ရယ်​စရာဟာသ

in #myanmar4 years ago

image
ဘာရယ်​မဟုတ်​ဘူးရယ်​စရာအဖြစ်​နဲ့သာ တင်​​ပေးတာပါ စိတ်​ဝင်​စားမှဖက်​ကြပါသံတွဲမြို့တွင်း မှီတင်းနေထိုင်ကြကုန်သော မိဘပြည်သူများခင်ဗျာဟုအစချီလျှက် သမ္မတကြီး အလည်အပါတ်လာရောက်မည်ြ​ဖစ်ပါသဖြင် မိမိတို့ နေအိမ်များ လမ်းများ ကိုသန့်ရှင်းလှပအောင် အမြန်ဆုံးပြုပြင်ထားရှိကြပါရန် လေးစားစွာ နှိုးဆော်တိုက်တွန်းအပ်ပါသည်ခင်ဗျား ဟူသော ကြော်ငြာသံ အဆုံး၌ ခွေးအူသံတို့က ထုံစံအတိုင်းကပ်လိုက်လာသည်။ ဤကား သံတွဲဆယ်လီ တစ်ဦးဖြစ်သည့် ဆလွတ်ကိုကို" က သူ၏လက်စွဲတော် လော်ကြီးဖြင့်ဆော်သြလိုက်သည့် အသံပေတည်း။ ဆလွတ်ကိုကို ဟူသည့် အမည်နာမကို သံတွဲတစ်နယ်လုံးမှာ မသိသူမရှိသလောက်ရှားသည်။ သံတွဲမြို့ သာရေး နာရေးကိစ္စမှစ၍ လင်မယားကွဲသည့်အရေးထိ သူ့ကိုချန်ထားလို့မရ။ ယုတ်စွအဆုံး သေရင်တောင်မှ သူ့လော် မပါရင်မပြီး။ ထိုသို့ လော်စပီကာကြီးဖြင့် တစ်လမ်းဝင်တစ်လမ်းထွက် ကြော်ငြာသည့်အခါများတွင် သူ့ဆိုက်ကားနောက်မှာ ခွေးများက အမြဲတစေ လိုက်ပါဝန်းရံနေလေ့ရှိသည်။

" ငိုးဝေ ... ငါတို့ဆီကို သမ္မတကြီးလာမလို့တဲ့"
"ဟယ် တကယ်ဟုတ်လို့လား သေချာရဲ့လား "
"အေး သမ္မတကြီးလာရင် ဟို..... ကိစ္စတင်ပြရမယ်"
"ငါတော့ ဒီ....ကိစ္စ တိုင်မယ်"
"ငါလည်း သမ္မတကြီးလာရင် သိမ်းထားတဲ့မြေတွေ ပြန်တောင်းမယ်"
"ဟဲ့ ငါကတော့ သမ္မတကြီးနဲ့ဆယ်ဖီတွဲရိုက်ပြိုက်မယ် ဟင်း ဟင်း"

သမ္မတကြီး လာမည့်သတင်းကြောင့် တစ်ယောက်တစ်ပေါက် ပြောဆိုဝေဖန်သံတို့ဖြင့် သံတွဲမြို့လေး လှူပ်လှူပ်ရှားရှားဖြစ်ကုန်ကြသည်။

တစ်ဖက်မှာလည်း သည်လို မြို့လေးကိုမှ သမ္မတကြီးကိုယ်တိုင်က ဦးဦးဖျားဖျား အလည်အပါတ်သွားရောက်ရန်ရွေးခြယ်လိုက်သည့်အတွက် တစ်နိုင်ငံလုံးသာမက ကမ္ဘာအရပ်ရပ်ကပင် ဒီမြို့လေးအပေါ် စိတ်ဝင်စားမှူမြင့်တက်လာရသည်။
ဂျာနယ်တွေမှာလည်း ဒီသတင်း၊ ဖေ့စ်ဘုတ် စာမျက်နှာတိုင်းမှာလည်း ဒီအကြောင်းက အပြည့်နေရာယူထားသည်။ ယုတ်စွအဆုံး သံတွဲက ကလေးများပင် သမ္မတကြီးလုပ်တမ်း ကစားနေကြပြီ။
အမှန်တော့ ဒီမြို့ကလေး၏ မြင့်မားသောဂုဏ်ကျက်သရေနှင့် သမိုင်းအစဉ်အလာကြီးမှူကို သမ္မတကြီးလို ပညာရှိပုဂ္ဂိုလ်တစ်ဦးက အလေးအနက်ထားသည့်ကိစ္စမှာ ထူးခြားသည့်အကြောင်းအရာတော့ မဟုတ်။ သံတွဲမြို့သည် မူလကတည်းကပင် အာကာပျံဝဲ မြို့သံတွဲဟု လူသိများထင်ရှားသော မြို့ကလေးပင် မဟုတ်လား။

သမ္မတကြီး လာရောက်မည့်အရေးကြောင့် သံတွဲသူ သံတွဲသား အပေါင်းတို့ ဂုဏ်ယူဝံ့ကြွားသည့် မျက်နှာထား ကိုယ်စီဖြင့် ကြိုတင်ပြင်ဆင် စီစဉ်နေရာချမှူများအား တက်ကြွစွာလုပ်ကိုင်နေကြ၏။

အိမ်ရှေ့မျက်နှာစာ ဝန်းထရံများ၊ လမ်းမီးတိုင်များ၊ ကုက္ကိုပင်လို အပင်ကြီးမှစ၍ မြက်ပင်အဆုံး ရိုးရာမပျက် ထုံးသုတ်ခြင်းအမှူ ပြုကြရသည်။
ပန်းအိုးများငှားရမ်းနေရာချထားခြင်း၊ နှစ်ရှည်လများ ပစ်ထားသည့်ရေမြောင်းများတူးဖော်ခြင်း၊ လမ်းများဖာထေးပြုပြင်ခြင်း စသည်တို့ကို ယခင်ခေတ်အဆက်ဆက်ကလိုပဲ အစဉ်အလာမပျက် ဆောင်ရွက်ကြသည်။ ကျောက်ပေါက်မ ပရပွနှင့်သနပ်ခါးရေကျဲလိမ်းကျံထားသော လမ်းတို့မှာလည်း နေ့ချင်းညချင်း မိတ်ကပ်ပြုပြင်လိမ်းခြယ်ခြင်းခံရကာ ကိုယ့်အိမ် သွားသည့် လမ်းပင် မမှတ်မိနိုင်အောင်ဖြစ်သွားရသည်။ တောရော မြို့ပါမကျန် အလုပ်ရှူပ်ကုန်ကြရသည်။
သမ္မတကြီး၏ မှန်ကန်သော ရွေးခြယ်မှူအပေါ်တခြားမြို့များက မနာလိုအူတိုကြမည်မှန်သော်လည်း တစ်ဖက်မှ ဂုဏ်ယူအားကျသည့်စိတ်နှင့် ဒီမြို့ကလေးကိုမှ ဘာကြောင့်များရွေးခြယ်တာပါလိမ့်ဟု မေးခွန်းထုတ်လိုကြမည်ကား အမှန်ပင်ဖြစ်ချေ၏။

သို့သော်... တစ်ခါတလေကျတော့ စီစဉ်ထားသလိုဖြစ်မလာဘဲလွဲချော်သည်လည်းရှိတတ်သည်ပင် ...

