ပုံညာတောင် ဥမင်

in #myanmar6 years ago

image

ပုံညာတောင် ဥမင်


ပုံညာတောင်ဆိုတာ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ထဲက တောင်ဖြစ်တယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၂၅၀ ထိမြင့်တယ်။ ဟိုဘက်ဒီဘက် ကပ်လျှက်ရှိနေတဲ့ ပုံတောင် နဲ့ တွဲပြီး ပုံတောင်ပုံညာရယ်လို့ ခေါ်ကြတယ်။
တခေတ်တခါတုန်းကတည်းက ဒေသခံ ယောသူယောသားတွေရဲ့ ကိုးကွယ်မှု၊ ယုံကြည်မှုဆိုင်ရာ ဒဏ္ဍာရီဇာတ်လမ်းတွေနဲ့အတူ လူသိများထင်ရှားခဲ့တယ်။ ယနေ့အထိ မြန်မာပြည်အနှံ့အပြားက ယောရယ်၊ ပုံတောင်ပုံညာရယ် ၊ ဒဏ္ဍာရီတွေရယ် တွဲပြီးမှတ်မိနေကြတယ်။ ပုံတောင်ပုံညာတ၀ိုက်မှာ ဂန့်ဂေါ၊ ထီးလင်း၊ပုလဲ၊ပေါက်၊ကလေး စတဲ့ မြို့တွေရှိတယ်။ ပထ၀ီဝင်အနေအထားအရ မြန်မာနိုင်ငံရဲ့ တောင်တန်းဒေသ (ချင်းတောင်) အစဖြစ်။မြေပြန့်ဒေသ အစွန်ဖြစ်။ ဆိုတော့ လမ်းခရီးသွားလာရေးက ပုံတောင်ပုံညာဒေသကစပြီး ခက်ခဲတယ်။

image

#ဒီအခက်အခဲကို အဆင်ပြေစေဖို့ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ
(ရထားပို့ဆောင်ရေး ၀န်ကြီးဌာန) က မီးရထားလမ်းဖောက်ခဲ့တယ်။ အဲဒီမှာ #ပုံညာတောင်ဥမင်ဆိုတာ_ဖြစ်လာတာပါ။

ပုံညာတောင်ဥမင်ကို 1996 ခုနှစ်မှာ စတင်တူးဖော်ခဲ့ပြီး 2006 ခုနှစ်မှာ ပြီးပါတယ်။ မော်ကွန်းမှတ်တမ်းအရ သိပ်မကြာသေးတဲ့ 2007 ခုနှစ်ကမှ ဥမင်ဖွင့်ပွဲလုပ်ခဲ့တာပါ။

image

#ပုံညာတောင်ဥမင်ဆိုင်ရာ_အချက်အလက်များ

√ အမည် - ပုံညာတောင်ဥမင်
√ တည်နေရာ- ဂန့်ဂေါမြို့နယ် ၊ ကျောကျေးရွာအနီး
(ကျောက အခုတော့ မြို့လို့တောင်ခေါ်နေကြပါပြီ)
√ ဥမင် အရှည် - ၅၆၁၀ ပေ
√ ဥမင်အကျယ် - ၁၅ ပေ ၄ လက်မ
√ လူရှောင်ပေါက် - ၁၂ ခု
√ ဥမင်အမျိုးအစား - သံကူ ကွန်ကရစ်
√ စတင်ဖောက်လုပ်သောနေ့ - ၁၆-၁၀-၁၉၉၆
√ ပြီးစီးသောနေ့ - ၂၅ - ၇ -၂၀၀၆
√ ဖွင့်ပွဲ ကျင်းပသောနှစ် - ၂၀၀၇

image

ကျောရွာကနေ မုံရွာ - ပုလဲ - ဂန့်ဂေါ လမ်းမ အတိုင်း အနောက်ဖက်ကို ဆက်သွားရင် ၆ ကီလိုမီတာ ၀န်းကျင်အရောက်မှာ #ပုံညာတောင်ရထားလမ်းဥမင် ဆိုတဲ့ ကွန်ကရစ် ဆိုင်းဘုတ်ကြီးကို ခန့်ခန့်ကြီးတွေ့ရမှာပါ။ (ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ (၂၀၁၆) ၀န်းကျင်အထိ အဲဒီဆိုင်းဘုတ်ကြီးက ဆေးသားပြယ်၊ခြုံနွယ်ဖုံးနဲ့ မျက်နှာပန်းမလှဖြစ်နေခဲ့ပေမယ့် အခုတော့ လှနေပါပြီ။)
အဲဒီဆိုင်းဘုတ်ကနေ ကတ္တာရာလမ်းဟောင်းလေးအတိုင်း1.3 ကီလိုမီတာ လောက် ဆင်းသွားရင် သစ်ပင်ဝါးပင်တွေ အုံ့ဆိုင်းပြီး ရေစီးဆင်းနေတဲ့အသံတွေနဲ့ နေရာတခု။

