အရောင်မဲ့အလွမ်း

in #myanmar7 years ago


photo credit by facebook
အနီရောင်စိန်ပန်းပွင့်တွေကြွေကျနေတဲ့ လမ်းကလေးပေါ်မှာရပ်မိတိုင်း ရင်ဘတ်ထဲမှာဆို့နင့်လာတယ်။ပျောက်သောသူရှာလျှင်တွေ့ သေသောသူကြာရင်မေ့တယ်ဆိုတဲ့စကားက ကိုယ့်အတွက်တော့နည်းနည်းလေးမှမမှန်တော့ဘူးဆိုတဲ့အတွေး ခေါင်းထဲကိုဝင်လာတိုင်း ကိုယ့်ဦးနှောက်ထဲမှာမွန်းကြပ်လာတယ်။

ဘယ်အချိန်မျိုးမှာမဆို ဘယ်လိုလူမျိုးအတွက်ပဲဖြစ်ဖြစ် အမြဲတမ်းနွေးနွေးထွေးထွေးပြုံးပြတတ်တဲ့သူတစ်ယောက်ဆီက မဲ့ပြုံးတစ်ခုကိုလက်ဆောင်အနေနဲ့နဲ့ လက်ခံခဲ့ရတာ နောက်ဆုံးအကြိမ်ဆိုတာသိလိုက်ရတဲ့အခိုက်အတံ့မှာ ကိုယ့်အသက်ရှူသံတွေရပ်တန့်သွားတယ်ထင်ခဲ့ရတယ်။မင်းရဲ့အမုန်းတွေမလိုချင်ပါဘူး။

ခွာညိုပန်းကိုမမြင်ဘူးပါဘူးလို့ပြောခဲ့တဲ့ကိုယ့်အတွက် ခွာညိုပန်းတွေလှိုင်လှိုင်ပွင့်တဲ့တစ်ညမှာတော့ မှတ်မှတ်ရရလာပို့ပေးခဲ့တဲ့အကြောင်းကို ပြန်တွေးမိတဲ့အချိန်မှာ ကိုယ့်ရင်ထဲမှာနွေးနွေးကလေးခံစားလာရတယ်။သတိရလို့စာအုပ်လေးကိုလှန်ကြည့်တော့ စာအုပ်ကြားမှာညှပ်ထားတဲ့ခွာညိုပန်းကလေးတောင် အရောင်တွေလွင့်နေပေါ့။

ပန်းမကြိုက်တဲ့ကိုယ့်ကို စပါယ်တစ်ကုံးနေ့တိုင်းလာပို့ရင်းနဲ့ ပန်းကလေးတွေကိုချစ်တတ်အောင်သင်ပေးခဲ့တဲ့သူက ခွင့်ပြုမယ်ဆိုရင်ကိုယ့်ခြံထဲမှာ စံပါယ်တစ်ခင်းပျိုးပေးချင်ပါတယ်လို့ ပြောခဲ့သေးတယ်။ကိုယ်ခေါင်းညိတ်ပီးတဲ့နောက်နေ့မှာပဲ မနက်အစောကြီးမှာ တက်တက်ကြွကြွလာစိုက်ပေးခဲ့တာ တစ်နေ့နေ့မှာ ကိုယ့်ကိုခွဲခွာသွားမယ်ဆိုတဲ့အတွေးနဲ့များလားကွယ်။