"ဘာ ..."
"သမ္မတကြီးက ခြံပြင်ရွာကိုမှလာချင်သတဲ့ ဟုတ်စ"

မခံချင်စရာကောင်းလှပါဘိ ခြံပြင်ရွာအကြောင်း ဘာမှမသိတဲ့ သမ္မတကြီးက ခရီးစဉ်ပြောင်းသတဲ့။ မူလအစီအစဉ်မဟုတ်ဘဲ သံတွဲကိုကျော်ပြီး ခြံပြင်လို အညတရ ရွာကလေးကိုမှ အဓိကထားပြီးသွားမည်တဲ့။ ကဲ ဘယ်လိုလုပ်ကြမတုံး ကိုရာဇမန်ရေ။

"နေပါဦး ခြံပြင်က ဘာမို့လို့လဲဝေ၊
လာမဲ့လာရင် သံတွဲကိုအရင်လာရမှာပေါ့၊
အနားကပ်တော့မှ လခွီးလိုပဲ တောက်"

အချိန်အနီးကပ်မှ ခရီးစဉ်ပြောင်းသွားတော့ ပြင်ဆင်ထားသည့်နေရာထိုင်ခင်းများ၊ လုံခြုံရေးအဖွဲ့များ၊ ကြိုဆိုရေးအဖွဲ့များ အားလုံး အစမှပြန်လည်စီစဉ်ရတော့မည်။ သို့သော်၊ မလွယ်၊ အချိန်မတရား ကပ်နေပြီ၊ မနက်ဖြန်မနက်ဆို သမ္မတကြီး ရောက်ပြီ။

ခြံပြင်ရွာသည် သံတွဲမှ ကင်းမော်ရွာသို့သွားရာ လမ်းနံဘေးတွင်ကပ်လျက်တည်ရှိသော ရွာပိစိညောင့်တောက် ကလေး၊ ထိုရွာမှာ ထူးထူးခြားခြား ပြစရာဆိုလို့ ဓနိရည်နှင့် ငါးသရွဲခြောက်ဖုတ် တစ်မျိုးသာရှိသည်။ စိတ်ဝင်တစား လည်ပတ် ကြည့်ရှူစရာ နေရာလည်းရှိတာမဟုတ်။

"ဒါဖြင့် ငပလီ လေယဉ်ကွင်းကနေ တစ်ခါတည်းတန်းသွားဖို့လား"

"မဟုတ်ဝေး မဟုတ်၊ အဲဒီရွာကိုတန်းသွားမယ်လို့သတင်းပို့လာတယ်ဝေး၊ သူတို့ကိုယ်ပိုင် ဟယ်လီကော်ပတာနဲ့လာမတဲ့၊၊ သံတွဲကို အဲဒီကမှ ကားနဲ့တက်မယ်ပြောတယ်"

"ဟမ် နေစမ်းပါဦး အဲဒီသတင်းကိုဘယ်သူပေးတာလဲ၊ ဟိုကောင် ရောဘတ်ဘယ်ရောက်နေလဲ အမြန်ဆက်သွယ်ခိုင်းဝေး ကြားလား"
လခွီး ... ဒီကောင်ဘာတွေမွှေပြန်ပြီလဲမသိ၊ အမြန်စုံစမ်းပြီး ငါ့ဆီသတင်းပို့စမ်း"

အမှန်တော့ ဘယ်သူမှ သတင်းပို့စရာမလို၊ ဤကိစ္စလက်သည်တရားခံမှာ သူတို့ထင်သည့်အတိုင်း နေရာတကာ လူတွင်ကျယ်လုပ်တတ်သူ ရောဘတ်ဇော်မင်း ပင်ဖြစ်ပေတော့သည်။

ယခုလည်း သမ္မတကြီးကို ခြံပြင်ထွက် ဓနိရည်ဖြင့်ဆွယ်ပြီး ခရီးစဉ်ပြောင်းလိုက်သည်ကို မည်သူမျှမသိကြ။ ခြံပြင်သား သူ့ဆရာဦးကျော်ထွန်းခိုင်နှင့်လက်ဝါးရိုက်စီစဉ်လိုက်ခြင်းပင်။

ရောဘတ်ဇော်မင်းမှာ ထစ်ကနဲဆိုလျင် ရှေ့ဆုံးကပါတတ်ပြီး သူမပါရင်မပြီးသလို မင်မောင်း ကောင်းစွာဖြင့် ဟိန်းဟောက်တတ်သူဖြစ်၏။ သူ့ကို မြို့မိမြို့ဖများ ကိုယ်တိုင်မြှောက်စားမိခြင်းဖြစ်၍ ထိုရွေးခြယ်မှူအတွက် နောင်တကြီးစွာရနေသည့် မြို့သူ မြို့သားတို့မှာ ငါးနှစ်တာကာလကို အောင့်အီးသည်းခံကာ ဖြတ်ကျော်နေကြရရှာသည်။ သူတို့ကိုယ်တိုင်မြှောက်စားသူ ရောဘတ်ဇော်မင်းကား မျှော်လင့်ထားသလိုဖြစ်မလာ။ အရေးထဲ ကျူရှင်ဆရာနှင့်ပေါင်းကာ နှစ်ယောက်ပေါင်းလောင်းကျော်ကာ နေသေးတော့သည်။
အစကတော့ အသိမ်းခံထားရသည့် မြေယာများကိုပြန်လည်ရရှိအောင်ဆောင်ရွက်ပေးမည်၊ သံတွဲနှင့်ငပလီကို ကမ္ဘာသိအောင်လုပ်ပေးမည်ဟုအာဘောင် အာရင်းသန်စွာ ပြောဟော စည်းရုံးခဲ့သည်ကို အားလုံးခွီကြသည်။ သို့သော် တကယ်တမ်းလက်တွေ့မှာတော့ သူ့ဂွင်သူရှာစားသည့် ဒီပုတ်ထဲကဒီပဲ၊ အချောင်ရထားသော မြေပေါ်တွင် ကာရာအိုကေနှင့်အရက်ဆိုင်ပင်ဖွင့်လိုက်သေးသည်။

