သာယာခဲ့တဲ့ နွေရက်ကလေး

in #myanmar8 years ago

ပြီးခဲ့တဲ့နွေတစ်ရက်ဆီတုန်းက အရိပ်ကောင်းကောင်းရတဲ့ လက်ဖက်ရည်ဆိုင်ရဲ့ လေရပြီးလူရှင်းတဲ့ဝိုင်းမှာထိုင်ကာ သူငယ်ချင်းကိုစောင့်ရင်း တခြားဝိုင်းတွေ၊ လမ်းသွားလမ်းလာတွေငေးလိုက် ဖုန်းကလေးထုတ်ကြည့်လိုက်နဲ့ပေါ့ ဇိမ်ကျနေခဲ့တာ။
20180212_165858.jpg
photo Author : kyawhlaing
မျက်နှာချင်းဆိုင်စားပွဲဝိုင်းရဲ့ မျက်နှာချင်းဆိုင်ထိုင်ခုံမှာ အသက်လေးငါးဆယ်လောက်တော့ ရှိမယ်ထင်ရတဲ့ အ၀တ်အစား ခပ်နွမ်းနွမ်းနဲ့လူတစ်ယောက် လာထိုင်ပါလေရော။ တစ်ဝိုင်းနဲ့ တစ်ဝိုင်းဟာ (၅)ပေသာသာလောက် ဝေးတယ်ဆိုပေမယ့် မျက်နှာချင်းဆိုင်ကြီးမှာ လူတစ်ယောက် လာထိုင်တာဟာ တစ်မျိုးတော့ မလုံမခြုံဖြစ်သလို ခံစားရတယ်။ ပိုဆိုးတာက ဒီလူက ကျွန်တော့်ကို လှမ်းလှမ်းကြည့်နေတာပဲ။ သုံး၊ လေး၊ ငါးခါမက လှမ်းလှမ်းကြည့်ပြီး ကျွန်တော်နဲ့ မျက်လုံးချင်းဆုံဖို့ ကြိုးစားနေတယ်ဆိုတာကို ကြာတော့ ကျွန်တော်သတိထားမိနေတယ်။
အဲဒီတော့ ကျွန်တော် စဉ်းစားမိတယ်။ ဒီလူဟာ ငါနဲ့ မဆုံဖြစ်တာကြာလို့ ငါမေ့နေတဲ့ ငါ့အသိထဲကများ ဖြစ်နေမလားပေါ့။ အသိများဖြစ်နေရင် အားနာစရာ။ နောက်ပြီးသူ ၀တ်စားထားတဲ့ အ၀တ်အစားကလည်း ခပ်နွမ်းနွမ်းနဲ့ဆိုတော့ တကယ်သာ ကျွန်တော့် အသိမိတ်ဆွေများထဲက တစ်ယောက်ယောက်ဖြစ်နေခဲ့ရင် သူ့စိတ်ထဲ အ၀တ်အစားကြောင့် ကျွန်တော်က မသိချင်ယောင်ဆောင်နေခဲ့တယ်လို့ထင်ပြီး စိတ်အားငယ်သွားရှာမှာ။ ဒါနဲ့ သူ့မျက်နှာကို သေချာကြည့်ရင်တော့ ပြန်မှတ်မိလာကောင်းရဲ့လို့ တွေးပြီး သူ့ကို လှမ်းအကြည့် မျက်လုံးချင်း ဆုံဖို့လောက်သာ စောင့်စားနေပုံရတဲ့သူနဲ့ အကြည့်ချင်း ဆုံပါလေရော။
သူက ပြုံးပြတယ်ဗျ။ ကျွန်တော်ကတော့ မမှတ်မိဘူး။ မမှတ်မိတဲ့အပြင် သေသေချာချာ ဆုံးဖြတ်လိုက်နိုင်တာက ဒီလူဟာ ကျွန်တော့် အသိထဲကမဟုတ်တာ သေချာတယ်ပေါ့။ ဒါပေမဲ့လည်း သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ပြုံးပြနေတဲ့ လူတစ်ယောက်ကို ဥပေက္ခာပြုလိုက်ဖို့ကတော့ မကောင်းဘူး။ လူမှုရေးအရ ကျွန်တော်လည်း ပြန်ပြုံးပြလိုက်တာပေါ့။ ဒါပေမဲ့ ပြုံးပြပြီး ချက်ချင်းမျက်နှာလွှဲလိုက်ပါတယ်။ ဘာကြောင့် ချက်ချင်း မျက်နှာလွှဲလိုက်ရသလဲဆိုတော့ ဒီလူက ပြုံးပြပြပြီးချင်းမှာ စကားတစ်ခုခုပြောဖို့ ပါးစပ်ပြင်လိုက်တာကို ကျွန်တော် မြင်လိုက်လို့ပဲ။ ဘာပြောချင်သလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ နာရီမေးဖို့၊ ဆေးလိပ်မီးညှိဖို့မီးခြစ်ငှါးဖို့ဆိုတာမျိုးအတွက်နဲ့တော့ ဒီခေတ်ကြီးထဲမှာ ဘယ်သူကမှ သူစိမ်းတစ်ယောက်ကို အကြာကြီး မျက်လုံးချင်းဆုံဖို့လုပ်၊ ပြုံးပြစသဖြင့် အစပျိုးနေမှာမဟုတ်ဘူးလေ။ အကူအညီတစ်ခုခု တောင်းဖို့နေမှာပဲ။ အကူအညီတစ်ခုခုဆိုတာက ကျွန်တော်ပေးနိုင်တဲ့ အကူအညီဖြစ်နေရင်ထားဦး၊ မဟုတ်တရုတ်တွေ ဖြစ်လာမှာလည်း မလိုချင်ဘူး။ မဟုတ်တရုတ်တွေလို့ ကျွန်တော် သုံးနှုန်းရတာက ဒီလိုပါ။
