အမေ့ဝဋ်ကြွေး ကျေပါစေ
လောကမှာ မိဘနဲ့သားသမီးဟူသည် ကင်းကွာ၍မရသော အနီးကပ်ဆုံးလူသားများဖြစ်ကြပါသည်။ သားသမီးများသည် မိဘနှစ်ပါးကနေ မွေးဖွားပြုစုစောင့်ရှောက်ပေးမှုနှင့် ကြီးပြင်းလာကြရသော သူများချည်းမို့ မိဘမေတ္တာ မိဘကျေးဇူးကို နားလည်ပေးဖို့ အရေးကြီးသလို မိဘများကလည်း မိမိတို့၏ သားသမီးများကို ငယ်စဉ်ထဲက လမ်းမှားမရောက်အောင် သွန်သင်ဆုံးမပေးဖို့ အလွန်အရေးကြီးပါသည်။
ငယ်စဉ်အခါ သားသမီးများကို ဆုံးမမှုအားနည်းပြီး အချစ်မှားကာ အလိုလိုက်ခဲ့မိသော အမေအိုတစ်ယောက်အကြောင်း ပညာပေးဆောင်းပါးအဖြစ် ရေးသားလိုက်ပါသည်။
"လူလေးတို့ရေ..အဖွားသားနဲ့သမီး ထွန်းအေးနဲ့ အေးသက်က အဖွားကိုလာရှာရင် အဖွားဒီမှာရှိနေတယ်လို့ ပြောပေးကြပါကွယ် နော်"
တစ်နေ့ပြီး တစ်နေ့ ဘိုးဘွားရိပ်သာ၏ကုတင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်လိုက် အိပ်လိုက် လုပ်နေရင်း ဘယ်တော့မှ လာတွေ့မှာမဟုတ်သော သားနဲ့သမီးကို မျှော်လင့်ခြင်းကြီးစွာ စောင့်နေသော မျက်မမြင်အဖွားကြီး ဒေါ်အေးဘုံတစ်ယောက် ကိုခြိုက်တို့ကို လှမ်းမှာနေခြင်းဖြစ်သည်။
မိဘမေတ္တာကြီးမားသည်၊ မိဘကျေးဇူးကြီးမားလွန်းသည်ဟု အပြောလွယ်သော်လည်း တကယ်လက်တွေ့ဘ၀မှာ မိဘကျေးဇူးကိုသိတတ်ပြီး ကျေးဇူးဆပ်တတ်သည့် သားသမီးကား အလွန်ရှားပါးပါ၏။ ကျေးဇူးမဆပ်သော်လည်း ကျေးဇူးမကန်းဖို့တော့ လိုပါသည်။ "မိဘမျက်ရည်တစ်စက် သားသမီးတသက်" ဆိုသည့်အတိုင်း မိဘကိုမျက်ရည်ကြီးငယ်ကျအောင် လုပ်မိကြသောသားသမီးများသည်လည်း ဘ၀တစ်လျှောက်လုံး ဘာလုပ်လုပ် အဆင်ပြေနိုင်ကြမည် မဟုတ်ပေ။
တကယ်တော့ ဒေါ်အေးဘုံတို့ဘ၀ လွန်ခဲ့သော နှစ်အစိတ် သုံးဆယ်လောက်က လယ်နဲ့ယာနဲ့ တင့်တောင့်တင့်တယ် နေနိုင်သည့် တောသူဌေးလေးတစ်ယောက်ပင်။ အရွယ်ရောက်လာသောအခါ မိဘများက ရွာထဲမှ အေးအေးလူလူ တည်တည်ငြိမ်ငြိမ်နေတတ်သည့် ကိုတင်ထွန်း လက်ထပ်ပေး၍ နှစ်အတန်ငယ်ကြာလာသည့်အခါ မောင်ထွန်းအေးနဲ့ မအေးသက်ဆိုတဲ့ သားသမီးနှစ်ယောက် ရရှိလာပါသည်။