သူ့ သူငယ်ချင်းများကိုတော့မမေ့၊ နေရာပေးသည်။ လုပ်ပိုင်ခွင့်ချပေးသည်။ မိုးကျော်သည် သူ့ကြောင့် ယနေ့အချိန်မှာ သံတွဲမြို့ ဒိတ်ဒိတ်ကျဲသူဌေးကြီးဖြစ်နေပြီ။ သွားကြားထိုးတံနှင့် ဝါးတူများ ပြန်လည်ဆေးကြောသန့်စင်ရောင်းချခြင်းလုပ်ငန်းကို သူတစ်ဦးတည်းလုပ်ပိုင်ခွင့်ရထားသည်။

ထို့အတူ အချစ်ဆုံးသူငယ်ချင်း ကျော်ကျော်လွင်မှာလည်း ပရောဂျက်များလက်မလည်အောင်ရရှိပြီး အင်မတန်ကြွယ်ဝနေလေပြီ။ ယခုလည်း ရောဘတ်ကြောင့် ထုံးဂွင်ကိုသူတစ်ဦးတည်းရသွားသည်။ တစ်မြို့လုံးကိုထုံးသုတ်ရန်အတွက် လိုအပ်သောထုံးများကိုကြိုတင်မှာယူတင်သွင်းရောင်းချခဲ့သည့်တိုင် မလောက်ငှနိုင်သည့်အတွက် ကွမ်းယာဆိုင်များမှ ထုံးအိုးများကိုပင်ယူပြီးရောင်းချရသေးသည်။ ထို့ကြောင့် သမ္မတကြီးခရီးစဉ်မှာ သူ့အတွက်ခိုင်သွားပြီဖြစ်၏။ ထုံးဂွင်ကြောင့် တစ်ချိန်လုံး ထုံးကိုင်နေရသော ကျော်ကျော်လွင်တစ်ယောက် လက်တို့ပေါက်ပြဲကာ ခါးနာသွားရှာသည်။ အောင်မြတ်ကြီးလည်း ထိုနည်းတူပင် ရောဘတ်ကောင်းမှူဖြင့် ဂွင်အကြီးကြီးရထားသည်။ သံတွဲမြို့တစ်မြို့လုံးကိုဆေးဝါးဖြန့်ချီသော ဆေးဂွင်ကိုသူတစ်ဦးတည်းလုပ်ပိုင်ခွင့်ရထားပြီး ဂွင်ကြီးဖြစ်၍ သူတစ်ယောက်တည်းပင်မနိုင်ရှာ။

မည်သို့ပင်ဖြစ်စေ မနက်ဖြန် သမ္မတကြီးအမှန်တကယ်ရောက်လာပေတော့မည်။ ရောဘတ်ဇော်မင်းကို အထူးသီးသန့်တွေ့လိုသည်ဟု အကြောင်းကြားခြင်း နှင့်အတူ၊ အဆင်ပြေချောမွေ့စေရေးအတွက် သံတွဲတစ်မြို့လုံးကြိတ်ဆုတောင်းနေကြသည်။ ရောဘတ်ဇော်မင်းသည် သူစီစဉ်သောဇာတ်ကိုနိုင်အောင် ကနိုင်ပါမည်လော။

ရာသီဥတုသာယာပြီး မိုးသားကင်းစင်သောနေ့တစ်နေ့ဖြစ်သည်။ ကောင်းကင်ပြာကြီး အောက်တွင် သမ္မတကြီးအား ကြိုဆိုမည့်သူများဖြင့် စည်ကားလျက်ရှိ၏။

ဟော ပြောရင်းဆိုရင်း ကျယ်လောင်သောဟယ်လီကော်ပတာသံအတူ လူအုပ်ကြီးမှာ အသံတတစာစာဖြင့် အပေါ်ကိုမော့ပြီး တစ်ယောက်တစ်ပေါက် အော်ဟစ်နေကြသည်။

သမ္မတကြီးကိုကြိုဆိုရန်အသင့်စောင့်နေသူ ရောဘတ်ဇော်မင်းနှင့် ဦးကျော်ထွန်းခိုင်တို့မှာ တောင်ရှည်ပုဆိုးနှင့် ခေါင်းပေါင်းကိုယ်စီဆင်မြန်းကာ ခင်လှိုင်နှင့်ဒိန်းဒေါင် အတူတွဲ၍ပွဲထွက်လာသည်နှင့်တူသည်။ ဆရာဦးကျော်ထွန်းခိုင်မျက်နှာမှာ အိုးဖင်ကို ပေါင်ဒါရိုက်ထားသလို ဖြူဖွေးနေ၏။ သပိတ်ကိုဆီပွတ်ထားသလို နက်မှောင်ပြောင်လက်သည့် အသားအရေပေါ်မှာ ထူထဲသောအမွေးအမြှင်တို့ကဖုံးလွှမ်းနေသဖြင့် မသိသူတို့က သူ့ကိုလူဝံနှင့်မှားတတ်ကြသည်။ တပည့်များက သူ့ကို "မဲကြီး"ဟုချစ်စနိုးခေါ်ကြသည်။ ဟယ်လီကော်ပတာကြောင့် ခေါင်းပေါင်းတို့လွင့်ထွက်ကုန်သည်၊ ပုဆိုးလန်သွား၍ မနည်းကြိုးစားဖုံးဖိရသည်။ ပါတ်ဝန်းကျင်တစ်ခုလုံး လေပွေကြမ်းတိုက်ခတ်လိုက်သလို လူအုပ်ကြီးမှာ ကောက်ရိုးနှင့်ဖုံမူန့်များ ကြားတွင်ရုတ်ရုတ်သဲသဲဖြစ်ကုန်သည်။

သမ္မတကြီးရောက်ရှိလို့လာချေပြီ။

"သမ္မတကြီး မင်္ဂလာပါခင်ဗျာ"
"ဒီဘက်ကိုကြွပါ သမ္မတကြီး"

ရဟတ်ယဉ် ပန်ကာလည်ခြင်း ရပ်တန့်သွားသည်နှင့် သမ္မတကြီး ဆင်းလာသည်။ ရောဘတ်ဇော်မင်းက သူ့ငယ်ဆရာ ဦးကျော်ထွန်းခိုင်နှင့်အတူ သမ္မတကြီးအား ခရီးဦး ကြိုပြုသည်။

