အပေါင်းအသင်း

in #myanmar7 years ago

အပေါင်းအသင်း

image
လောကတွင် လူရယ်လို့ ဖြစ်လာစဉ်တွင် သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ရှိရန်လိုအပ်ပေသည်။ ငယ်စဉ် ကလေးဘဝတွင်ပင် ကစားဖော် သူငယ်ချင်း ရှိလျှင် အလွန်ပျော်ပါသည်။ ကစားစရာ အရုပ်များစွာရှိသော ကလေးနှင့်ကစားဖော် သူငယ်ချင်း တစ်ယောက်ရှိသောကလေး အဘယ်ကလေးက သာ၍ပျော်မည်ထင်သနည်း။ ကစားစရာအရုပ်များစွာ ရှိသော ကလေးသည် အဘယ် သို့ပင် ဆော့၍မကုန်အောင် ရှိငြားအံ့။ မကြာမှီ ပျင်းရိညည်းငွေ့လာမည်ဖြစ်သော်လည်း အပေါင်းအသင်းရှိသော ကစားဖော်ရှိသော ကလေးသည် ကစားနည်း အနည်း အကျဉ်းပင် ရှိသော်ငြားလည်း ထမင်းမေ့ ဟင်းမေ့ ဆော့နေတတ်၏။ ငယ်စဉ်ကပင် သူငယ်ချင်းအပေါင်းအသင်းရှိသော ကလေးနှင့် မရှိသောကလေး ယှဉ်ကြည့်သော် အပေါင်း အသင်းသူငယ်ချင်းရှိသော ကလေးသည်သာ၍လူရာဝင်ဆန့်သည်ကိုတွေ့ရပေသည်။
image
image
image
အပေါင်းအသင်းသည်အရေးပါ၏။ စာညံ့သောကလေးသည် စာတော်သော သူငယ်ချင်းအပေါင်းအသင်းတို့ကြောင့် အတန်းထဲတွင် အဆင့်တက်လာ၏။ စာတော် သောကလေးသည် ပျက်သောအပေါင်းအသင်းကြောင့် စာညံ့ရာ၏။ ဆိုးသွမ်းသော သူသည်လိမ်မာသော အပေါင်းအသင်းကြောင့် ယဉ်ကျေးလာရာ၏။ အပေါင်းအသင်း ကြောင့်ပင် လိမ္မာသောသူသည် ဆိုးသွမ်းသွားရ၏။ စီးပွားရေး ဘက်မှာ ကျဆုံးသော သူသည် အပေါင်းအသင်း မိတ်ဆွေကောင်းကြောင့် တိုးတက်ကြီးပွားလာသကဲ့သို့ မကောင်းသောအပေါင်းအသင်းကြောင့် ချမ်းသာသော သူသည် ဆင်းရဲမွဲတေရာ၏။
ပညာရှိသောအပေါင်းအသင်းကြောင့် ပညာမဲ့သောသူသည် ပညာရှိလာ၏။ ထို့ အတူ ပညာရှိသောပုဂ္ဂိုလ်သည် မကောင်းသောအပေါင်းအပါ ကြောင့် တစစ ပျက်စီး ယိုယွင်းရာ၏။ အယူမှားသောသူ သည် တရားရှိသော အပေါင်းအသင်းကြောင့် တရားရှိ လာသကဲ့သို့ တရားမဲ့သော အယူမှားသော အပေါင်းအသင်းမိတ်ဆွေတို့ကြောင့် ရောယောင်ကာ အယူမှားရချေ၏။ ဘဝနိဂုံးချုပ်တော့မည့် သူသည် ကောင်းသော အပေါင်းအသင်းမိတ်ဆွေကြောင့် ဘဝကူးကောင်းကာ စေတနာမှားသော မိတ်ဆွေ တို့ကြောင့် အသေမလှကာ ဘဝကူးမကောင်းဖြစ်ရာ၏။ ထိုကြောင့်ငယ်စဉ်ကအစ သေသည့်တိုင်အပေါင်းအသင်းမိတ်ဆွေသည်အရေးပါ အရေးကြီးလှပေသည်။