စီးပွားရေးက အတန်ငယ်ပြေလည်တော့ သားနဲ့သမီးကို အလိုလိုက်၏။ ငယ်စဉ်ထဲက သားနဲ့သမီးလိုအပ်သမျှကို ဖြည့်ဆီးပေးထားသည်။ သားနဲ့သမီးက "ဒီနေ့ကျောင်းမတက်ချင်ဘူး" ဆိုလျှင်ပင် ကျောင်းသို့မသွားစေဘဲ နေခိုင်း၏။ ကျောင်းတက်သောနေ့များမှာလည်း မောင်ထွန်းအေးသည် အတန်ဖော်များနှင့် ခဏခဏ အနိုင်ကျင့်ရန်ဖြစ်လေ့ရှိသည်။ ပြဿနာဖြစ်လာတိုင်း ဒေါ်အေးဘုံသည် မိမိသားသမီးများ အမှားကျူးလွန်မိသော်လည်း အမြဲကာကွယ်ပြောဆိုတတ်သည်။ သားသမီးများကို သွန်သင်ဆုံးမ အကောင်းအဆိုးကို ခွဲခြားညွှန်ပြလေ့မရှိဘဲ အလိုလိုက်ဖန်များလာတော့ မောင်ထွန်းအေးနှင့် မအေးသက်သည် တစတစ စိတ်ရိုင်းများဝင်လာကာ ထိမ်းမနိုင်သိမ်းမရဖြစ်လာ၍ ခြောက်တန်းတက်ပြီး နှစ်ဝက်လောက်မှာပင် ကျောင်းထုတ်လိုက်ရပေသည်။
ယောက်ျားလုပ်သူ ကိုတင်ထွန်းကလည်း အေးအေးဆေးဆေးနေတတ်သည့် လူတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တော်ရုံနှင့် စကားဝင်မပြော။ ဒေါ်အေးဘုံက သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ်သလိုဖြစ်ပြီး သားနဲ့သမီး ဆိုးချက်ကမ်းကုန်လာသည်။ သောက်စားမူးယစ်တတ်လာသည်၊ လောင်းကစားတွေလုပ်တတ်လာသည်၊ အမေကအလိုလိုက် အဖေကလူအေးဆိုတော့ အရပ်ထဲမှာ မူးယစ်သောက်စားပြီး စကားများ ရန်ဖြစ် သောင်းကျန်းချင်တိုင်း သောင်းကျန်းသည်၊ ကြာလာတော့ မိဘကိုတောင် မဖွယ်မရာဆဲတတ်လာသည်။ သားထွန်းအေးက တခါတခါ အရက်မူးလာရင် စိတ်မထင်ရင် မထင်သလို မအေကိုရိုက်တတ်သေးတယ်။ သားသမီးကို ငယ်စဉ်အခါ မဆုံးမဘဲ အလိုလိုက်ခဲ့မိသည့်အကျိုးကို ဦးတင်ထွန်းနဲ့ဒေါ်အေးဘုံ လက်တွေ့ခံစားလာရသည်။ တစ်နေ့တစ်နေ့ စိတ်ဆင်းရဲမှုများနှင့်သာ ရင်ဆိုင်နေရသည်။
ဒီလိုနဲ့ တစ်နေ့ ဒေါ်အေးဘုံ၏ ခင်ပွန်း ဦးတင်ထွန်း ကွယ်လွန်ဆုံးပါးသွားပါလေရော..။
အိမ်ထောင်ဦးစီးမရှိတော့သည့် ဒေါ်အေးဘုံခမျာ မလုပ်တ်မကိုင်တတ်၊ ပညာလည်းမတတ်တော့ စီးပွါးဥစ္စာလည်း တိုးပွါးအောင်မရှာဖွယ်တတ်၊ သားနဲ့သမီးကလည်း အားကိုးမရ၊ ကိုတင်ထွန်းစုဆောင်းခဲ့သည့် ပစ္စည်းဥစ္စာလေးများနှင့် ထိုင်စားနေကြရာ ပထမတစ်နှစ် နှစ်နှစ်တော့ အခြေသိပ်မပျက်သေး။ သုံး လေး နှစ်လောက်လည်းကြလာရော ဟိုလူကလိမ်ဒီလူကလိမ်၊ သားကအရက်သမား သမီးက ချဲသမားဆိုတော့ အိမ်တွင်းပစ္စည်းများ မဖြည်းဖြည်းကုန်ခန်းလာကာ နောက်ဆုံး ရှိတဲ့လယ်များကိုရောင်းလိုက်ရသည်။ အဲသည်မှာ မအေကြီးငုတ်တုတ်ရှိရက်သားကို သားနဲ့သမီးက အမွေတောင်းကြပါတော့သည်။