အချိန်အခါမဲ့ရွာချလိုက်တဲ့ မိုးရေစက်တွေနဲ့လွတ်ရာဆီကို ပြေးခဲ့ကြတုန်းကတော့ ကိုယ်တို့ရဲ့လက်တွေမြဲမြံနေအောင်တွဲထားခဲ့ဘူးတယ်။ကော်ဖီဆိုင်ထဲမှာမိုးခိုနေရင်းက ရွာနေတဲ့မိုးကို တစ်ဖျစ်တောက်တောက်နဲ့ မကျေမနပ်ဖြစ်နေတဲ့သူက ကိုယ်မိုးမိပီးဖျားမှာကိုစိုးရိမ်နေတာပါတဲ့။ကိုယ့်အပေါ်မိုးစက်ကလေးတစ်စက်ကျရင်တောင် မကျေမနပ်ဖြစ်နေတဲ့သူက မိုးသည်းသည်းထဲမှာကိုယ်လွမ်းနေမယ်ဆိုတာ မသိခဲ့လေရောသလား။မိုးချိန်းသံတွေကို ကြောက်တတ်မှန်းသိလို့ မိုးရွာဖို့အရိပ်အယောင်မြင်ရင်တောင် ကိုယ့်ဘေးကိုရောက်လာတတ်တဲ့သူက မိုးတွေရွာလေတွေတိုက်နေတဲ့တစ်နေ့မှာ နှုတ်ဆက်စကားတောင်ပြောမသွားပဲ ကိုယ့်ကိုထားသွားလေရဲ့။

အားကစားဆိုတာ အားတဲ့သူတွေကစားတာပါကွာလို့လူစုံရင်ပြောတတ်တဲ့သူက ဒီဇင်ဘာရဲ့နှင်းစက်တွေကြားမှာ အားကစားလုပ်ဖို့တက်ကြွနေတဲ့ကိုယ့်အတွက်ဆို မညည်းမငြူ ပါရမီဖြည့်ခဲ့သူပေါ့။ခရစ်စမတ်ဆိုတာနဲ့မနီးစပ်ခဲ့တဲ့ကိုယ့်အတွက် ခရစ်စမတ်ရောက်တိုင်း လက်ဆောင်တွေမရိုးရအောင်ပေးခဲ့တဲ့သူက ခရစ်စမတ်လက်ဆောင်ကို ကိုယ်မျှော်တတ်လာတဲ့အချိန်မှာတော့ ကိုယ့်ကိုမေ့နေလောက်ပီထင်ပါတယ်။ image

သစ်ရွက်တွေကြွေကုန်လို့ အရိုးပြိုင်းပြိုင်းဖြစ်နေတဲ့သစ်ပင်ကြီးကိုကြည့်ပီး စိတ်မကောင်းဖြစ်နေတတ်တဲ့ကိုယ့်ကို ရွက်ဟောင်းကြွေပီးရင် ရွက်သစ်တွေဝေလာမှာပါလို့ နှစ်သိမ့်ပေးတတ်တဲ့သူတစ်ယောက်ကို လေရူးတွေတိုက်တဲ့အချိန်မှာသတိရနေမိတုန်းပဲ။ဥသြတွေအော်နေတဲ့မနက်ခင်းမှာ ပိတောက်တွေတစ်ပွေ့တစ်ပိုက်နဲ့ ကိုယ့်ဆီရောက်လာခဲ့သူက ဦးဦးဖျားဖျားဆိုတော့ သင်္ကြန်မတိုင်ခင်တည်းကပန်ရတာပေါ့လို့ပြောခဲ့တာ သင်္ကြန်ဆိုရင်ကိုယ့်အနားမှာ ရှိနေမပေးနိုင်ဘူးဆိုတဲ့အဓိပ္ပါယ်ကို သင်္ကြန်ရောက်မှကိုယ်သိခဲ့တယ်။

အချဉ်အစပ်တွေကြိုက်လွန်းလို့ အတိုင်းအဆမရှိစားတတ်တဲ့ကိုယ့်ကို တားဆီးဖို့မစဉ်းစားခဲ့ပဲ လိုအပ်တဲ့ဆေးတွေဆောင်ထားပေးခဲ့တဲ့သူကို အချဉ်အစပ်တွေစားတာများလို့ ဗိုက်အောင့်တဲ့အခါတိုင်း ယောင်ယမ်းပီးရှာမိတိုင်း ခပ်လှမ်းလှမ်းကနေကိုယ့်ကိုပြုံးပြနေသလားဆိုပီး ထင်ယောင်ထင်မှားဖြစ်နေတုန်းပဲ။