တစ်ခါတုန်းက ကျွန်တော် နေပူလို့ ကားမှတ်တိုင်နဲ့ ခပ်လှမ်းလှမ်းသစ်ပင်အောက်က မတ်တပ်ရပ် ကားစောင့်နေတုန်း အသက်ကြီးကြီး အမေကြီးတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက် ပခုံးတို့ပြီး နာရီအချိန်မေးတာ ကြုံဖူးတယ်။ ကျွန်တော်လည်း လက်ပတ်နာရီကို ကြည့်ပြီး ဘယ်နှနာရီပါလို့ အဖြေပေးတော့ ငါ့သားက ဒီကပဲလားတဲ့ ထပ်မေးရော။ ကျွန်တော်လည်း ဟုတ်ပါတယ်ခင်ဗျလို့ ရိုရိုသေသေပဲ ပြန်ဖြေတော့ အဲဒီ အမေကြီးက ငါ့သား အမေ လပွတ္တာပြန်မလို့၊ အဲဒါ လမ်းစရိတ်ကလေး လိုနေတယ်သားရယ်၊ ဘာမှလည်း မစားရသေးဘူးတဲ့။ ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားတယ်။ အိတ်ကပ်ထဲက တစ်ထောင်တန်ကလေး နှစ်ရွက်ထုတ်ပြီး အမေကြီးရေ ကျွန်တော်တော့ ဒါကလေး တတ်နိုင်တာပဲဗျာလို့ ပြောရင်းပေးလိုက်တော့ အမေကြီးခမျာ ဆုတွေပေးလိုက်တာ တသီတန်းကြီးပါပဲ။ ကျွန်တော်လည်း ပီတိစိတ်ကလေးလည်း ဖြစ်တာပေါ့။
အဲဒီလိုနဲ့ နောက်နှစ်လလောက်အကြာ တစ်ရက်မှာ ကျွန်တော် ခရီးတစ်ခုကနေအပြန် ကားပေါ်က ဆင်းဆင်းချင်း လူတစ်ယောက်က ကျွန်တော့်နောက်ကျောကို ကုပ်လိုက်လို့ လှည့်ကြည့်လိုက်တော့ အမေကြီးတစ်ယောက်ဗျ။ ငါ့သားလေး ဘယ်နှနာရီရှိပြီလဲတဲ့။ ကျွန်တော်က ဒီအမေကြီး ငါမြင်ဖူးပါတယ်လို့ စဉ်းစားတော့ အမယ်လေး လပွတ္တပြန်မယ်ဆိုတဲ့ အမေကြီးဖြစ်နေပါရောဗျာ။ ကျွန်တော်လည်း ငတုံးမှမဟုတ်ပဲဗျာ၊ အဲဒီလောက်ဆို သဘောပေါက်ပြီပေါ့။ ဒါပေမဲ့ သိသိကြီးနဲ့ပဲ ပစ်ပစ်ခါခါကြီး မသိချင်ယောင်ဆောင် ထွက်သွားရမှာကို အားနာမိတယ်။ လိမ်နေတဲ့လူကို သူလိမ်နေတာ ကျွန်တော် သိနေပါတယ်ဆိုတဲ့အကြောင်း စကားနဲ့ထုတ်ပြောလိုက်ဖို့ နေနေသာသာ အမူအရာကလေးနဲ့တောင် မပြရက်ဘူး။ နောက်ပြီး ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အမေအရွယ်ကြီးပဲ ကိုယ်ချင်းစာစိတ်ကလေးတော့ ထားသင့်တယ်၊ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်တာမျိုး မလုပ်သင့်ပါဘူးဆိုတဲ့ စိတ်နဲ့ လက်ပတ်နာရီကိုကြည့် ဘယ်နှနာရီရှိပြီအမေလို့ ဖြေလိုက်ပါတယ်။ အဲဒီမှာ လပွတ္တာအမေကြီးက ဆက်လာတယ်။ ငါ့သား ဒီကပဲလားတဲ့။ သနားဖို့ကောင်းတဲ့ တောင်းရမ်းစားသောက် သူအမေကြီးခမျာ ကျွန်တော့်ကို သူတစ်ခါ တောင်းပြီးသားသူမှန်း မမှတ်မိရှာဘူး။ ပထမတစ်ခါတုန်းက ဇာတ်လမ်းကြီးအတိုင်းပဲ။ မြို့ နာမည်လေးသာ ပြောင်းသွားတယ်။ စစ်ကိုင်းကို ပြန်မလို့သားရယ်တဲ့ ဆိုပြန်ပါလေရော။ အမေကြီးဇာတ်လမ်းကို ကျွန်တော်သိပြီးသားဗျာ။ လှည့်ပတ်မနေပါနဲ့တော့ ဘာညာ ဘယ်မှာပြောရက် ပြောထွက်ပါ့မလဲဗျာ။ သက်ပြင်းပဲ ခပ်နာနာချပြီး အိတ်ကပ်ထဲက ငါးရာတန် လေးတစ်ရွက် ထုတ်ပေးလိုက်ပါတယ်။ သြော် တစ်နေရာရာကို တကယ်ပဲ ပြန်ခွင့်ရပါစေတော့ အမေကြီးရေလို့တောင် ဆုတောင်းပေးမိပါတယ်။
လိမ်လည်တောင်းရမ်း စားသောက်သူတွေနဲ့ပတ်သက်ပြီး လူတော်တော်များများရဲ့ အမြင်တွေကို ကျွန်တော် ကြားဖူးနေကျပါ။ အလုပ်လုပ်ချင်စိတ် မရှိဘူး၊ အလကား အချောင်စားချင်တဲ့ အချောင်သမားတွေ စသဖြင့်ပေါ့ဗျာ။ သူတို့လို လူတွေကို အပြစ်တင်နေရုံ၊ နှိမ့်ချနေရုံသက်သက်ကတော့ စဉ်းစားဆင်ခြင်တတ်တဲ့ လူတွေအနေနဲ့ မလုပ်သင့်တဲ့ အလုပ်မျိုးလို့ ကျွန်တော်ကတော့ ခံယူတာပါပဲ။ ကျွန်တော်တို့အနေနဲ့က ဒီထက်ဆိုးရွားတဲ့ လိမ်လည်မှုကြီးတွေ၊ ဒီထက် ပိုနည်းပရိယာယ်ပိုလှတဲ့ အချောင်သမားတွေကိုတောင် သတင်းစာတွေ၊ ဂျာနယ်တွေမှာ တွေ့နေရတာပဲလေ။ သူတောင်းစားကိုကျမှ လှံစိုက်တာမျိုးကတော့ မဖြစ်သင့်ဘူးပေါ့။
အခုအဖြစ်မှာလည်း ဒီလိုများ ဖြစ်နေမလားလို့ ကျွန်တော် တွေးနေမိတယ်။ မျက်နှာချင်းဆိုင်ဝိုင်းက လူကြီးက စကားစဖို့ ပြင်လိုက်တာနဲ့ ကျွန်တော့်မှာ အဲဒီ လပွတ္တ စစ်ကိုင်း အမေကြီးကိစ္စကို ပြေးမြင်လာပြီး ဒါမျိုးပဲလာဦးမှာလားလို့ စိုးရိမ်နေမိတယ်။ စိုးရိမ်ဆို ကျွန်တော့်အိတ်ကပ်ထဲမှာလည်း လက်ဖက်ရည်ဖိုးပိုက်ဆံအပြင် အပိုမပါဘူး။ သူငယ်ချင်းကလည်း ရောက်မလာသေးဘူး။ ဒါကြောင့် ရိုင်းတယ်လို့ ထင်ကာမှထင်ရော့။ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုတဲ့သဘောနဲ့ မျက်နှာလွှဲကာ ဟိုးအဝေးက ၀ိုင်းတွေကို ငေးနေလိုက်ရတယ်။
မရပါဘူးဗျာ။ သူ့ခမျာလည်း မျက်လုံးချင်းဆုံဖို့ ပြုံးပြဖို့ ဒီလိုတွေ ကြိုးစားပြီးကာမှ လွယ်လွယ်လက်မလျှော့ချင်တော့ဘူးနဲ့ တူပါတယ်။ သူသောက်ထားတဲ့ လက်ဖက်ရည်ခွက်ကလေး မလာပြီး ကျွန်တော့်ဝိုင်းကို ရောက်လာပါတော့တယ်။ ကျွန်တော်ကရော ဘာများ တတ်နိုင်ဦးမည်နည်းပေါ့။ ကျွန်တော်လည်း သူ့ကိုပဲ ဘာအကူအညီများ ပေးရပါမလဲခင်ဗျာဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်နေမိလိုက်တယ်။ သူစိမ်းလူတစ်ယောက်ဖြစ်နေတော့ သတိကလည်းထားရတယ်။ ဒီခေတ်ကြီးထဲမှာ ကျွန်တော်တို့အဖြစ်က အလိမ်ခံလိုက်ဖို့ အမြဲအသင့်ပဲ။ ခေတ်ရဲ့ စိတ္တဇကိုက တစ်ခုခုဆိုရင် အလိမ်ခံရတော့မယ်ချည်း ထင်နေမိတာပဲ။