အဲဒီနေရာက အများပြည်သူတွေရဲ့ ချွေးစက်ပေါင်းများစွာ၊ ဆင်းရဲဒုက္ခပေါင်း များစွာတွေနဲ့ ရင်းပြီး ဖောက်လုပ်ခဲ့တဲ့ ရထားလမ်းနဲ့ ပုံညာတောင်ဥမင် အရှေ့ဖက်အ၀င်ဝပါ။
ပုံညာနတ်ထိပ် (ဒေသအခေါ် အနောက်နတ်ထိပ်) ရဲ့ ဘယ်ဘက်ယွန်းယွန်းလေးက တောင်ကြောကို ဖောက်ပြီး ပုံညာတောင်ဥမင်ကို လုပ်ထားတာပါ။ ဥမင်ရဲ့အ၀င် - အထွက် အ၀နှစ်ဖက်စလုံးမှာ အုတ်နံရံကာ သွပ်မိုးနဲ့ ၀န်ထမ်းအိမ်ယာလို အိမ်တွေကို ရေချိုးခန်း၊ အိမ်သာနဲ့တကွ ဆောက်ထားတယ်။ အဆောက်အဦးတခုကတော့ အမိုးသွပ်တွေ မရှိတော့။ ရာသီဥတုဘေးကြောင့်လား၊ လူကြောင့်လားဆိုတာကတော့ တိတိကျကျမပြောတတ်။

image

ဘေးမှာ တသွင်သွင်စီးနေတဲ့ ချောင်းငယ်လေးရယ်၊ အုံမှိုင်းနေတဲ့သစ်ပင်တွေရယ်၊အမြဲတမ်း မြူတွေဆိုင်းနေတတ်တဲ့ တောင်တန်းကြီးရယ် သာယာတဲ့နေရာလေးပါ။


#ဆန်းစစ်ကြည့်

ရထားလမ်းနဲ့ ဥမင်တွေ ဖောက်ခဲ့စဉ်က နအဖ အစိုးရ က တအိမ်တယောက် လိုပုံစံမျိုး၊ အမိန့်နဲ့ လုပ်အားပေးခိုင်းစေခဲ့တယ်လို့သိရတယ် (ဒေသခံတို့၏ အဆိုအရ)။ အဲဒီမှာ အလုပ်သမားတချို့ဟာ ငှက်ဖျားကြောင့် အသက်စတေးခဲ့ရသူတွေရှိတယ်လို့လည်း ပြောကြပါတယ်။ (ဒါကလည်း ဒီတော ဒီတောင် ဒီအခြေအနေ နဲ့ ငှက်ဖျားဒေသဆိုတော့ ဖြစ်နိုင်ပါတယ်။ ပြီးတော့ အဲဒီအချိန်တုန်းက မြန်မာနိုင်ငံမှာ ငှက်ဖျားဆေး က အစွန်အဖျားတွေအထိ မရောက်နိုင်သေးတဲ့ အချိန်ပါ။) ကုန်ကျစရိတ်ကို မော်ကွန်းမှာ ရေးမထားပေမယ့် ကျပ်သိန်းဘီလီယံနဲ့ချီပြီး ကုန်ကျခဲ့တဲ့ စီမံကိန်းတခုလို့ ယူဆပါတယ်။ ပြီးတော့ ဖောက်ခဲ့ရတဲ့ကာလက 1996 -2006 ဆိုတော့ ဆယ်နှစ်ကြာခဲ့ပါတယ်။

#ဘာကြောင့်

အခု ဒီရထားလမ်းကို အသုံးမပြုတော့ပါဘူး။

ဒီလို ပေးဆပ်မှုတွေ၊ ရင်နှီးမှုတွေနဲ့ လုပ်ခဲ့ရတဲ့ ဒီစီမံကိန်းက တကယ်တမ်း ကျတော့ အကောင်အထည်ဖော်ခဲ့စဉ်ကာလ နဲ့ညီမျှတဲ့ ကာလတခုထိတောင် အသုံးမ၀င်ခဲ့တာလား?
သို့မဟုတ် စစ်ဖက်ဆိုင်ရာ ရည်ရွယ်ချက်တခုတည်းနဲ့ ဖောက်လုပ်ခဲ့တာလား?

အဲဒီလို
လား
လား
လား
လား ဆိုတဲ့မေးခွန်းတွေနဲ့အတူ အဖြေရှာဖို့လိုပါလိမ့်မည်။
သေချာတာတခုကတော့ အခုအနေအထားနဲ့ဆို ဒီစီမံကိန်းကို လုပ်ခဲ့ကြရတာ #မတန်ဘူးလို့ပဲ ပြောရပါမည်။

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 54336.36
ETH 2283.81
USDT 1.00
SBD 2.34