ခြံပြင်ကျေးရွာ၊ ရွာနောက်ဖက်ရှိ လယ်ကွင်းပြင်ကျယ်ကြီးပေါ်၌ သံတွဲတစ်မြို့နယ်လုံးမှ လူကြီး၊လူရွယ်၊လူငယ်၊လူလတ်၊ဘုစုခရု၊ လူတစ်ခုလတ်၊လူမုဆိုးဖိုပါမကျန်၊လူပင်လယ်ကြီးဖြင့်ပြည့်လျက်ရှိ၏။

"သမ္မတကြီးကိုကြိုဆိုပါတယ်"
"သမ္မတကြီး ကျမ်းမာပါစေ"

ရှေ့တန်းမှကလေးများက ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း တစ်ညီတစ်ညွတ်ထဲ ဝိုင်းအော်ကြသည်။ တစ်ဦးလျှင် ၅၀၀ ပေးမည်ဟု ကတိပေးငှားရမ်းထားသော ထိုကလေးများအတွက် ဆရာဦးကျော်ထွန်းခိုင်က အာမခံပေးထားခြင်းဖြစ်၏။ ဆရာဦးကျော်ထွန်းခိုင်က ထိုရွာ၏ ရွာမျက်နှာဖုံးဖြစ်သည့်အပြင် သံတွဲမြို့ပေါ်မှာ အောင်မြင်ကျော်ကြားလူကြိုက်များသည့် နာမည်ကြီး ကျူရှင်ဆရာ။ ထို့ကြောင့်လည်းသူ့ရွာတွင် သူ၏သြဇာညောင်းလှသည်ကားမဆန်းပေ။ ယခုလည်း ဤပွဲအတွက် ပြင်ဆင်ထားသည့်အရာအားလုံးမှာ သူခေါင်းခံ၍ အကြွေးဖြင့် စီစဉ်ထားခြင်းသာဖြစ်၏။

"ဟောပြောရင်းဆိုရင်း သမ္မတကြီးကြွချီလာပေပြီ"

   အများမျှော်လင့်ထားသလို တိုက်ပုံ၊ခေါင်းပေါင်းဖြင့် မြန်မာဆန်ဆန် ဝတ်ဆင်ထားခြင်းမဟုတ်ဘဲ ဆံပင်ရွှေရောင် ၊မျက်မှန်အနက်နှင့် အနောက်တိုင်းဝတ်စုံကို စမတ်ကျကျ ဝတ်ဆင်ထားသော သမ္မတကြီး၏စတိုင်မှာ လန်ထွက်နေသည်။ ရွှေရောင်မျက်မှန်ကိုင်းသည် နေရောင်တွင် တလက်လက်တောက်ပလို့နေသည်။ သမ္မတကြီးက လက်ကို ဝှေ့ရမ်းကာ လူအုပ်ကြီးအား နုတ်ဆက်လိုက်၏။

"ကျွန်တော် ရောဘတ်ဇော်မင်းပါ သမ္မတကြီး"
"အိုး ရောဘတ်ဇော်မင်း ဟောင်းဒူးယူဒူး"

သမ္မတကြီးက မြန်မာလိုမပြောဘဲ ဘိုလိုပြန်ပြောပြီး လက်ကမ်းပေးသည့်အတွက် ပါးစပ်အဟောင်းသားဖြင့် အံသြနေသော ရောဘတ်ဇော်မင်းမှ ကမန်းကတမ်း ပြန်ဆွဲပြီး နုတ်ဆက်လိုက်ရသည်။

"ဟေ့ကောင်ရောဘတ် မင်းသမ္မတကြီးက မြန်မာလိုမတတ်ဘူးလား၊ ဆံပင်ကလည်းရွှေရောင်နဲ့ မြင်ရတာဘိုရူးရူးနေတာများလားကွ၊ မင်းဟာကြီးက တခုခုလွဲနေသလိုပဲ"

ဆရာဦးကျော်ထွန်းခိုင်က အနားကပ်၍တီးတိုးပြောသည်နှင့် ရောဘတ်ဇော်မင်းမှအောက်ပါအတိုင်းတုန့်ပြန်လိုက်သည်။

"ဆရာကလည်း အသာနေပါ၊ သူ့ကိုလူတွေမမှတ်မိစေချင်လို့ ရုပ်ဖျက်လာတာနေမယ်"
ပြောမယ်သာပြောရသည် သူလည်းဇဝေဇဝါ၊ သမ္မတကြီးကိုသူ တကယ်မမှတ်မိ။

ထိုစဉ်
ဟေ့!
"သေချင်းဆိုး ကာလနာတွေ အိမ်သာတက်တာတောင် ကောင်းကောင်းမတက်ရဘူး၊ ငါ့အိမ်သာ ထရံတွေ၊အမိုးတွေ အကုန်လန်ကုန်ပြီ"
ဟုကျယ်လောင်သော အသံဖြင့် အော်ဟစ် ကြိမ်းမောင်းသံကြားရ၏။ ဆံပင်ဖြူများ ဖွာလန်ကျဲ လျက်လူအုပ်ကြားမှ အတင်းတိုးဝှေ့ ဝင်ရောက်လာသူ အဖွားအိုတစ်ဦး။

"ဟာ အရီးပု၊ ဘယ်လိုဖြစ်တာလဲ အရီးပုရယ်၊ တချက်လောက်အေးအေးနေပါဝေ၊ ဒီမှာသမ္မတကြီး ရောက်နေလို့"

အရီးပုသည် ခတ္တမျှ ကြက်သေသေသွားပြီး၊ သမ္မတကြီးကိုခြေဆုံးခေါင်းဆုံးကြည့်ကာ။

"ဘာ ... သမ္မတကြီးတုန်း၊ နင့်ဟာက ငါတို့ရွာကိုလာ ပြီးပိုက်ဆံမပေးဘဲ စားသွားဘူးတဲ့ ဖော်လိမ်နာတွေ နဲ့သာတူတော့တယ်"

ဟုတ်သည်။ အရီးပု ထင်မည်ဆိုလည်း ထင်လောက်ပေ၏။ သံတွဲမြို့ကိုလာရောက်လည်ပတ်လေ့ရှိသော နိုင်ငံခြားသားများသည် စက်ဘီးတစီးဖြင့်လျောက်သွားကာ လမ်းတလျောက် တွေ့ရာရာ ဟိုတစ်ဖဲ့ ဒီတစ်ရွဲ့ မပြောမဆိုယူစားလေ့ရှိသည်ကိုး။ ပြီးလျှင် ပိုက်ဆံမပေးဘဲ ဘဲရီးဂွတ်နှင့် သိုင်းကျူး ကိုပေးတတ်၏။