"တောင်းဆိုးပလုံးဆိုကိုသာ ပစ်ရိုးထုံးစံရှိသည်၊ သားဆိုးသမီးဆိုကို ပစ်ရိုးထုံးစံမရှိ" ကိုယ့်သားမသမီး ဘယ်လောက်ဆိုးဆိုး ဒေါ်အေးဘုံမျက်စိမှာတော့ အဆိုးလို့မမြင်ဘဲ ချစ်မြဲတိုင်းချစ် အလိုလိုက်မြဲတိုင်း လိုက်နေဆဲပင်။
"ပစ္စည်းဥစ္စာဆိုတာ မတည်မြဲပါဘူး
အသက်နှင့်ခန္ဓာဆိုတာလည်း မတည်မြဲပါဘူး
ကိုတင်ထွန်းလည်း မရှိတော့ဘူး
ပစ္စည်းဥစ္စာတွေလည်း ကုန်ခန်းကုန်ပြီ
တစ်ချိန်က ပျော်ခဲ့ပါးခဲ့သမျှ ပျက်ချိန်တန်တော့ ပျက်ရတာပါပဲလေ
ဒီအိမ်လေးကိုရောင်းပြီး သားနဲ့သမီးကို ခွဲပေးလိုက်တော့မယ်" ဟု တွေးကာ ရွာထဲက ရပ်မိရပ်ဖများ တားနေသည်ကြားကပင် ဒေါ်အေးဘုံတစ်ယောက် အိမ်နဲ့ခြံကိုရောင်းပြီး သားနဲ့သမီးကို တ၀က်စီ အမွေခွဲပေးလိုက်ပြီး ရွာအပြင် မြေလွတ်လေးတခုမှာ တဲအိမ်ကလေးဆောက်ကာ နေလေသည်။ အမွေရပြီး မကြာခင်မှာပင် သားနဲ့သမီးက အမေကိုပစ် ငွေထုတ်ပိုက်ပြီး မြို့ကိုပြောင်းကာ အသီးသီးအိမ်ထောင်ပြုသွားကြပါတော့သည်။
မိဘနဲ့သားသမီး သံယောဇဉ်များ အပြန်အလှန်ထားကြသည်ဆိုပေမေ့ မိဘဖက်က အလေးသာစမြဲပါ။ သားသမီးများသည် အတောင်မစုံသေးခင် မိဘရင်ခွင်ခိုနားတတ်ပြီး အတောင်အလက်စုံလို မိဘထက် ချစ်ရသူကိုတွေ့သွားသောအခါ မိဘဆိုသည့် မြင့်မိုရ်တောင်ကို တုံးမှတ်လို့ ခုန်တက်သွားကြပြန်ပါသည်။ တပြည်တရွာမှာ စီးပွါးဖြစ်လို့ သာယာစိုပြည်နေရင်လည်း အမေ့အိမ်ကိ ခြေဦးလှည့်တတ်သူကား ရှားလှသည်။
ရွာအပြင်တဲလေးထဲမှာ ၀တ်စရာကလည်း မပြည့်စုံ၊ နေစရာကလည်း မလုံခြုံ ဆန်ကွဲထမင်းစားနေရသော ဒေါ်အေးဘုံ တခါတလေ ဆန်ကောင်း ဟင်းကောင်းလေးချက်စားရင် "ငါ့သားသမီးတွေ ဒီလိုမှစားရလေရဲ့လား" လို့ သတိရပြီး မျိုမကျဖြစ်နေတတ်သည်။ တစ်ယောက်ထဲ ဆင်းရဲပင်ပန်းစွာ ဘ၀ခရီးကို ရင်ဆိုင်ဖြတ်ကျော်နေရသော်လည်း တခါတခေါက် လာကြည့်ဖေါ်တောင်မရသော သားနဲ့သမီးကို အပြစ်မမြင်တတ်ပဲ ကျမ်းမာချမ်းသာစေကြောင်း အမြဲအပြတ်မေတ္တာပို့နေတတ်သည်။ မိဘနှင့်သားသမီး မေတ္တည ကွာချင်တိုင်းကွာနေလေရဲ့။