တက္ကသိုလ်ဖုန်းနိုင်ရဲ့ သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်ခိုင်ဝတ္ထုက အရမ်းကောင်းတာပဲလို့ပြောတတ်ခဲ့တဲ့သူက ကိုယ်လည်းဖတ်ချင်တယ်လို့ပြောမိတော့ နမိတ်မကောင်းဘူးမဖတ်နဲ့လို့တားမြစ်ခဲ့သေးတယ်။ငါမရှိရင်နင်အဆင်ပြေပါ့မလားဆိုပီးတဖွဖွပြောတုန်းကတော့ နမိတ်ဆိုတာကိုမေ့ပီး ကိုယ့်အတွက်ပဲစိတ်ပူနေခဲ့တယ်ပေါ့။

ချောင်းသာကပြန်လာတဲ့နေ့တုန်းက လက်ဆောင်ပါတယ်ဆိုလို့ကိုယ်ပျော်နေတုန်း နင့်အတွက်ဖမ်းလာတဲ့ ပင်လယ်လိပ်ကြီးနောက်ဖေးလမ်းကြားထဲထွက်ပြေးသွားတယ်ဆိုပီး စနောက်တတ်တဲ့သူက ကိုယ်စိတ်ဆိုးမှာကို အရမ်းကြောက်ခဲ့ဘူးသူပေါ့။

ချစ်ခြင်းမေတ္တာဆိုတာ အလျားအနံမရှိပေမယ့် အသွားအပြန်တော့ရှိပါတယ်ဆိုပီး ကိုယ့်အနားမှာ ခေါင်းမာမာနဲ့တွယ်ကတ်နေခဲ့တဲ့သူ့ကို ကိုယ်လှောင်ခဲ့သေးတယ်။ကိုယ့်အပေါ်ထားရှိခဲ့တဲ့ချစ်ခြင်းမေတ္တာရဲ့အလျားအနံကိုသိခဲ့တဲ့အချိန်မှာတော့ အသွားသာရှိခဲ့ပီးအပြန်ကိုစောင့်ဆိုင်းနေတဲ့သူက ကိုယ့်ဘေးမှာရှိမနေတော့ဘူးလေ။

ဘယ်အရာမဆိုကိုယ့်အတွက်စဉ်းစားပေးခဲ့တယ်။ကိုယ်မလိုအပ်ပါဘူးလို့ပြောခဲ့တဲ့အချိန်တုန်းကတော့ ကိုယ့်ဘေးမှာရှိနေခဲ့ပီး ကိုယ်လိုအပ်တဲ့အချိန်မှာတော့ကိုယ့်ဘေးမှာရှိမနေခဲ့တာကတော့ ကိုယ့်ကိုသူပေးခဲ့တဲ့လက်ဆောင်တွေထဲကအမှတ်တရလက်ဆောင်တစ်ခုပေါ့။

အချစ်ဆိုတာကိုအလွမ်းနဲ့တွဲပီးသိခဲ့တဲ့သူတစ်ယောက်အတွက် ခွဲခွာခြင်းဆိုတာလက်တစ်ကမ်းမှာရောက်နေခဲ့တော့ ရင်ခုန်သံတွေချိုမြိန်နေရမယ့်အချိန်မှာ မျက်ရည်မိုးတွေစွေနေရပီကွယ်။

@leeshang
MSC 230

Sort:  

အလွမ်း

အချစ်ကနေပြောင်းလာတဲ့စကား

Wow so beautiful

feel ဒေ

Good writing.

နောက်လည်းကြိုးစားပါ့မယ်

အရောင်လေးနဲ့လွမ်းရင်ကော

မရဘူး

အရောင်မဲ့ အလွမ်းး

အဖြူထည်ဘဝတုန်းကပေါ့

မိုက်​ဟ ... ​very cool!

နိပ်ဟ

အရေးသားကောင်းလှပါလားဟ

ဒါတောင် လောလော လောလောနဲ့ ရေးလိုက်ရတာ ဟီးဟီးးး

အရေးသားကောင်း

အေးဆို

အရေးအသားမိုက်တယ် bro

ကြိုးစားပါရစေ

Coin Marketplace

STEEM 0.20
TRX 0.19
JST 0.034
BTC 91309.99
ETH 3150.55
USDT 1.00
SBD 2.89