မိုးညတစ်ည ( ဇာတ်သိမ်း)

in #myanmar6 years ago

တစ်ယောက်တည်းဆိုင်မှာဖြစ်သလိုစားတတ်တဲ့ကိုယ့်အတွက် မဖိတ်ခေါ်ပဲရောက်လာတဲ့ ဧည့်သည်တစ်ယောက်ကြောင့် ဈေးထဲကိုထွက်လာခဲ့မိတယ် ဧည့်သည်လေးအတွက် တစ်ခုခုဝယ်သွားချင်တယ်လေ။ဈေးဘက်ကိုလမ်းလျှောက်လာရင်း သူဘာများကြိုက်တတ်မလဲလို့တွေးရင်း ခွေးအများစုကတော့ အမဲရိုးတို့ အမဲသားတို့ကြိုက်တတ်ကြတာပဲလို့ ကိုယ့်ဘာသာအကြံပေးရင်း အမဲသားပဲဝယ်ဖို့အတွက်စဉ်းစားခဲ့မိတယ်။

ကိုယ်ဈေးကပြန်ရောက်တဲ့အချိန်မှာတော့ ဧည့်သည်လေးကအိမ်ရှေ့မှာထွက်စောင့်နေတာကိုမြင်ပီး ရင်ထဲမှာနွေးထွေးသွားခဲ့တယ်။သူမမရှိတော့တဲ့အချိန်ထဲက ကိုယ့်ရဲ့အိမ်ပြန်ချိန်ကို စောင့်ကြိုမယ့်သူမရှိခဲ့တာကြာပေါ့။အိမ်ထဲရောက်တော့ ကိုယ့်ဧည့်သည်လေးအတွက်ချက်ဖို့ပြုတ်ဖို့ ပြင်ဆင်တော့မှ အိုးခွက်ပုဂံတွေကို ထည့်လာတဲ့ပုံးတွေထဲကမထုတ်ရသေးတာကို သတိရပီးပစ္စည်းတွေကိုတစ်ခုခြင်း ထုတ်မိခဲ့တယ်။

သူမမရှိတဲ့အချိန်မှာ မီးဖိုချောင်တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပီး အိုးခွက်တွေဟာ ကိုယ့်အတွက်အသုံးမဝင်တော့ဘူးဆိုပီး အိမ်ပြောင်းတုန်းက အိုးတွေခွက်တွေကို ထားခဲ့ဖို့စဉ်းစားမိပီး နောက်တော့လည်း သူမကိုင်တွယ်ခဲ့တဲ့ပစ္စည်းလေးတွေကို မထားရက်ခဲ့နိုင်တာမို့ သယ်လာခဲ့တာ ခုတော့လည်းအသုံးတည့်သားလို့တွေးရင်း အိုးတစ်လုံးထဲကို ဝယ်လာတဲ့အမဲသားတွေကိုထည့်ပြုတ်လိုက်တယ်။

ဧည့်သည်လေးကိုလည်း ဟင်းကျတ်ရင်ကျွေးမယ့်အကြောင်းပြောမိရင်း သူမကိုသတိရမိခဲ့တယ်။သူမသာရှိနေမယ်ဆိုရင် ခွေးတစ်ကောင်နဲ့ အလှုပ်ရှုပ်နေတဲ့ကိုယ့်ကို ပြုံးပီးကြည့်နေမှာလား ရှုပ်ရှုပ်ရှက်ရှက် ဘယ်ကခွေးကိုခေါ်လာပီး အလုပ်ရှုပ်နေတာလဲဆိုပီး အပြစ်တင်နေမလားလို့ ကိုယ်တွေးမိရင်းက ကိုယ့်မျက်ဝန်းမှာ မျက်ရည်တွေစိုစွတ်လာခဲ့ပြန်ပီ။

သူမမရှိတော့တဲ့အချိန် သူမကိုသတိရတိုင်းငိုမနေဖို့ တတွတ်တွတ်မှာခဲ့တဲ့ သူမအသံကိုပြန်ကြားယောင်မိချိန်မှာ ဧည့်သည်လေးအတွက်ပြုတ်ထားတဲ့အမဲသားအိုးက နူးလို့တောင်နေပီလေ။အိုးထဲကအမဲသားတွေကို ပုဂံတစ်ခုထဲထည့်ပီး အအေးခံနေချိန်မှာ ကိုယ့်ဧည့်သည်လေးကလည်း ကိုယ့်ဘေးမှာစားရတော့မယ်ဆိုတာကိုသိနေသလို အမြီးလေးတစ်နှံ့နှံ့နဲ့ပေါ့။

ကိုယ့်ဧည့်သည်လေးစားသောက်ဖို့ ပြင်ဆင်ပေးပီးတဲ့အချိန်မှာတော့ ကိုယ့်နဖူးမှာချွေးတွေတောင်ပြန်နေခဲ့တယ်။ကိုယ့်ဘဝမှာ တစ်စုံတစ်ယောက်အတွက် ခုလိုနေ့လည်စာပြင်ဆင်ပေးခဲ့တယ်ဆိုတာ မရှိခဲ့ပဲ အမြဲတမ်းသူများပြင်ဆင်ပေးတာကိုသာစားခဲ့သူမို့ ခုလိုအခြားတစ်ယောက်အတွက် ပြင်ဆင်ပေးရတဲ့ ပင်ပန်းမှုနဲ့ရောနေတဲ့ စိတ်ချမ်းသာမှုကိုခံစားမိတဲ့အချိန်မှာ သူမရောကိုယ့်အတွက်နေ့လည်စာပြင်ဆင်ပေးရင်း ဘယ်လိုခံစားနေမလဲလို့တွေးမိတယ်။သေချာတာတစ်ခုကတော့ သူမမျက်နှာမှာ ဘယ်တော့မှမညှိုးတဲ့ အပြုံးပန်းတစ်ပွင့်ရှိနေခဲ့မှာပါ။