သူပြောချင်တာ ကြာပြီဖြစ်တဲ့စကားကို စပြောပါတယ်။ “ငါ့တူရယ် ဘယ်လိုမှ မအောက်မေ့ပါနဲ့။ ဦးလေးအမျိုးသမီးက ဆေးရုံတင်ထားရတာ။ အဲဒါ …”
အဲဒါဆိုပြီး ရပ်နေပါတယ်။ သူကတော့ ဆက်ပြောသင့် မပြောသင့် ချိန်နေသလား မပြောတတ်ပေမယ့် ကျွန်တော့်စိတ်ထဲမှာတော့ အင်း ထင်ထားတဲ့အတိုင်းပဲရယ်လို့ တွေးပြီး နှာခေါင်းကနေ လေထွက်မသွားတဲ့ သက်ပြင်းပဲ ချနေလိုက်မိတယ်။
အဲဒီအထိကတော့ ထင်ထားသလိုပဲလို့ ဆိုရပေမယ့် တကယ်တမ်းက ကျွန်တော်ထင်ထားသလို မဟုတ်ဘူးဆိုတာ သူဆက်ပြောလာတဲ့ စကားနဲ့သိရတော့တာပဲ။ တကယ်က သူ့မိန်းမ ဆေးရုံတင်ထားတာ ပိုက်ဆံမလောက်လို့ ရွာက အိမ်မှာရှိတဲ့ သူ့သားကို ပိုက်ဆံယူခဲ့ဖို့ လှမ်းမှာချင်တာ။ ဖုန်းက မပါခဲ့ဘူးတဲ့။ (ဟုတ်တော့လည်း ဟုတ်သား။ ဒီခေတ်ထဲ လမ်းဘေးက ဖုန်းဆိုင်တွေကလည်း မရှိတော့ဘူးဆိုတော့ ဖုန်းနဲ့ နေသားကျနေသူတွေမှာ အရေးပေါ် ဖုန်းဆက်ဖို့လိုလာချိန် ဖုန်းမရှိရင် တကယ့်ပြဿနာပဲ။) ကျွန်တော်ကလည်း ဖုန်းကြည့်နေတာဆိုတော့ ဖုန်းလေးတစ်ကောလောက် ဆက်ချင်လို့ အကူအညီတောင်းချင်တာပါတဲ့။ သြော် စောစောကပြောရောပေါ့ ဦးလေးရယ်လို့တောင် စိတ်ထဲက ပြောမိတယ်။ သူ့အလိုလို စိတ်အံကို ကြိတ်ထားမိတာလည်းကျသွားပြီး သက်သောင့်သက်သာတွေ ဘာတွေဖြစ်သွားတယ်။ ရုတ်တရက်ကို ထပြီး သာယာသွားတဲ့ နွေရက်ကလေးပါပဲ။
ဆက်ပါ ဦးလေးရယ် ဆက်ပါလို့ ဖုန်းကိုထိုးပေးလိုက်တော့မှ သူ့ခမျာ စောစောက ငယ်ထားတဲ့ မျက်နှာကလေး ပြုံးလိုက်နိုင်ပြီး သူ့သားဆီဖုန်းဆက်ပါတော့တယ်။ ရွာသူရွာသားဆိုတော့လည်း ဖုန်းပြောတာ မြန်ပါတယ်။ တိုတိုနဲ့ လိုရင်းပါပဲ။ လမ်းတစ်ဖက်ကနေ ကြားလောက်အောင် အသံကျယ်တာတစ်ခုတော့ ပြောစရာရှိတာပေါ့။
သူ့ကိစ္စပြီးတော့ ကျွန်တော့်ကို ကျေးဇူးတင်ကြောင်း ပြောပါတယ်။ ပြီးတော့ ဆေးရုံကို ပြန်သွားလိုက်ဦးမယ်လို့ နှုတ်ဆက်ရင်း ကျွန်တော့်လက်ဖက်ရည်ဖိုးပါ ဘေးလူတွေအမြင်မှာ မြင်မကောင်းတော့အောင် အတန်တန်တားတဲ့ကြားက ဇွတ်ရှင်းသွားပါလေရဲ့။ ဆေးရုံဘက်ကို သူထွက်သွားတော့ ကျွန်တော်လည်း အဖြစ်အပျက်ကို စဉ်းစားပြီး ကိုယ့်စိတ်ကိုကိုယ် ပြန်ဖာထေးနေမိတယ်။ တကယ်တော့ ဒီလူကြီးအပေါ် ဟိုအမေကြီးလိုများ ဖြစ်နေမလားရယ်လို့ လျှောက်တွေးမိတယ်ဆိုတာကလည်း လက်ငင်းမှာ ကိုယ်တိုင်ကကို လက်ဖက်ရည်ဖိုးအပြင် တခြားမပါလို့သာ ဖြစ်ရတာပဲ မဟုတ်လား။ နည်းနည်း ကသိကအောက်ဖြစ်မိတယ် ဆိုပေမယ့်လည်း ပြီးခဲ့တဲ့ နွေတစ်ရက်ဆီက အကြောင်းပဲလေ။ ခုတော့ ဘယ်လိုမှလည်း မနေတော့ပါဘူး။
20180212_165838.jpg

