ပိတောက်ရာဇဝင်

in #myanmar6 years ago

imageမိုးဦးဝင်စမှာ တစ်ဖြိုက်နှစ်ဖြိုက်ရွာသွန်းလိုက်တဲ့ မိုးရေစက်တွေနဲ့မြေမှုန့်လေးတွေပေါင်စပ်ပီးဖြစ်ပေါ်လာတဲ့ မြေသင်းနံ့လေးတွေကို ရှူရှိုက်မိတဲ့သူတိုင်းဟာ ဘယ်သူ့ကိုဘယ်နေရာကိုဆိုတာအမည်တပ်လို့မရပေမယ့် လွမ်းမိတဲ့ခံစားချက်ကိုခံစားရတယ်လို့ ပြောတတ်ကြတယ်။ကိုယ့်အဖေနဲ့ကိုယ်တစ်ခါတုန်းကစကားပြောကြရင်း ဘယ်ကဘယ်လိုအကြောင်းတိုက်ဆိုင်သွားလည်းဆိုတာတော့မမှတ်မိတော့ပေမယ့် "မိုးဦးကျစမှာရတဲ့မြေသင်းနံ့ကိုရရင် ကျွဲတွေနွားတွေတောင် သူတို့ရဲ့ချည်တိုင်ကိုသတိရတတ်ကြတယ်သမီးရဲ့" ဆိုတဲ့ကိုယ့်အဖေရဲ့စကားကို တိုက်ဆိုင်တိုင်းသတိရမိတတ်ခဲ့တယ်။

မိုးရာသီမှာမွေးတဲ့ကိုယ်က မိုးရာသီမှာရတဲ့မြေသင်းနံ့ကိုနှစ်သက်တယ်ဆိုတာထက် ထူးခြားပီးတော့မခံစားတတ်ခဲ့ပေမယ့် နွေဦးမှာတိုက်တတ်တဲ့လေပွေလေးတွေနဲ့ လေရူးကြောင့်ကြွေကြတတ်တဲ့ သစ်ရွက်လေးတွေကိုကြည့်ရင်း လွမ်းသလိုဆွေးသလိုဖြစ်လာတဲ့ ခံစားချက်ကိုပိုသဘောကျမိတယ်။လေရူးကြောင့်ကြွေကြနေတဲ့သစ်ရွက်ကလေးတွေကိုကြည့်ရင်း တစ်ချက်တစ်ချက်ကြေကြေကွဲကွဲအော်တတ်တဲ့ ဥသြငှက်ကလေးကို တွေ့လိုတွေ့ငြားရှာကြည့်မိခဲ့ဘူးတယ်။

မိုးရွာတာကိုမနှစ်သက်တဲ့ကိုယ်က သင်္ကြန်နားနီးရင်ရွာတတ်တဲ့ သင်္ကြန်မိုးကိုတော့လှိုက်လှိုက်လှဲလှဲမျှော်မိတတ်တယ်။သင်္ကြန်မိုးရွာမှ ပိတောက်တွေပွင့်မှာမဟုတ်လား။

သင်္ကြန်မိုးရွာတာနောက်ကျလို့ ပိတောက်တွေပွင့်တာနောက်ကျရင် သင်္ကြန်ဟာနစ်ခုခုလိုနေတယ်လို့ကိုယ်ထင်မိတယ်။သင်္ကြန်နဲ့ပိတောက်ကို အတူတူတွဲပီးမြင်ချင်တဲ့ကိုယ့်ဆန္ဒကို ဟိုးကလေးဘဝထဲကနေခုချိန်ထိမပြောင်းလဲခဲ့ပါဘူး။သင်္ကြန်ရောက်တိုင်း ပိတောက်ပန်းလာပေးမယ့်သူတစ်ယောက်ကိုတော့ ယောင်ယမ်းပီးမျှော်တတ်ခဲ့သည်ပေါ့။