ဒေါ်အေးဘုံတစ်ယောက် လူလတ်ပိုင်းအရွယ်လွန်လို့ ဇရာအရွယ်ရောက်လာသောအခါ ကျမ်းမာရေးကလည်း ချူချာလာနေပြီ၊ ကွဲကွာနေသော သားနဲ့သမီးကို အောက်မေ့သတိရ တွေ့ချင်ဇောနှင့် မြို့ကိုလိုက်လာပြီး သားနဲ့သမီးအိမ် တလှည့်စီသွားနေသည်။
ပထမ သားအိမ်မှာ သူတို့ကျေနပ်အောင် ပန်းကန်ဆေး အ၀တ်လျှော် ကလေးထိန်းရင်း တပတ်ဆယ်ရက်လောက်ကြာလာသောအခါ သားအလိမ္မာတုံးလေးက မကြည့်ဖြူတော့ပေ။ မူးလာတိုင်း အမေအိုကြီးကို ဆဲဆိုကြိမ်းမောင် ရိုက်နှက်လေတော့ ဒဏ်မခံနိုင်ဘူးဆိုပြီး သမီးအိမ်ကိုတစ်လှည့်သွားနေပြန်သည်။ သမီးအိမ်ကိုရောက်ပြန်တော့လည်း နှစ်ရက်သုံးရက်ကြတော့ သမက်ကမကြည်ဖြူ သမီးအလိမ္မာလေးကလည်း ညညဖဲဝိုင်းမှာ ဒီအဖွားကြီးက ဘုရားအကျယ်ကြီးရှိခိုးလို့ နားညည်းတယ်ဆိုပြီး ဖဲဝိုင်းရှိတဲ့ညတိုင်း အမေအိုကြီးကို အိမ်အပြင်မှာဖျာခင်းပြီး အိပ်ခိုင်းသည်။
အေးစက်လှသည့် ဆောင်းညများကို အံတုကျော်ဖြတ်နေသော်လည်း အသက်အရွယ်ကြီးပြီး အင်အားချိနဲ့နေပြီဖြစ်သော ဒေါ်အေးဘုံတစ်ယောက် အအေးဒဏ်ကိုတောင့်မခံနိုင်တော့ဘဲ တစ်ပတ်လောက်အကြာမှာ ခန္ဓာကိုယ်အောက်ပိုင်းချိပြီး လမ်းမလျှောက်နိုင်တော့သည့်အပြင် မျက်လုံးနှစ်ဖက်ပါကွယ်သွားလေသည်။
မျက်မမြင်ဒုက္ခိတဘ၀ရောက်သွားရှာသော အမေအိုကို သမီးလုပ်သူက ဆေးကုပေးဖို့နေနေသာသာ ထမင်းတောင် ကောင်းကောင်းမကျွေးတော့ပေ။ ဖဲကရှုံး ချဲကမွေး အရှုံးတွေချည်းများလာတဲ့အခါ အကြောင်းမရှိအကြောင်းရှာ "အိမ်မှာဒီလိုအမေအိုရှိနေလို့ ကြက်သရေယုတ်တယ်၊ လာဘ်ပိတ်တယ်" ဆိုပြီး ဒုက္ခိတအမေအိုကို အိမ်ပေါ်ကနှင်ချလိုက်ပါတော့သည်။
ဒီလိုနဲ့ ဒေါ်အေးဘုံတစ်ယောက် သားသမီးများက မကြည့်ဖြူ၊ ကိုယ်ပိုင်ဥစ္စာရယ်လို့ ဘာမှမရှိ ခိုကိုရာမေ့ကာ သူ့ဇာတိရွာလေးဆီပြန်လာ ခွက်လေးတစ်လုံး လက်စွဲပြီး တုတ်ကောက်လေး တစ်ချောင်းအားပြုလို့ ရွာရိုးကိုပေါက် ဟိုလူ့အိမ်ကထမင်းတောင်း ဒီလူ့အိမ်ကဟင်းလေးတောင်း သူတောင်းစားမကြီးဘ၀နဲ့ ဘ၀နေ၀င်ချိန်ကို ဆင်းရဲကြီးစွာဖြတ်သန်းနေရပါတော့သည်။
