုအားပေးလိုက်မယ်နော်။ ထီက ထိုးလဲမထိုးတော့ နားမလည်ဘူး။ရလား ဆိုတော့ သူကဖြုတ်ပေးရှာတယ်။ မဖြုတ်ခင်သမီး ရွေးဦးလေတဲ့။ အာ မသိဘူး အဘစိတ်တိုင်းကျသာဖြုတ်ပေးပါဆိုတော့ သူခဏရွေးနေရင်း ဒါလေးထဲကရွေးတဲ့။ နံပါတ်တစ်ခု ၄နဲ့စတာတော့မှတ်မိတယ်။ ဟုတ်ကဲ့ဆိုပြီး ကျွန်မနှစ်စောင်ရွေးလိုက်တယ်။ စာအုပ်မှာသေချာမှတ်ပေးပြီး ဆုတွေအကြိမ်ကြိမ်တောင်းကာ ပြန်ထွက်သွားပါတယ်။
တစ်ချိန်ထဲမှာပဲ ကလေးလေးနှစယောက်ရောက်လာတယ်။ အငယ်လေးကအသွက်ကလေး၊ အသက်ရှိလှမှ ၃နှစ်ခွဲလောက်၊ သမီးကိုမုန်ဖို့လေးပေးပါဦးရှင့်လို့ဆိုပြီး လှစ်ခနဲ ဟိုဘက်ကရောက်သွားတယ်။
ဒီအဖြစ်အပျက်ကနေ သင်ခန်းစာရလိုက်တာတော့ သက်ကြီးရွယ်အိုနဲ့ကလေးငယ်တွေတောင်မှပဲ အသက်ရှင်ရပ်တည်ဖို့ ကြိုးစားနေရပါလား၊ ဟိုရွာထိပ်က ကာလသားတို့ ဒါလေးကိုသိရင်ဖြင့် vinyl အဝိုင်ရောင်အောက်က အဖြူအဝါ ပြုစားရာကလွတ်မြောက်နိုင်ကောင်းပါရဲ့လို့ထင်မိတယ်။ တို့မြန်မာလဲတစ်နည်း အကျိုးရှိမယ်လို့ထင်မိတယ်။