"အေး နင်တို့ သမ္မတရဲ့ဟယ်လီကော်ပတာ ဆင်းတာ ငါ့တလင်းကစပါးတွေ အကုန် ပြောင်သွားပြီ အခုလျော်ပေး၊ အိမ်သာ တစ်ခုလုံးလည်း အမိုးရော ထရံပါမကျန်တော့ဘူး၊ နင်တို့မလျော်လို့ကတော့ ဓါတ်ပုံရိုက်ပြီးဖေ့စဘုတ် တင်ခိုင်းမယ် ဘာမှတ်လဲ ... ဟွန်း"

လာပြန်ပြီ ဒီဖေ့စဘုတ်။ တစ်ရွာလုံးလည်း ဒီဖေ့စဘုတ်သုံးတတ်လာမှ တစ်ယောက်ကိုတစ်ယောက်မကျေနပ်လျှင် ဖေ့စဘုတ်ပေါ်တင်ပြီး ဆဲတတ်သော အလေ့အထ ပေါ်ပေါက်လာရသည်။ သို့သော်လည်း အရီးပုပြောသည်မှာ မလွန်၊ ရဟတ်ယဉ်ဆင်းသည့်နေရာက ရွာနောက်ဖက်ရှိ လယ်ကွင်း၊ စပါးရိတ်သိမ်းထားချိန်ဖြစ်၍ ရိုးပြတ်တွေဘဲ ရှိလေသည်၊ စပါးနယ်သောတလင်းများသည် ရွာနောက်ဘက် လယ်ကွင်းထဲမှာ၊ ပိုဆိုးသည်ကား ရွာနောက်ဖေးတွင် အိမ်သာများ စီတန်း ဆောက်လုပ်ထားခြင်းပင်၊ သမ္မတကြီး၏ ရဟတ်ယဉ်ဆင်းသက်မှူအောက်တွင် နာဂစ်မုန်တိုင်းဒဏ်ခံရသည့်ပမာ တစစီဖြစ်ကုန်ပြီ။ စပါးတွေလွင့်ကုန်သည်။ ကောက်ရိုးပုံများ ပြန့်ကျဲကုန်သည်။ အိမ်သာများ တစ်ခုတစ်လပင် အကောင်းမကျန်တော့။ သို့နှင့် ဆရာဦးကျော်ထွန်းခိုင်မှ မနေသာ၍ ဝင်ထိန်းသိမ်းလိုက်ရသည်။

"ကဲကဲ အရီးပု ကျွန်တော်တောင်းပန်ပါတယ်၊ ဧည့်သည်ကို အားနာစရာဗျာ၊ အားလုံးကိုပြန်လျော်ပေးဖို့ ကျွန်တော်အာမခံပါတယ်၊ ခုလောလောဆည် ခဏသီးခံပေးကြပါလို့မေတ္တာရပ်ခံပါရစေ၊ ကျွန်တော့်လို သံတွဲတစ်မြို့လုံး ကြည်ညိုလေးစားတဲ့ ဆရာတစ်ယောက်ရဲ့ စကားကိုတော့ နားထောင်စေချင်ပါတယ်"

"ဘာ ... သံတွဲတစ်မြို့လုံးလဲ၊ ဆရာ ဟိုတစ်ပါတ်က ဓနိရည်ဖိုးအကြွေးတောင် အခုထိမပေးသေးဘူး၊ တောင်းရတာ အာပေါက်လို့သေတော့မယ် ...ဟွန်း"

တစ်စုံတစ်ယောက်မှ ထိုသို့ဝင်ပြောလေသော် ဆရာကျော်ထွန်းခိုင် မျက်နှာပျက်ကာ ပါးစပ်ပိတ်လျက် ငြိမ်သက်သွားတော့သည်။ သမ္မတကြီးကား ဘာမှဝင်မပြော၊ အဖြစ်အပျက်အားလုံးကို ကြည့်ကာ သဘောကျ၍ပင်နေလေ၏။
ရောဘတ်က ရှင်းပြရန်ကြိုးစားသော် သမ္မတကြီးက လက်ဖြင့်ကာလျှက်၊
"လက်စပိ အင်းဂလိခ်ျ" ဟူပြော၏။
ထို "လက်စပိ" ဟူသောစကားကိုကြားသော် ဘာကြောင့်မှန်းမသိ သံတွဲသူ သံတွဲသားအပေါင်း မျက်လုံးပြူးကုန်ကြသည်။
ရောဘတ်ဇော်မင်းလည်း ငပိသံနှောသော အင်္ဂလိပ် စကားဖြင့်အောက်ပါအတိုင်းပြန်ပြောလိုက်၏။

"မစ်စတာ ပက်ဆိုးဒင့် ဖောလိုးမီး ပလီးစ်"

သံတွဲသူ၊ သံတွဲသားများ ဒုတိယံမ္ပိ ထပ်မံမျက်လုံးပြူး ကြလေကုန်သတည်း။

သမ္မတကြီးအား ခရီးဦးကြိုပြုသည့်ကိစ္စပြီးနောက် ရွှေဓနိတော ဧည့်ဆောင်တော်အတွင်း၌ သမ္မတကြီးကို နေ့လည်စာဖြင့်တည်ခင်းဧည့်ခံသည်။

ဧည့်ဆောင်တော်မည်သော်လည်း ရွာဓလေ့ ထုံစံအတိုင်း အလှူကျွေးမွေးဧည့်ခံသည့် မဏ္ဍပ်ပုံစံမျိုး၊ ဝါးတိုင်များစိုက်ထူကာ ဓနိမိုး အုန်းလက်ကာထားခြင်းမျှသာ။ လုံခြုံရေးအရ အတွင်းစည်းကျော်သူများမှာ စစ်ဆေးခြင်းခံကြရသည်။
ကလေးများထံမှ လောက်လေးခွ နှင့် လောက်စာလုံးများ သိမ်းဆည်းသည်။ အဖိုးကြီး၊အဖွားကြီးများထံမှ လုံခြုံရေးအရဟူသော အကြောင်းပြချက်များဖြင့် တောင်ဝှေးများကို သိမ်းယူသောကြောင့် အုံးအုံးကြွက်ကြွက် ဖြစ်သွားသေးသည်။ ပိုဆိုးသည်မှာလုံခြုံရေးတာဝန်ခံများအားလုံးမူးနေခြင်းပင်။
ဧည့်ဆောင်တော်အတွင်း၌ သမ္မတကြီး၊ရောဘတ်ဇော်မင်းနှင့် ဆရာဦးကျော်ထွန်းခိုင်တို့သုံးဦးသား ထမင်းစားပွဲတွင် မျက်နှာချင်းဆိုင်ထိုင်လျက်ရှိသည်။