သင်္ကြန်နားနီးတဲ့အချိန်အထိ သင်္ကြန်မိုးမရွာသေးရင်ပွစိပွစိနဲ့ တစ်ဗျစ်တောက်တောက်မိုးကိုမြည်တမ်းနေတတ်တဲ့ကိုယ့်ကို သင်္ကြန်ရောက်လို့ပိတောက်ပန်းပွင့်ရင်ကျေနပ်တယ်မဟုတ်လားလို့မေးပီး သင်္ကြန်ရောက်ဖို့သုံးလေးရက်လောက်ကစပီး ကိုယ်တို့ခြံထောင့်ကပိတောက်ပင်ကြီးကို နေ့တိုင်းရေလာလောင်းပေးတတ်တဲ့သူတစ်ယောက် ကိုယ့်ဘဝမှာရှိခဲ့တုန်းကတော့ သင်္ကြန်နဲ့ပိတောက်က အဓိပ္ပါယ်အပြည့်နဲ့ပါ။

ကိုယ့်ရဲ့လိုဘက်ကိုအမြဲတမ်းဖြည့်ဆည်းပေးတတ်တဲ့ ကိုယ့်ရဲ့အိမ်နီးချင်းငယ်သူငယ်ချင်းလေးတစ်ယောက်ကြောင့် သင်္ကြန်မှာပိတောက်ပန်းပန်ခဲ့ရတဲ့နှစ်တွေကြာလာတာနဲ့အမျှ ပိတောက်ပန်းအပေါ်ထားတဲ့ ကိုယ့်ရဲ့စွဲလမ်းမှုကလည်း တစ်ဖြည်းဖြည်းနဲ့ နက်ရှိုင်းလာခဲ့တယ်။သင်္ကြန်ရယ် ပိတောက်ရယ် ကိုယ်ရယ် ကိုယ့်သူငယ်ချင်းလေးရယ် ဘယ်တော့မှမခွဲပဲရှိနေခဲ့မယ်လို့ကိုယ်ထင်ခဲ့မိပေမယ့် တတိယလူတစ်ယောက် ကိုယ်တို့ဘဝထဲကိုဝင်လာတဲ့အချိန်မှာတော့ ပိတောက်ဆိုတာ မုန်းစရာတစ်ခုဖြစ်လာလိမ့်မယ်လို့ ကိုယ်မထင်ခဲ့မိဘူးကွယ်။

ကျောင်းပီးလို့ဘွဲ့ယူပီးတဲ့အချိန်မှာတော့ ကိုယ်ကမြို့လေးမှာကျန်ခဲ့ပီး ကိုယ့်သူငယ်ချင်းလေးကတော့ ရန်ကုန်မှာသင်တန်းတွေတက်မယ်ဆိုပီးထွက်သွားလေရဲ့။အမြဲတမ်းစားအတူသွားအတူနေလာခဲ့တဲ့ ကိုယ့်သူငယ်ချင်းလေးကို သူမရှိတဲ့နေ့ရက်တွေမှာ တစ်နေ့မှမေ့မရခဲ့ပါဘူး။

သင်္ကြန်မတိုင်ခင်တော့ ရောက်အောင်ပြန်လာခဲ့ပါဟာလို့ မျက်ရည်အဝိုင်းသားနဲ့ကိုယ်ပြောတော့ စိတ်ချရောက်အောင်ငါပြန်လာခဲ့မယ်လို့ကတိပေးခဲ့တဲ့ ကိုယ့်သူငယ်ချင်းလေးက သူ့ကတိအတိုင်းမြို့ကိုပြန်လာတဲ့အချိန်မှာတော့ သူတစ်ယောက်တည်းမဟုတ်ခဲ့ဘဲ သူနဲ့အတူရန်ကုန်ကသူ့ သူငယ်ချင်းတွေလည်းပါလာခဲ့တယ်။သူနဲ့အတူပါလာတဲ့သူ့ရဲ့သူငယ်ချင်းတွေကို ကိုယ်မနှစ်မြို့ခဲ့ပါဘူး အထူးသဖြင့်မျက်လုံးတွေနှုတ်ခမ်းတွေမှာ အမြဲတမ်းဆေးရောင်စုံဆိုးထားတတ်တဲ့ ခပ်သွက်သွက်ကောင်မလေးကိုပေါ့။