"မှန်ကင်းတစ်လှည့်… ထင်းတစ်လှည့်
သစ်ငုတ်မြင်တုံ… မြက်မြင့်တုံ
ဗုံလုံတစ်လှည့်…ငါးပျံတစ်လှည့်
ခေါက်ရှာငှက်ပျံ… လောကဓံ " ဆိုသည့်အတိုင်း အချိန်က မိသားစုစုံလင်စွာ ပြည့်ပြည့်စုံစုံနှင့် ဘ၀ကိုသာယာပျော်ရွှင်စွာ ဖြတ်သန်းလာခဲ့သည့် အဖွားဒေါ်အေးဘုံ ကံကြမ္မာကမျက်နှာသာမပေး ဘ၀နစ်ဆစ်ချိုးအလှည့်အပြောင်းမှာ တစ်ယောက်ထည့် မျက်မမြင်ဒုက္ခိအဖြစ်နဲ့ ခွက်ကိုလက်စွဲပြီး တုန်တုန်ယင်ယင် သူ့ခမျာ တောင်းစားနေရရှာပါသည်။
ဆောင်းမနက်ခက်တစ်နေ့မှာ ကိုခြိုက်တစ်ယောက် ဗိုက်ထဲက ဆန္ဒပြနေသည့်အတွက် မျက်နှာမသစ်ချင်သစ်ချင်နဲ့ အမြန်သစ်ပြီး ရွာထဲက စားနေကျ အပျိုကြီးဖြူမေ၏ မုန့်ဟင်းခါးဆိုင်သို့ တရွေ့ရွေ့လျှောက်အလာ လူအုပ်ကြီးတစ်ခုကို အဝေးကပင်လှမ်းမြင်လိုက်သည်။
သူငယ်ချင်းလှသန်းကိုဝင်ခေါ်ပြီး သိချင်ဇောဖြင့် လူအုပ်ကြီးရှိရာသို့အနားကပ်ကာ ကြည့်လိုက်တော့ လမ်းဘေးမှာလဲနေသော အဖွားဒေါ်အေးဘုံကို ဘိုးဘွားရိပ်သာပို့ဖို့ ရပ်ကွက်လူကြီးနှင့် ရွာလူကြီးများ တယောက်တခွန်းပြောကာ တာဝန်ပေးနေကြသည်။ အကုန်လုံး ကိုယ့်အလုပ်နှင့်ကိုယ်မို့ တာဝန်ယူပို့ပေးမည့်သူမရှိသောအခါ ရက်ကွက်လူကြီးက ကိုခြိုက်တို့ဘက်ကိုလှည့်လာပြီး
"ဟာ ကိုခြိုက်၊ မင်းတို့ရောက်လာတာနဲ့ အတော်ပဲကွာ၊ ဒီမှာလဲအားတဲ့သူတစ်ယောက်မှမရှိ၊ မင်းတို့ကလူပျိုလူလွတ်ဆိုတော့ ဒီတာဝန်ကို မင်းယူလိုက်ကွာ"
"ဟာ…ဦးလေးကလဲ၊ ကျွန်တော်ဘာမှမသိဘူးလေ၊ ဘာကိုတာဝန်ယူရမှာလဲဗျာ"
"မင်းကလဲ ဆုံးအောင်နားထောင်မှာပေါ့ကွ၊ ငါမပြောတာမပြီးသေးဘူးလေ"
"ဟုတ်.. ဟုတ်.. ဆက်ပြောပါ"
"ဒီမှာကွာ၊ ဒေါ်အေးဘုံအကြောင်းလဲ မင်းတို့သိပြီးသားပဲ၊ ရှည်ရှည်ဝေးဝေး ပြောနေစရာမလိုတော့ဘူး၊ အခု သူ့ကို မြို့ကဘိုးဘွားရိပ်သာကိုပို့မလို့ စီစဉ်နေကြတာ၊ အဲဒါ မင်းတို့သွားပြီး ပို့ပေးကြပါ၊ ငါဆရာတော်ဆီ ဖုန်းဆက်အကြောင်းကြားထားလိုက်မယ်။ ဘာမှတော့ထွေထွေထူးထူး လုပ်စရာမလိုဘူး၊ ပို့ပေးရုံပဲ"