image
image
ရွေးချယ်ပေါင်းသင်းတတ်ရန် ကား အထူးပင်အလေးထားဂရုပြုရန်လိုအပ်ပေသည်။ မူလတန်းကတည်းက ကျွန်ုပ်နှင့် ကျောင်းအ တူတူတက်ခဲ့သော ငယ်သူငယ်ချင်း တစ်ယောက်ရှိလေသည်။မူလတန်းမှ နမဝတန်းထိ ခင်မင်ခဲ့ကြသည်။ နမဝတန်း တက်နေဆဲ မှာပင် သူသည်ကျွန်ုပ်တို့နှင့် လမ်းခွဲကာ ပိုက်ဆံရှိ အသိုင်းအဝိုင်း လူတစ်စုနှင့် တွဲသွားခဲ့သည်။ ကံဆိုးစွာဖြင့် ထို လူစုသည် ဆိုးသွမ်းသော လူမိုက်အုပ် စုများဖြစ်နေလေသည်။ထိုသူငယ်ချင်းမှာ စာအလွန် တော်သော သူတစ်ယောက်ဖြစ်၏။ သို့သော် ထိုလူစုနှင့် ပေါင်းပြီးသကာလ ဆေးလိပ်သောက်တတ်လာ၏။ အရက် သောက်တတ်လာ၏။ ယုတ်စွအဆုံးမူးယစ်ဆေးများပင်သုံးစွဲလာခြင်းထိ ဆိုးရွားခဲ့ လေသည်။ ထိုနှစ်မှာပင် ကျွန်ုပ်တို့ နမဝတန်းအောင်မြင်ပြီး သူတစ်ယောက်သာ ကျကျန်ရစ်လေသည်။ နောက်နှစ်ထပ်တက်သော်လည်း ထပ်ကျပြန်သည်။ ထိုနှစ်တွင်မူ ကျွန်ုပ်ကြားသိရသည်မှာ ဖုန်းဆိုင်များတွင် မှန်ပုံများ ရိုက်ခွဲမှု စည်ပင်အမှိုက်ပုံးများ ရိုက်ခွဲမှုဖြင့် ရမ်းကားမှုဖြင့် အမှုဖွင့်ခံရလေသည်။ သို့သော် ရှေ့နေကောင်းမှုကြောင့် သက်သာခွင့်ရသော်လည်း နောက်တစ်ကြိမ်မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှု သုံးစွဲမှုဖြင့် ထောင်ကျခဲ့ရလေသည်။ သူ့ဘဝကား အသက်မသေပင်ငြား စောစီးစွာပင်ဘဝသေခဲ့ ရချေသည်။ ဤကားအပေါင်းအသင်းမှားခြင်းကြောင့်ပင်ဖြစ်လေသည်။
image
image
သူငယ်ချင်းတစ်ယောက်မူကား ငယ်စဉ်ကပင်ကွဲ ကွာ၍ တစ်နှစ်မှာ ပြန်တွေ့ ကြရသည်။ ဤအချိန်တွင် ကျွန်ုပ်သည် တက္ကသိုလ်ဝင်တန်းအောင်မြင်၍ ကောလိပ် ပထမနှစ်တက်နေစဉ်ဖြစ်သည်။ သူသည်ကား အလေလိုက်ပျက်စီးနေပြီး တက္ကသိုလ်ဝင်တန်း ၂နှစ် ဆက်တိုက်ကျလေသည်။ ကျောင်းဆက်မတက်လိုကြောင်း ရရာအလုပ်လုပ်လိုကြောင်း ကျွန်ုပ်အားပြော၏။ ကျွန်ုပ်ကပင် အမျိုးမျိုးဖြောင်းဖျ ပြောဆို၍သည်တစ်နှစ်သာကြိုးစား၍ဖြေရန်ဆယ်တန်းမအောင်လျှင်အဘယ်မျှ မျက်နှာ ငယ်ရကြောင်း ထပ်တလဲလဲ ပြောဆို ဖြောင်းဖျကာ စာမေးပွဲ ကို ဖြေစေ လေသည်။ ကျွန်ုပ်ကိုယ်တိုင်ပင် အုပ်ထိန်းသူ အနေဖြင့် ဝိုင်းတစ်ခုတွင် အပ်နှံပေးခဲ့သည်။ ကျောင်းတက်နေစဉ်တွင်ပင် မတက်လိုတော့ကြောင်း စိတ်ဓာတ်ကျနေ သဖြင့် အမျိုးမျိုး အဖုံဖုံအားပေးရင်း ဆက်တက်စေခဲ့သည်။ ကံကောင်းစွာဖြင့် သည်နှစ်မှာ စာမေးပွဲ အောင်ခဲ့ လေသည်။သူသည်ကား အဘယ်သို့ ရှိမည်မသိ။ကျွန်ုပ် မှာမူ ဝမ်းသာ၍ မဆုံးတော့ပေ။
ဤတွင် ကျွန်ုပ်ကိုကျွန်ုပ် အပေါင်းအသင်းကောင်းအဖြစ်မခံယူလိုသာ။ သို့သော် သူသာ ကျွန်ုပ်နှင့်မတွေ့ခဲ့ရင် သူ့ဘဝ သည်လိုနှင့်ပင် လမ်းဆုံးသွားရမည်မှာ နှမြော စရာပင်ဖြစ်၏။ ယခုတွင်မူ သူသည် သင်တန်းများတက်နေပြီး ကျောင်းလည်းတက်ကာ ဘဝတက်လမ်းကိုလမ်းမှန်စွာရှာဖွေနေလေပြီဖြစ်သည်။ ကျွန်ုပ်သည် သူငယ်ချင်း တစ်ယောက်၏ တာဝန် ကို ကောင်းမွန်စွာဆောင်ရွှက်ခဲ့သည်ဟုဂုဏ်ယူမိပါသည် ။
image
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း အပေါင်းအသင်း သည်ကား ငယ်စဉ်မှစ သေသည်အထိ အရေးပါ၏။ သို့ သော်မှန်ကန်စွာ ပေါင်းသင်းတတ်ဖို့လို၏။အစစ်တစ်ခု အတုတစ်ထောင်ဆိုသည့်အတိုင်း မိတ်ဆွေတု အပေါင်း အသင်းတုကား အလွန်များ၏။ ရွေးချယ်ပေါင်းသင်းကြဖို့လိုသကဲ့သို့ ကျွန်ုပ်တို့သည်လည်း လမ်းမှားနေသော သူငယ်ချင်း အပေါင်းအဖော်များကို တတ်နိုင်သရွေ့ လမ်း မှန်ရောက်ငြား အားပေး အဖော်ပြု တည့်မတ်ပေးဖို့ရန် တာဝန်ရှိပေသည်။ ဤသို့ဖြင့် မိမိကိုယ်တိုင်လည်း မိတ်ဆွေကောင်း အပေါင်းအသင်းကောင်းဖြစ်ဖို့ ကိုယ်တိုင်ပင် အပေါင်းအသင်းမမှားကြဖို့ သူငယ်ချင်းကောင်း အပေါင်းအသင်းကောင်း မိတ်ဆွေကောင်း ကို ရှာဖွေပေါင်းသင်းပြီး ဘဝတိုးတက်ရာရှာဖွေကြပါစို့ဟု ဆန္ဒပြုရင်းဤစာ စုလေးကိုနိဂုံးချုပ်ငြားအံ့။ ။
image
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
(photo credit-google image)

Coin Marketplace

STEEM 0.20
TRX 0.16
JST 0.030
BTC 65792.18
ETH 2695.80
USDT 1.00
SBD 2.90