@kyawhlaing

Sort:  

တောင်းစားနည်း တစ်မျိုဇးပေါ့ဟယ် တောင်းတာတောင် အမျိုဇမျိုး ပြောတောင်
တာဆိုတာ့ စွန်းဥာဏ်ကောင်း တာမို့ လှူသာလှူလိုက်
နိလည်း ဥာဏ်ကောင်းလာလိမ့်မယ် …………

နိကောဥာဏ်ကောင်းချင်ပုလား ဟမ်

ခဏခဏကြုံမိပါရဲ့။လမ်းစရိတ်​မပါလို့လို့ဘာညာ​တွေ။

ဟုတ်တယ် တွေ့နေတာပဲ

ကိုယ်ကူညီနိုင်စော်ကို ကူညီရချိန်ကတော့ အစ်ကို ကိုယ့်ကိုဟီရိုးတစ်ယောက်ဖြစ်လားပိုင်ခံစားရပါယေ

ဟုတ်တယ်

ဖြစ်တတ်တဲ့သဘောလေးတွေ
တစ်ခါကြုံဘူးတော့လဲ

ဟုတ်တယ်ဗျိုးးးး

Coin Marketplace

STEEM 0.04
TRX 0.32
JST 0.082
BTC 61217.01
ETH 1624.35
USDT 1.00
SBD 0.42