"သြော်…ပို့ပေးရုံလေးဆို ရပါတယ်၊ ပို့ပေးပါမယ်၊ ဒါပေမေ့ ခုတော့ ဗိုက်အရမ်းဆာနေပြီ ဦးလေး၊ ဗိုက်လေးတော့ ဖြည့်လိုက်ပါဦးမယ်"
"အေး အေး သွားစားကြ၊ ရော့ကွာ ငါဒကာခံလိုက်မယ်"
ပြောပြောဆိုဆိုနှင့် ရက်ကွက်လူကြီးက သူ့အိပ်ထဲက ငါးထောင်တန်တစ်ရွက်ထုတ်ပြီး မုန့်ဖိုးပေးလိုက်သည်။ ကိုခြိုက်နှင့် လှသန်း ရွာလူကြီးပေးသော မုန့်ဖို့ကိုယူပြီး အပျိုကြီးဆိုင်မှာ ၀ါးတီးသွားဆွဲကြသည်။ မုန့်ဟင်းခါးစားပြီး ကိုခြိုက်က နောက်သူငယ်ချင်းနှစ်ယောက်လောက်ခေါ်ပြီး မျက်မမြင်ဒုက္ခိတ အိုမင်းမစွမ်းဖြစ်နေရှာသော အဖွားဒေါ်အေးဘုံကို ဘိုးဘွားရိပ်သာသို့ လိုက်ပို့ပေးလိုက်ကြပါသည်။
ဘိုးဘွားရိပ်သာကိုရောက်သောအခါ နာယကဆရာတော်ဆီမှာခွင့်ပန်ပြီး ဆရာတော်မှ အဖွားဒေါ်အေးဘုံကို အဖွားဆောင်မှာနေရာပေးသည်။ ကိုခြိုက်က သူ့ခါးမှာ ကြိုးနဲ့ကျစ်နေအောင် အမြဲချည်ထားသော ကြွပ်ကြွပ်အိပ်လေးကိုယူပြီး သူအိပ်ရမယ့် ကုတင်ခြေရင်းက သေတ္တာလေးထဲ ပြောင်းထည့်ပေးဖို့ ဖြေဖွင့်လိုက်သောအခါ
ကြွပ်ကြွပ်အိပ်လေးထဲမှာ
ယောဂီထမီ အဟောင်းတစ်ထည်ရယ်
ညစ်နွမ်းနွမ်း တဘက်တစ်ထည်ရယ်
ဟောင်းနွမ်းနေသောအနွေးထည်လေးတစ်ထည်ရယ်
ပန်းကန်ပြားတစ်ချပ်ရယ်
တစ်စုံတစ်ရာကိုလိပ်ထားသော လက်ကိုင်ပုဝါလေးတစ်ခုရယ်
စုစုပေါင်းပစ္စည်းငါးမျိုး ထွက်လာသည်။
လက်ကိုင်ပုဝါလေးထဲမှာ ဘာများပါလို့ ဒီလောက်တရိုတသေ သိမ်းထားတာပါလိမ့်ဆိုပြီး သိချင်ဇောနဲ့ ကိုခြိုက် ဖြေကြည့်လိုက်သည်။
အိုး.....
သူ့အပေါ် ဘ၀တစ်လျှောက်လုံး နှိပ်စက်ခဲ့သော
သူ့ဘ၀ကို သူတောင်းစားဖြစ်အောင် လုပ်ခဲ့သော
သူ့ဘ၀နေ၀င်ချိန်ကို အားကိုးရာမဲ့အောင်လုပ်ခဲ့ကြသော
သူ့ သားနဲ့သမီး၏ ဓာတ်ပုံလေးထွက်လာခဲ့ပါသည်။
ကိုခြိုက်တစ်ယောက် ရင်ထဲဆို့နင့်သွားပြီး ငေးငိုင်သွားလေ၏။
သြော်…မိဘမေတ္တာ ..မိဘမေတ္တာ..စာဖွဲ့စရာ စကားလုံးမရှိဘူးဆိုတာ သိပ်မှန်တာပဲ။
သားသမီးကိုချစ်ခြင်းလား၊ ဘ၀၀ဋ်ကြွေးကိုဆပ်နေရခြင်းလား ကိုခြိုက်တယောက် ဝေခွဲမရ။
အဖွားဒေါ်အေးဘုံကိုကြည့်လိုက် လက်ထဲကဓာတ်ပုံကိုကြည့်လိုက်နှင့် ကိုခြိုက်တွေးမိနေသည်။
"သူကမျက်မမြင်တစ်ယောက် ဖြစ်နေပြီလေ..