"မစ္စတာ ရောဘတ် ဝှပ်အစ်သစ်"
သမ္မတကြီးသည် စားသောက်ဖွယ်ရာများကိုသုံးဆောင်နေရင်းမှ မြေအိုးနှင့်ထည့်ထားသည့် အရည်အား လက်ညှိုးထိုး၍မေး၏။

"အိုး သစ်အစ်ဓနိဂျုစ်"
ဓနိရည်လို့ခေါ်ပါတယ်။

(ဤနေရာမှစ၍ အများသူငါ နားလည်လွယ်အောင်မြန်မာလိုတိုက်ရိုက်ပြန်ဆိုရေးသားပါ့မယ်ခင်ဗျာ။ သို့သော်လည်း ရောဘတ်ဇော်မင်း အင်္ဂလိပ်လိုပြောသည်ဟူ၍မှတ်လေကုန်။)

"အမေးဇိမ်း"
သမ္မတကြီးထံမှ အံ့သြစရာပဲ ဟုအဓိပ္ပါယ်ရသော အာမေဠိတ် ထွက်ပေါ်လာသည်။
ရောဘတ်သည် သူ၏နံဘေး၌ ကပ်ထိုင်ကာငူတူတူဖြင့် နားမလည်သလိုကြည့်နေသော သူ့ဆရာ ဦးကျော်ထွန်းခိုင်ကို အားနာလှသဖြင့် တိုးတိုးလေးကပ်ခါသတိပေးလိုက်သည်။

"ဆရာရေ နောက်မှဘဲ ဆရာ့ကို အသေးစိတ်ပြန်ရှင်းပြမယ်နှော်၊ ခုလောလောဆည် နားလည်ချင်ယောင်ဆောင်ပြီး ခေါင်းသာလိုက်ညိတ်ပါဆရာ"

သို့သော် ဆရာသမားကား လုံးဝအတင်မခံ။ ခပ်တည်တည်နှင့် ...
"မအေပေး ငါအကုန်နားလည်တယ် မင်းရှင်းပြစရာမလိုဘူး"

အမယ် ... အမယ် နားလည်သည်တဲ့ ကြည့်ကြပါဦး အရပ်ကတို့ရေ ၊ ဟုတ်ပါ့ဗျား၊ သမ္မတကြီးမှ ဟောင်းဒူးယူဒူးဟုနုတ်ဆက်သည့်အခါ ပုဆိုးလှန်၍ ဒူးကိုပြကတည်းက ရှင်းပြစရာမလိုအောင်သိပြီးသား။ သို့ပေငြားလည်း၊ ထိုဆရာသမားမှာ ဓါဓု၊ဇီဝ၊သင်္ချာ ဤသုံးဖြာအား နှစ်ပေါင်းများစွာ ကျူရှင်ပြစားသည်မှလွဲလို့၊ အင်္ဂလိပ်လိုတစ်လုံး တစ်ပါဒမျှ နားမလည်သည်ကိုကား မသိချင်ယောင်ဆောင်၍သာနေပေးလိုက်ရ၏။
ရောဘတ်က သမ္မတကြီးကို အုန်းမှူတ်ခွက်ဖြင့် ဓနိရည်ထည့်ကာ တခွက်ကမ်းပေးလိုက်သည်။
သမ္မတကြီးသည် အနည်းငယ်မြည်းစမ်းကြည့်လိုက်ပြီးနောက် ...

"အိုး အစ်ရီးရဲလီး နိုက်စ်" (အိုး ဒါတကယ်ကောင်းတာဘဲ)
"ဘဲရီးဂွတ်" (အရမ်းကောင်းတယ်)
ဟုဆိုကာ တဂွတ်ဂွတ် ချလေတော့သည်။
အမြည်းအနေနှင့် ငါးနီတူရခိုင်သုပ်ကို အလွန်ခံတွင်းတွေ့နေပုံရ၏။ သုံးဦးသားအတူသောက်သုံးကြလေရာနှစ်အိုးမြောက်သော် သမ္မတကြီးမှာ လျှာလေးအာလေးဖြင့် အတော်ပင်ကောင်းနေပေတော့သည်။

"မစ္စတာရောဘတ် မင်းကသံတွဲဇာတိနှော်"
"ဗျာ ဟုတ်ကဲ့"
"အိမ်း ဒါဆိုရင် ငါ့ကိုသံတွဲမြို့အကြောင်းလေးပြောပြပါဦး"

ရောဘတ်ဇော်မင်းကားအင်မတန်လေးနက်သောအမူအရာဖြင့် သံတွဲမြို့ရာဇဝင်ကို အင်္ဂလိပ်လိုဇာတ်စုံခင်းလေတော့သည်။
(သိလိုပါကအာကာပျံဝဲမြို့သံတွဲခေါ်ဒွာရာဝတီမြို့ အကြောင်းဝယ်ဖတ်နိုင်ပါသည်ခင်ဗျာ)

သမ္မတကြီးသည် လေပေါ်တွင်ပျံဝဲနေသည့်မြို့တစ်မြို့အကြောင်းကို တအံ့တသြနားထောင်နေရင်းမှ ရုတ်တရက် သူ၏ ဗိုက်ကိုဖျစ်ညှစ်လျှက် နာကျင်သောမျက်နှာထားနှင့်အောက်ပါအတိုင်းမေးလေသည်။

"မစ္စတာရောဘတ် ဝှဲအစ်သည် ဂျန့်စ်"
Where is the gents? (အိမ်သာဘယ်နားမှာတုံး)
"ဟကောင်ရောဘတ် ... နင့်သမ္မတက မန်းတူမန်းထင်တယ်၊ ယောင်္ကျားလေးရှိလားတဲ့၊ မေးနေတာကြားလား"

"ဟာဗျာ ... ဆရာကတစ်မျိုး၊ သူမေးတာ တွိုင်းလက်ဗျ၊ အိမ်သာတက်ချင်လို့နဲ့တူတယ်"

မေးခွန်းကရိုးရိုးရှင်းရှင်း၊ မရှင်းတာက ဆရာဦးကျော်ထွန်းခိုင်၊ သူက ဝင်ပြီးတလွဲဘာသာပြန်နေသဖြင့် ရှူပ်ကုန်သည်။

သွားပြီ၊ အိမ်သာစီစဉ်ထားရန်မေ့လျော့နေမိသည့်အဖြစ်။ အများသိကြတဲ့အတိုင်း၊ ဓနိရည်သောက်ရင် ဝမ်းသွားတတ်သည်ကိုး။ ပိုဆိုးတာက ငနီတူရခိုင်သုပ်ငရုပ်သီးစပ်စပ်နှင့်ဆိုတော့ မီးလောင်ရာလေပင့်သလို၊ သမ္မတကြီးမှာ အီးပင်ထွက်ကျလေသည်လားမပြောတတ်။ အနံ့ကထောင်းကနဲ။ သမ္မတကြီးရဲ့ အီးနံ့လည်း အများထက်ထူးခြားပြီးမွှေးနေတာမဟုတ်တော့ သူလိုငါလိုပင် နံစော်လှသည်ဖြစ်ရကား အန်ချင်သည့်အဖြစ်ကို မနည်း ကြိတ်မှိတ်မြိုသိပ်လိုက်ရသည်။

