" ကတိ၊ သစ္စာ " အပိုင်း (၂)

in #myanmar7 years ago

" ကတိ၊ သစ္စာ "
အပိုင်း (၂)IMG_20180123_160009.png
Steemit ပေါ်ကသူငယ်ချင်းများအားလုံးကို တောင်းပန်ပါတယ်ဗျာ။ ကျနော်အခုရက်ပိုင်း အရမ်းကိုအလုပ်များနေလို့ " ကတိ၊ သစ္စာ " အပိုင်း(၂) တင်ပေးဖို့ နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်ဗျာ။
မင်းမှာသစ္စာ၊ လူမှာကတိ ဆိုတဲ့အတိုင်း ဘုရင်ကြီးနဲ့မင်းသမီးလေးတို့ဟာ သူတို့ပေးထားတဲ့ ကတိစကားတစ်ခွန်းအတွက် တောသားလေးတောင်းဆိုတဲ့အတိုင်း မင်းသမီးလေးဟာ တောသားလေးခေါ်ဆောင်ရာ ကျေးလက်တောရွာလေးသို့ လိုက်ပါလာခဲ့ရပါတော့တယ်။
ဒီလိုနဲ့တောသားလေးဟာ သူအရမ်းချစ်ရတဲ့ ယုန်လေးအစား မင်းသမီးလေးသူ့အနားမှာ ရှိနေပြီဆိုတော့ သူအရင်တုန်းကထက် နှစ်ဆပိုပြီး ထင်းတွေကောက်ပြီး နှစ်ယောက်စာ ၀မ်းရေးအတွက် ကြိုးစားရတော့တာပေါ့။ အရင်တုန်းကလိုပဲ သူထင်းကောက်ဖို့ တောထဲကိုသွားတိုင်း မင်းသမီးလေးကို ခေါ်သွားတာပေါ့။ မင်းသမီးလေးကိုလဲ ဘာမှမလိုရလေအောင် ကျွေးမွေးပြုစုသတဲ့။
ဒါပေမယ့် မင်းသမီးလေးဟာလဲ တောသားလေး ပင်ပင်ပန်းပန်းနဲ့ ရှာဖွေကျွေးမွေးနေတာ ကို မကြည့်ရက်၊ မစားရက်တာကြောင့် တောသားလေးကိုဝိုင်းကူပြီး ထင်းတွေကောက်ပေးလေသတဲ့။ ဒါပေမယ့် တောသားလေးဟာ မင်းသမီးလေးကို လုံးဝ ထင်းကောက်ခွင့်မပေးသောကြောင့် မင်းသမီးလေးဟာ တောသားလေးခေါ်ဆောင်ရာ တောထဲကို အဖော်အဖြစ်နဲ့သာ လိုက်ပါရသတဲ့။
ဒီလိုနဲ့ တစ်ရက်ကျတော့ တောသားလေးထင်းကောက်နေစဉ် မင်းသမီးလေးခြေထောက်ကို မြွေကိုက်သွားသတဲ့။ အဲ့ဒီမှာပဲ တောသားလေးဟာ မင်းသမီးရဲ့မြွေကိုက်ခံရတဲ့ အနာကမြွေဆိပ်တွေကို ပါးစပ်နဲ့စုပ်ထုတ်ခဲ့တယ်။ တောသားလေးဟာ မင်းသမီးလေးရဲ့ခန္ဓာကိုယ်ထဲ မြွေဆိပ်တွေ ပျံ့သွားမှာကို အရမ်းစိုးရိမ်သောစိတ်ကြောင့် အနာကမြွေဆိပ်တွေကို အပြင်ကိုထွေးမထုတ်ပဲ မျိုချပစ်ခဲ့တယ်။
ဒီလိုနဲ့ မင်းသမီးလေးရဲ့ ခြေထောက်ကမြွေဆိပ်တွေအားလုံးဟာ တောသားလေးရဲ့ဝမ်းဗိုက်ထဲကို ရောက်သွားတဲ့အခါမှာတော့ တောသားလေးရဲ့ခန္ဓာကိုယ်ထဲ မြွေဆိပ်တွေအားလုံး ပျံ့နှံ့သွားပါတော့တယ်။ အဲ့ဒီတော့မှ မင်းသမီးလေးဟာ တောသားလေးကို အသင် မြွေဆိပ်တွေကို ထွေးထုတ်လို့ရပါလျက်နဲ့ ဘာဖြစ်လို့များ မျိုချပစ်ရတာလဲလို့ မေးသောအခါ တောသားလေးက ကျနော်မျိုးအဆိပ်တွေ အပြင်ကိုထွေးထုတ်နေတဲ့အခိုက် မင်းသမီးလေးရဲ့ ခန္ဓာကိုယ်ထဲကို အဆိပ်တွေပျံ့သွားမှာကို စိုးရိမ်သောကြောင့် အဆိပ်တွေကို အပြင်ကိုထွေးမထုတ်ပဲ မျိုချခဲ့တာပါလို့ မင်းသမီးလေးကို ပြန်ဖြေလိုက်သတဲ့။
တဆက်တည်းမှာပဲ တောသားလေးဟာ မင်းသမီးလေးကို သူ့ရင်ထဲကခံစားချက်တွေကို ဖွင့်ချဝန်ခံခဲ့ပါတော့တယ်။
အရှင်မင်းသမီးလေး ကျနော်မျိုး မကြာခင်အချိန်လေးအတွင်းမှာပဲ မြွေဆိပ်တွေကြောင့် သေရပါတော့မယ်။ ကျနော်မျိုးမသေခင်လေးမှာတော့ ကျနော့်ရင်ထဲက ခံစားချက်လေးကိုတော့ ဖွင့်ပြောခဲ့ပါရစေလို့ မင်းသမီးလေးထံ ခွင့်ပန်ပြီး သူမင်းသမီးလေးကို မြင်မြင်ချင်းချစ်မိခဲ့ပါတယ် ဆိုတဲ့အကြောင်းကို ပြောပြလိုက်ပါတော့တယ်။
အရှင်မင်းကြီးနဲ့မင်းသမီးလေးတို့ရဲ့ ကတိစကားကနေ ကျနော်မျိုးဘဝ ဘာမှမလိုရလေအောင် ပြောင်းလဲသွားနိုင်တဲ့ဆုကို မတောင်းခဲ့ပါပဲ ကျနော်မျိုးမြင်မြင်ချင်းချစ်မိပါသော မင်းသမီးလေးကိုသာ ကျနော့်မျိုးအနားမှာ ရှိနေစေချင်တာကြောင့် မင်းသမီးလေးကိုသာ ကျနော့်အနားမှာရှိနေပေးဖို့ တောင်းဆိုခဲ့တာဖြစ်ကြောင်း မင်းသမီးလေးကို သူ့ရင်ထဲကအချစ်တွေကို ပြောပြလိုက်ပါတော့တယ်။
အဲ့ဒီတော့မှ မင်းသမီးလေးကလဲ အကျွန်ုပ်က အသင်တောသားတောင်းဆိုတာကို လက်မခံပဲ ငြင်းဆန်လို့ရပါလျက်နဲ့ အသင်တောသားခေါ်ရာ တောတောင်ထဲကို လိုက်လာခဲ့တာဟာ အသင်တောသားကို မြင်မြင်ချင်းချစ်မိလို့သာ လိုက်ပါခဲ့ရတာပါလို့ သူ့ရင်ထဲက အချစ်တွေကို ဖွင့်ပြောပြလိုက်ပါတော့တယ်။
ဒီလိုနဲ့တောသားလေးဟာ တစ်ဦးကိုတစ်ဦး ချစ်နေပါလျက်နဲ့ ပေါင်းစပ်ခွင့်မရပဲ သေကွဲခွဲခွာရတော့မှာကို ပြောပြီး ရင်ထဲကခံစားချက်တွေ မျက်ဝန်းကနေတဆင့် မျက်ရည်အဖြစ်နဲ့ စီးဆင်းလာပါတော့တယ်။ တောသားလေးဟာ သူမင်းသမီးလေးအပေါ်မှာ ချစ်မိတဲ့သူ့ရဲ့ အချစ်တွေကို တိုင်တည်ပြီး ဆုတောင်းလိုက်ပါတယ်။
ကျွန်ုပ်သည် မင်းသမီးလေးအပေါ်မှာ ဖြူဖြူစင်စင်နဲ့ မေတ္တာသက်ဝင်ချစ်ခဲ့သော သူ့ရဲ့အချစ်တွေ စစ်မှန်ခဲ့ပါက သူ့ရဲ့ခန္ဓာကိုယ်ထဲက မြွေဆိပ်တွေ ပျောက်ကွယ်ပြီး မင်းသမီးလေးနဲ့ ပေါင်းဖက်ရပါလို၏။ ဒီဘဝမှာ ပေါင်းဖက်ခွင့်မရတော့ရင်လဲ နောင်ဘဝဆက်တိုင်း မင်းသမီးလေးနဲ့ ဖြစ်လေရာဘဝတိုင်းမှာ ပေါင်းဖက်ရပါလို၏ဟု သစ္စာဆိုဆုတောင်းရင်း မင်းသမီးလေးရဲ့ ရင်ခွင်ထဲမှာပဲ သတိလစ်မေ့မြောသွားပါတော့တယ်။
အဲ့ဒီမှာပဲ မင်းသမီးလေးဟာ တောသားလေးသေဆုံးသွားပြီထင်ပြီး တအားကိုငိုကြွေးပါတော့တယ်။ မင်းသမီးလေးကလဲ တောသားလေးကို ချစ်မိတဲ့ သူ့ရဲ့အချစ်တွေကို တိုင်တည်ပြီး သစ္စာဆိုဆုတောင်းပါတော့တယ်။