ဒီဓာတ်ပုံကို သူသိမ်းထားတော့ရော မြင်ရပါ့မလား
မြင်နိုင်လိမ့်မယ်ထင်ပါသည်။
ဒီဓာတ်ပုံကို အဖွားအိုဟာ မိခင်မေတ္တာအလင်းနဲ့ကြည့်ပြီး နှလုံးသားထဲကခံစားမြင်နိုင်ပါလိမ့်မည်"
"ဟောင့်.. ပြန်ကြမယ်လေ၊ ဘာငေးနေတာလဲ"
ဘေးနားကသူငယ်ချင်းခေါ်တော့မှ ပစ္စည်းများကို သေတ္တာထဲ စီစီရီရီထည့်ပြီး အဖွားအေးဘုံကို နှုတ်ဆက်လိုက်သည်။
"အဖွား ကျွန်တော်တို့ ပြန်တော့မယ်နော်.."
"အေး..အေး..ပြန်တော့ ပြန်တော့.."
ကိုခြိုက်တို့ လှည့်ထွက်လာသောအခါ အဖွားအေးဘုံက ကိုခြိုက်တို့ကို လှမ်းခေါ်ပြီး ပြောလိုက်သည်။
"လူလေးတို့ရေ..အဖွားသားနဲ့သမီး ထွန်းအေးနဲ့ အေးသက်က အဖွားကိုလာရှာရင် အဖွားဒီမှာရှိနေတယ်လို့ ပြောပေးကြပါကွယ် နော် လူလေးတို့"
ကိုခြိုက်တို့ ပြန်မဖြေဘဲ စိတ်မကောင်းစွာနှင့် ဆက်လျောက်လာခဲ့ကြလေသည်။
တစ်နေ့ပြီး တစ်နေ့
ဘိုးဘွားရိပ်သာ၏ကုတင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်လိုက် အိပ်လိုက် လုပ်နေရင်း
ဘယ်တော့မှ လာတွေ့မှာမဟုတ်သော သားနဲ့သမီးကို မျှော်လင့်ခြင်းကြီးစွာ စောင့်နေရင်း
ခပ်နွမ်းနွမ်းလက်ကိုင်ပုဝါလေးထဲက သားနဲ့သမီးဓာတ်ပုံကို ကန်းနေသောမျက်လုံးတစ်စုံနှင့် အလွမ်းပြေကြည့်ရင်း
အဖွားအိုတစ်ယောက်
ဘ၀နေ၀င်ချိန်ကို စောင့်မျှော်ဖြတ်သန်းနေလေရဲ့…..။
သားသမီးတိုင်း မိဘကျေးဇူးကိုနားလည်သိတတ်ပြီး ကြင်နာယုယစွာ ပြုစုစောင့်ရှောက်နိုင်ကြပါစေ
@kyawhlaing
MSC-015
photo - google image
ဖက်လို့အရမ်းကောင်းပါတယ်👍
ကျေးဇူးတင်ပါတယ် bro
မိဘကျေးဇူးကိုအကုန်နားလည်ကြရင်သိပ်ကောင်းမှာဘဲနော်
မှန်တာပေါ့
မျက်ရည်တောင်ဝဲမိပါတယ်ဗျာ။အဖွား ဘဝကူးကောင်းပါစေ။
ဖတ်ရှုပေးတာကျေးဇူးတင်ပါတယ်ဗျာ
မိဘကျေးဇူးဆပ်နိုင်ကြပါစေ
ဟုတ် ကျေးဇူးတင်ပါတယ်
ရန်သူမျိုးငါးပါးထဲက တစ်ပါးဖြစ်တဲ့ သားဆိုး သမီးဆိုးတွေနဲ့ မိဘတိုင်းကင်းဝေးနိုင်ကြပါစေ...
ဟုတ်ကဲ့ပါ ကင်းဝေးကြပါစေဗျာ
စုန်ရေသာရှိ ဆန်ရေမရှိ ။
Good article !
ဟုတ် ကျေးဇူးတင်ပါတယ် bro
ဆရာချစ်ရေ မဖတ်တော့ဘူးနော် ညီမ proတင်တာ နောက်ကျသွာ့း voteပဲပေးခဲ့တယ်
ဟုတ် ဟုတ် ကိုယ်လည်းနောက်ကျတယ်ဒီနေ့
အရေးအသား အရမ်းကောင်းပါတယ် bro
ကျေးဇူးတင်ပါတယ် bro
အရေးအသားတကယ်ကောင်းတယ် bro
ဖတ်ပေးတာကျေးဇူးပါ bro
စိတ်မကောင်းစရာပဲ။မိဘကျေးဇူးကို မမေ့သင့်ပါဘူးလေ။
အမှန်ပါပဲ