တို့မြို့ကသင်္ကြန်ကပျော်စရာကောင်းလွန်းလို့ ငါ့သူငယ်ချင်းတွေကိုကြွားဖို့ခေါ်လာခဲ့တယ်ဆိုတဲ့ သူ့ရဲ့စကားကိုကြားပီးနောက်ပိုင်းထဲက ဒီနှစ်သင်္ကြန်ကတော့ပျော်စရာကောင်းမှာမဟုတ်တော့ပါဘူးလို့ ပြန်ပြောမိတော့ စိတ်ကောက်ပီးမနာလိုဖြစ်ရအောင် နင်ကကလေးလေးမဟုတ်တော့ဘူးနော်လို့ ကိုယ့်ကိုပြောရင်းကိုယ့်ခေါင်းကိုပုတ်တဲ့အချိန်မှာတော့ ထူးဆန်းစွာကိုယ့်အပျော်တွေ ပျောက်ဆုံးနေခဲ့မိပြီ။

သင်္ကြန်ရောက်တိုင်း ကိုယ့်အတွက်ပိတောက်ပန်းလေးတွေ မပျက်မကွက်လာပေးတတ်တဲ့ကိုယ့်သူငယ်ချင်းလေးက သင်္ကြန်အကြိုနေ့ညနေစောင်းသွားတဲ့အချိန်ထိ ကိုယ့်ရှေ့ကိုရောက်မလာတဲ့အချိန်မှာတော့ ကိုယ့်မျက်ဝန်းမှာမျက်ရည်ကြည်တွေခိုသီနေခဲ့ပီလေ။သင်္ကြန်အကျနေ့မနက်မှာတော့ ပိတောက်ပန်းတွေတစ်ပွေ့တစ်ပိုက်နဲ့ သူရောက်လာခဲ့တယ်။ပိတောက်ပန်းလာပို့တာနောက်ကျသွားလို့တောင်းပန်ခဲ့ပီး သင်္ကြန်မကျခင်သူငယ်ချင်းတွေကို မြို့လေးမှာရှိတဲ့ဘုရားတွေလိုက်ပို့နေရတဲ့အကြောင်းတွေကိုတရစပ်ပြောနေတဲ့သူ့ကို စကားလေးတစ်ခွန်းတောင်ပြန်ပြောဖို့ ကိုယ့်မှာအင်အားတွေရှိမနေခဲ့ဘူးလေ။

ကိုယ့်မျက်နှာမကောင်းမှန်းသိလို့ နင်ဘာဖြစ်နေတာလဲလို့မေးတဲ့အချိန်မှာတော့ နေမကောင်းလို့ပါဟာလို့ ပြန်ဖြေရင်း သင်္ကြန်တွင်းတစ်တွင်းလုံး အိမ်ထဲကမထွက်ဖြစ်ခဲ့ဘူးလေ။ကိုယ့်အမတွေကတောင်အံ့သြနေခဲ့ကြတယ်။သင်္ကြန်မင်းသမီးဒီနှစ်တော့ ပိတောက်ပန်းတောင်မပန်ပါလားဟေ့ဆိုပီး စနောက်ခဲ့ကြပေမယ့် ကိုယ့်အမတွေကို အရင်လိုရန်ပြန်မတွေ့ဖြစ်ခဲ့ပါဘူး။အဲဒီနှစ်ကစပီး ပိတောက်အပေါ်ထားတဲ့ကိုယ့်ရဲ့ခံစားချက်တွေ အကောင်းဘက်ကနေအဆိုးဘက်ကို စတင်ခဲ့မိတယ်။

သင်္ကြန်တွေသုံးခါလောက်ပြောင်းခဲ့တဲ့အချိန်မှာတော့ ကိုယ့်သူငယ်ချင်းလေးက သူအိမ်ထောင်ပြုတော့မယ့်အကြောင်းကိုပြောပြခဲ့တယ်။ကိုယ့်ရင်ထဲမှာ အမျိုးအမည်မသိတဲ့ဝေဒနာတစ်ခုဖြစ်သွားတဲ့အချိန်မှာတော့ ကိုယ့်လက်ဖျားတွေအေးစက်သွားတဲ့အထိ ထိတ်လန့်ခဲ့မိတယ်။