အကျွန်ုပ်သည် တောသားလေးအပေါ်မှာ ဖြူဖြူစင်စင်နဲ့ မေတ္တာသက်ဝင်ချစ်ခဲ့သော သူ့ရဲ့အချစ်တွေ စစ်မှန်ခဲ့ပါက တောသားလေးရဲ့ခန္ဓာကိုယ်ထဲက မြွေဆိပ်တွေ အမြန်ဆုံးပျောက်ကွယ်ပြီး အသက်ချမ်းသာရာ ရရပါလို၏ဟု သူ့ရဲ့အချစ်တွေကို တိုင်တည်ပြီး သစ္စာဆိုဆုတောင်းရင်း တအားကိုပဲ တောသားလေးကို ဖတ်ပြီးငိုကြွေးပါတော့တယ်။
အဲ့ဒီတော့မှ မင်းသမီးလေးရဲ့မျက်ရည်တွေဟာ တောသားလေးရဲ့ မျက်နာပေါ်ကို မိုးစက်များလိုပဲ တဖွဲဖွဲနဲ့ ကျနေပါတော့တယ်။ ဒီလိုနဲ့ တောသားလေးရဲ့ပါးစပ်ထဲကို မင်းသမီးလေးရဲ့မျက်ရည်လေးတွေ စီးဝင်သွားပါတော့တယ်။ ခဏလဲနေရော တောသားလေးဟာ သတိပြန်လည်လာပါတော့တယ်။
အဲ့ဒီအချိန်မှာတော့ တောသားလေးရဲ့ခန္ဓာကိုယ်ထဲက မြွေဆိပ်တွေဟာ ယူပစ်လိုက်သလိုပဲ အားလုံးကင်းစင် ပျောက်ကင်းသွားပါတော့တယ်။ တောသားလေးနဲ့ မင်းသမီးလေးတို့နှစ်ဦးစလုံး တိုင်တည်ြ့ပီးသစ္စာဆိုခဲ့တဲ့ သူတို့ရဲ့ ချစ်ခြင်းမေတ္တာ ကတိသစွာတွေကြောင့် အသက်ချမ်းသာရာရပြီး တစ်သက်လုံးရိုးမြေကျ လက်ထပ်ပေါင်းသင်းသွားပါတော့တယ်။ ။
Steemit ပေါ်က သူငယ်ချင်းများလုံးပဲ ဒါကတော့ ကျနော်အရမ်းချစ်သူလေးကို ကျနော်ကိုယ်တိုင်ရေးဆပ်ပြီးပြောပြခဲ့တဲ့ ပုံပြင်လေး အပိုင်း(၂) ပဲ ဖြစ်ပါတယ်။ တစ်နေ့တာ ပင်ပန်းခဲ့သမျှတွေအားလုံး မပြေပျောက်ရင်တောင်မှ တစ်နေ့တာ အမောလေးပြေမယ်ဆိုရင်ပဲ ကျနော်ကျေနပ်ပါတယ်။
ပုံပြင်လေးရဲ့ရည်ရွယ်ချက်ကတော့ " ကတိသစ္စာ တည်စေကာမူ၊ နွယ်မြတ်သစ်ပင် ဆေးဖက်ဝင်၏ " ဆိုတဲ့စကားလေးကို အခြေပြုပြီး ပြောပြခဲ့တာပဲဖြစ်ပါတယ်။
ကတိသစ္စာတည်ပါက နွယ်ပင်၊မြတ်ပင်လေးတွေတောင်မှ ဆေးစွမ်းထက်ပါတယ်။ ထို့ကြောင့် ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် တစ်ဦးပေါ်မှာတစ်ဦး သစ္စာရှိရှိနဲ့ ပေးထားတဲ့ကတိစကားတစ်ခွန်းကို မဖျက်ပဲ ရိုးသားစွာ ချစ်သွားကြပါလို့ ပြောရင်းနဲ့ပဲ ကျနော့်ရဲ့ ပုံပြင်လေးကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတော့တယ်။
Steemit ပေါ်ကသူငယ်ချင်းများအားလုံး ဘဝအမောတွေပြေပြီး Steemit မှာ အမြန်ဆုံး အောင်မြင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
I LOVE STEEMIT.COM

Coin Marketplace

STEEM 0.14
TRX 0.12
JST 0.025
BTC 53615.59
ETH 2344.94
USDT 1.00
SBD 2.13