"ဆရာရေတစ်ခုခုကြံပါဦး၊ အိမ်သာသွားချင်သတဲ့"
"အေးကွာ ဒီနားကအိမ်သာတွေလဲ အကုန်ပြိုကုန်ပြီ"

ရောဘတ်ဇော်မင်းသည် တစုံတခုအားသတိရကာ ဝမ်းသာအားရဖြင့် ...
"နေဦးဆရာ ကျွန်တော်သိပြီ"
သူကား အင်မတန်ဖြတ်ထိုးဉာဏ်ကောင်းသူဖြစ်၏။ ရှူလော့။
ရောဘတ်ဇော်မင်းသည် သမ္မတကြီးအား သဘာဝတရားကိုအပြည့်အဝ ခံစားနိုင်သော (Natural Toilet)သဘာဝအိမ်သာကို အထူးစီစဉ်ထားကြောင်း။ ကမ္ဘာပေါ်ရှိမည်သည့် သမ္မတမျိုးမှ မခံစားဖူးသော ထူးကဲသည့်အရသာမျိုးခံစားရမည့် အိမ်သာရှိကြောင်း။ အိမ်သာတက်ခြင်းအနုပညာ (Art of pass motion) ဟုပင်ဖော်ကျူးလျက်၊ ယုံကြည်အောင်ပြောကာ သမ္မတကြီးအား ရွာနောက်ဘက်ရှိ ချောင်းရိုးဆီသို့ခေါ်ဆောင်သွားလေတော့သတည်း။

"လက်စ်ဂိုးတူတွိုင်းလက်" "ဖောလိုးမီး"

လုံခြုံရေးအရ မည်သူမျှလိုက်ပါခွင့်မရှိ။သမ္မတကြီးနှင့်ရောဘတ်ဇော်မင်းနှစ်ဦးတည်းသာ။
ရွာနောက်ဘက်ချောင်းကလေးမှာ ညင်သာစွာစီးဆင်းလျက် ကြည်လင်စိမ်းမြနေပေသည်။ ချောင်းဘေးကမ်းနှဖူးတွင် ထူးခြားသောရေသဖန်းပင်ကြီးရှိသည်။ ရေသဖန်းပင်ကြီးသည် ချောင်းအတွင်းသို့ကိုင်းကျလျက် စီးဆင်းနေသောရေပြင်နှင့် ထိလုလု အနေအထားဖြင့်ပေါက်ရောက်နေခြင်းဖြစ်၏။

"ဟလို သမ္မတကြီး ကျွန်တော်လုပ်သလိုလိုက်လုပ်ပါခင်ဗျာ"

"ဟမ် ဒီနေရာကြီးလား၊ အိုးဂေါ့"

သမ္မတကြီးမှာ အနည်းငယ်တွန့်ဆုတ်နေသလို ရှိလင့်ကစား၊ အသစ်အဆန်းတစ်ခုအားတွေ့ရှိ စမ်းသပ်ရမည့် အဖြစ်ကို လွန်စွာနှစ်ထောင်းအားရရှိနေလေတော့သည်။
ရောဘတ်ဇော်မင်းသည် ရေထဲသို့ ကိုင်းလျက် ထိစပ်လုနီးပါးဖြစ်နေသော သဖန်းပင်ကြီး၏ ပင်စည်ပေါ်သို့ ရှေ့မှဦးဆောင်ပြီး တက်သွား၏။ သမ္မတကြီးကနောက်မှကပ်လျက်လိုက်၏။ နေရာထိုင်ခင်းသာသောနေရာရောက်သော် မပြောမဆို ရောဘတ်ဇော်မင်းကဖင်လှန်လိုက်လေရာ သမ္မတကြီးမှာ ရုတ်တရက်လန့်ဖြတ်သွားရကာ ...

"အိုးမိုင်ဂေါ့ ဝှပ်သည်ဟဲလ်"

"သမ္မတကြီး မရှက်ပါနဲ့ခင်ဗျာ ဒီနေရာမှာလေတဖြူးဖြူးနဲ့ သဘာဝရှူခင်းတွေကြည့်ရင်း၊ ငါးစာလည်းကျွေးလို့ရတယ်ခင်ဗျ"

"ဘာ ဘယ်လို"

"ကျွန်တော်လုပ်သလိုသာလိုက်လုပ်ပါ သမ္မတကြီး"

ပြောပြောဆိုဆို ရောဘတ်ဇော်မင်းက ရေသဖန်းပင်ပေါ်တွင် ဖင်လှန်ထားရင်း ဆောင့်ကြောင့်လေးထိုင်လိုက်၏။

သမ္မတကြီးမှာ ဘောင်းဘီဝတ်ထားသည့်အတွက် ရောဘတ်ဇော်မင်းကဲ့သို့ အလွယ်တကူ ဖင်လှန်၍ မရရှာ။
သို့ပေသော်ငြား၊ အဆုံးမှာတော့ နှစ်ဦးသား တစ်ကိုင်းတည်း နားရသော ငှက်မောင်နှံလို ရေသဖန်းပင်ကြီးပေါ်တွင် တူစုံလှန်ကာ အီအီးပါကြလေတော့သတည်း။
ကြည့်ပါဦး သဘာဝရှူခင်းတွေက သာယာလိုက်တာ။ ရေသဖန်းပင်ကြီးပေါ်ကနေ ဓနိပင်တန်းတွေကြားကိုဖြတ်ကျော်၍ အဝေးကိုလှမ်းမျှော်ကြည့်သော်၊ လယ်ကွင်းများနှင့်တောင်တန်းများကိုမြင်ရသည်။ ချောင်းရိုးတလျောက် သွဲ့သွဲ့လေးတိုက်ခတ်နေသော လေညှင်းတို့ကြောင့် လှန်ထားသောဖင်များ အေးကနဲစိမ့်ကနဲ ခံစားရသည်မှာ အရသာတစ်မျိုးပင်။

"ပလုံ"
ဂီတသံကဲ့သို့ သာယာနာပျော်ဘွယ်စီးဆင်းနေသော ချောင်းရေစီးသံကြားမှ သမ္မတကြီး ရေထဲသို့အီးပါချသည့်အသံက စည်းချက်လိုက်နေသည့်ပမာ တစ်ချက်ချင်း ထွက်ပေါ်လာလေသည်။