ကိုယ့်သူငယ်ချင်းလေးအိမ်ထောင်ပြုမယ့်နှစ်မှာတော့ သင်္ကြန်မိုးရွာတာနောက်ကျလို့ သင်္ကြန်မှာပိတောက်တွေမပွင့်ခဲ့ပါဘူး။အားကြိုးမာန်တက်ရေလောင်းပေးမယ့်သူကလည်း မင်္ဂလာဆောင်အတွက်လုံးပန်းနေရလို့ ကိုယိ့ကိုသတိမရတော့ဘူးထင်ပါရဲ့ ။သင်္ကြန်သာပီးသွားတယ် သင်္ကြန်မိုးကတော့ပေါ်မလာခဲ့ပါဘူး။

ဒီလိုနဲ့ ကိုယ့်သူငယ်ချင်းလေးမင်္ဂလာမဆောင်ခင်တစ်ရက်အလိုမှာတော့ အခါလွန်တဲ့သင်္ကြန်မိုးကရွာခဲ့ပါတယ်။အစွမ်းကုန်ပွင့်ဖို့အတွက်စောင့်ဆိုင်းနေတဲ့ ပိတောက်တွေက ကိုယ့်သူငယ်ချင်းလေးမင်္ဂလာဆောင်မယ့်ရက်မှာ တစ်ပင်လုံးဝေနေအောင်ပွင့်ခဲ့တယ်။ကိုယ်ကတော့အပြစ်မရှိတဲ့ပိတောက်ပန်းလေးတွေကို မုန်းတီးစွာနဲ့ကြည့်မိခဲ့တယ်။

ပိတောက်ပန်းပန်ရမယ့်အချိန်အခါမဟုတ်ပေမယ့် ကိုယ့်သူငယ်ချင်းလေးရဲ့မင်္ဂလာဆောင်ကို ပိတောက်ပန်းတွေဝေနေအောင်ပန်ပီး ကိုယ်သွားခဲ့တယ်။အဲဒီနောက်ပိုင်းတော့ ဘယ်လိုအချိန်မျိုးမှာပွင့်ပွင့် ပိတောက်ပန်းကို ကိုယ်မဆင်မြန်းတော့ပါဘူး။

@leeshang
MSC 230

Sort:  

သံယောဇဉ်တွယ်မိတော့လည်း ပိတောက်ပန်းပဲ ဓါးစာခံဖြစ်သွားရတာပေါ့လေ..

ချစ်လို့မုန်းခဲ့သည်

စိတ်မကောင်းစရာပဲ။အရေးအသား ကောင်းတယ် sis။

အလွမ်းဓါတ်ခံရှိသူမို့

အရမ်းကောင်းတဲ့အရေးအသားပါ။အားပေးနေပါတယ်။ြုးစားပြီးဆက်ရေးပါ။

ဟုတ်ကဲ့ ကျေးဇူးပါ ကြိုးစားပါ့မယ်

အရမ်း​ကောင်းပါတယ်​ရှင်​။Good writing.

ဖတ်ပေးတာကျေးဇူးပါ

ခံစားချက်တွေ အတိုင်း ပန်းလေးတွေ က အချစ်ခံ အမုန်းခံ ဘဝ ရောက်ရတာပေါ့ ပိတောက်ပန်းလေးတွေ မကြာခင် ဝေဝေဆာဆာဖြစ်တော့မယ်

မိုးကိုချစ်သည်ဒါပေမယ့်မုန်းသည်ဆိုသလိုပေါ့

အားး​ပေး​နေပါတယ်

ကျေးဇူးပါ

အရေးသားကောင်းတယ်ကွယ်။ပိတောက်ပန်းက ကြားထဲက ငထွားခါးနာရ ရှာတယ်။

မဆီမဆိုင်လက်ပံသားဓါးနဲ့ချိုင်ဆိုသလိုပေါ့

ရာဇ၀င်​တွင်​မဲ.ငထွား

အဟေးဟေး

အားပေးနေပါတယ်👍

ကျေးဇူးတင်ပါတယ်

ဖတ်ရတာ စိတ်မကောင်းဖြစ်ရပါတယ်..

စိတ်မကောင်းဖြစ်စေလို့စိတ်မကောင်းပါဘူး

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.031
BTC 69345.27
ETH 3816.44
USDT 1.00
SBD 3.67