နောက်မှရတတ်တဲ့နောင်တတစ်ခုကို ကိုယ်ရလိုက်တဲ့အချိန်မှာတော့ သူမအပေါ် လစ်ဟင်းခဲ့မှုတွေအများကြီးဆိုတာ ကိုယ်နားလည်ခဲ့မိတယ်။သူမအတွက် ဟင်းတစ်ခွက်တောင်ချက်မကျွေးခဲ့ဘူးဆိုတာကိုတွေးမိပီး သူမလည်းတစ်ခါတစ်လေတော့ ကိုယ်ချက်ကျွေးတဲ့ နေ့လယ်စာကိုများစားချင်မိလေမလားဆိုပီး နောင်တရနေချိန်မှာ သူမကကိုယ့်ရဲ့အဝေးကို ထွက်သွားခဲ့ပီလေ။

ဘယ်လိုပဲဖြစ်ဖြစ်လေ နောင်တတွေကိုပွေ့ပိုက်ပီးနေမယ့်အစား သူမကိုမပေးလိုက်ရတဲ့ နွေးထွေးမှုတွေကို ကိုယ့်ပတ်ဝန်းကျင်ကသူတွေကို ပေးနိုင်အောင်ကြိုးစားရင်း ကျန်ရှိနေတဲ့ကိုယ့်ဘဝကို ကုန်ဆုံးဖို့ဆုံးဖြတ်လိုက်မိချိန်မှာ မိုးညတစ်ညမှာ မဖိတ်ခေါ်ဘဲရောက်လာတဲ့ ကိုယ့်ဧည့်သည်လေးကတော့ ကိုယ်ချက်ကျွေးတဲ့နေ့လည်စာကို စားပီးသကာက နှစ်ခြိုက်စွာအိပ်မောကျနေလေရဲ့။

@leeshang
MSC -230

Sort:  

စာ​ရေး​ကောင်းတယ်​​နော်​။

ကျေးဇူးပါ

တစ်စုံတစ်ဦးရဲ့ ကောင်းကွက်လေးတွေ၊ ကိုယ်မလုပ်ပေးခဲ့တာတွေက
ခွဲခွာကွဲကွာသွားတဲ့အခါမှာ ရေးရေးပေါ်လာတတ်ကြပါတယ်။
ဒါတွေကို ကြိုတင်သိမြင်ခဲ့ရင်တော့ ပိုကောင်းတာပေါ့

အဲ့လိုဆို နောင်တရစရာမလိုတော့ဘူးပေါ့

တကယ်တော့ ဧည့်သည်လို့ တောင် မခေါ်ချင်ဘူး သားသမီးလို့ ပဲ ခေါ်ချင်တယ် သခင့်မျက်နှာ အရိပ်တကြည့်ကြည့်နဲ့ နေတတ်တဲ့ သူတွေမို့ လို့ ပေါ့

နောက်တော့လည်း ဧည့်သည်ကနေအိမ်ရှင်ဖြစ်လာမှာပေါ့

စာရေးကောင်းသူတစ်ယောက်လို့ပဲ အရင်ပြောပါရစေ။ဇာတ်လမ်းကို အခုမှဖတ်ရတယ်ဆိုပေမယ့် ဒီ post မှာရေးပြထားတာ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိပြီး ဝေကွာသွားတဲ့သူ အတွက် ခံစားရတဲ့အပိုင်းနဲ့ လက်ရှိဧည့်သည်နဲ့ ဖြတ်သန်းနေတဲ့အပိုင်းကို ဟန်ချက်ညီအောင်ရေးပြထားတာ တွေ့ရပါတယ်။ပေါ်လွင်ထိမိတဲ့ post ကောင်းတစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။

ဖတ်ရှုဝေဖန်ပေးတာ ကျေးဇူးတင်ပါတယ်

သူ့တန်ဘိုးကို သူမရှိတဲ့အချိန်ပိုသတိထားမိတယ်လေ

မရှိတော့မှတန်ဖိုးသိကြတဲ့ လူတွေရဲ့သဘောလေ

‌ရေးသားပုံ ကိုချီးကျူးပါတယ်‌။စာဖတ်‌ပရိတ်‌သတ်‌ ထင်‌မထားတဲ့‌နေရာက massage ‌လေး‌ပေးင်္သားတယ်‌။

ဖတ်ပီး ဝေဖန်ပေးတဲ့သူတွေရှိလို့အားတက်ရတယ်

ဇာတ်တောင်သိမ်းပြီးလားဗျ

သိမ်းသွားပီ

ဇာတ်သိမ်းခန်းမှာ ခွဲသွားရတယ်နော်

ရင်​ထဲ​တောင်​ထိသွားတယ်​ဗျာ

Coin Marketplace

STEEM 0.20
TRX 0.15
JST 0.029
BTC 63362.14
ETH 2592.64
USDT 1.00
SBD 2.80