ထိုင်နေသောနေရာမှာ ရေပြင်နှင့်အလွန်နီးကပ်သည့်အတွက် ဖင်တော်ကိုရေစင်လေသောအခါ၊ သမ္မတကြီးမှာ ဖင်တွန့်သွားလျက် ပြုတ်ကျမလိုဖြစ်သွားလေသည်။

"အိုးမိုင်ဂေါ့"

"သမ္မတကြီး၊ ကျွန်တော်ကိုင်သလို ဟောဒီ ရေသဖန်းသီးတွေစီနေတဲ့ အညှာတွေကိုသာကိုင်ထားပါ၊ မလန့်ပါနဲ့ခင်ဗျာ"
ရောဘတ်က သဖန်းသီးတချို့ကို ခူးစားရင်းပြောလိုက်သည်။ သမ္မတကြီးလည်း ယခုမှပင်နေသားတကျဖြစ်ရလေ၏။
သို့သော် ရေထဲမှ တဗွမ်းဗွမ်း အသံများထပ်မံ ထွက်ပေါ်လာသည့်အတွက် သမ္မတကြီးမှာ မိကျောင်းကိုတွေ့မြင်ဘိသည့်အလား အလန့်တကြားဖြင့် မတ်တပ်ပင်ထရပ်မိပြန်သည်။
မဲနက်တောက်ပြောင်သော ဝမ်းဗိုက်ဖြူဖြူနှင့် ငါးဇင်ရိုင်းများ နုတ်ခမ်းမွေးတကားကားဖြင့် သမ္မတကြီး အီးကို အငမ်းမရစားသုံးကြခြင်းပင်ဖြစ်၏။ ထိုအခါမှ သမ္မတကြီးလည်း အခြေအနေမှန်ကို သိရှိပြီးသကာလ စိတ်အေးသွားရကာ ပြန်လည်နေရာယူလျက် ကိစ္စပြီးအောင် ရှင်းလေတော့သည်။

"ပလုံ"
"ဗွမ်းဗွမ်းဗွမ်း"

ဖင်ကိုလှမ်းဟပ်မိတော့မတတ် နီးကပ်လှသော ငါးဇင်ရိုင်းများကိုကြည့်ပြီး သမ္မတကြီး အသည်းတယားယားနှင့် အကြီးအကျယ် သဘောအကျကြီးကျလျှက်ပျော်ရွှင်နေသည်မှာ ကလေးငယ်တစ်ဦးနှင့်ပင်တူသေးတော့သည်။

ဤနေရာ၌ ရောဘတ်ဇော်မင်း အီးပါရင်းတွေးတောမိသည်မှာ လူသတ္တဝါတို့၏ ကံတရားအကြောင်းပင်ဖြစ်၏။

ကြည့်ပါဦး။ ငါးဖြစ်ရသည့်ဘဝမှာတောင် သမ္မတကြီးရဲ့ အီးကိုစားခွင့်ကြုံရသော အနှီငါးဇင်ရိုင်းများကား ကုသိုလ်ထူးကဲလှသောကြောင့်သာ ဤကဲ့သို့ အထူး အခွင့်အရေးအား တစ်ကမ္ဘာလုံးရှိ ငါးများကိုကျော်လွန်ပြီး ရရှိခံစားရခြင်းပင်ဖြစ်တော့သည်။ ကံကောင်းလှပေစွ။ ယခင်ဘဝဟောင်းကပြုခဲ့ဖူးသော ကုသိုလ်ကံအကြောင်းတရား၏ အကျိုးပင်ဖြစ်ပေလိမ့်မည်။

သမ္မတကြီးရဲ့ အခြေအနေကိုလည်း တချက်လောက် ရှူစားကြည့်ပါဦးခင်ဗျာ။
သူသည် အလွန်ပင် အားရကျေနပ်လျက် ပြုံးရွှင်သောမျက်နှာထားဖြင့်၊ တငြိမ့်ငြိမ့်၊ တသိမ့်သိမ့်၊ နိမ့်ချည်၊ မြင့်ချည် လှူပ်ရှားနေသော သဖန်းပင်ကြီးပေါ်တွင် အီးထိုင်ပါရင်း ရောဘတ်ဇော်မင်းနှင့် နှစ်ယောက်တွဲပုံကို ဆယ်လ်ဖီ ပင်ဆွဲလိုက်သေးသည်။

"ပြုံးထားကွရောဘတ်ရေ"

"ရက် မစ်စတာပက်ဆိုးဒင့်"

"ရယ်ဒီ ဝမ်း တူး သရီး"

သို့နှင့် အေးမြသောလေညှင်းတို့ ဖင်ကိုရိုက်ခတ်လာသည်ကိုခံစာရင်း သဖန်းသီးစားကာ အီးပါသော အရသာကိုဇိမ်ကျကျ ခံစားပြီးသည့်နောက် ဧည့်ဆောင်တော် သို့အတူတကွ ပြန်လာကြလေသည်။
သမ္မတကြီးမှာ လွန်စွာအားရကျေနပ်လျက် ပျော်ရွှင်နေရကား ရောဘတ်ဇော်မင်းကိုကျေးဇူးတင်မဆုံးဖြစ်လို့နေပေသည်။

(ဤနေရာ၌ ကိစ္စပြီး၍ မည်သို့ မည်ပုံ ရှင်းလင်းသုတ်သင်သည်ကို ချန်လှပ်ထားခြင်းအား ခွင့်လွှတ်ပါခင်ဗျာ။
မိမိဘာသာ တွေးတောကြပါကုန်။)

ထို့နောက် သမ္မတကြီး၊ရောဘတ်ဇော်မင်းနှင့် ဆရာဦးကျော်ထွန်းခိုင်တို့ တိုင်းပြည်ရေးရာများဆွေးနွေးခြင်း။ စင်္ကာပူကိုကျော်မည့်အကြောင်း။ အနောက်တံခါး ကိစ္စ။ အရှေ့တံခါးကိစ္စ။ စီးပွားရေးကဏ္ဍ၊ပညာရေးကဏ္ဍ တို့အားဆွေးနွေး ပြောဆိုကြပြီး နှလုံးသားရေး ကဏ္ဍတွင် အဆုံးသတ်လေရာ။
သမ္မတကြီးက ...
"ရောဘတ် မင်းခုထိ မိန်းမမရသေးဘူးဆို"

"ခင်ဗျာ ဟုတ်ကဲ့"

"ထူးဆန်းပါ့ကွာ ဒီအရွယ်ထိ အမြီးမပေါက်တော့၊ ခြောက်များခြောက်နေသလားကွယ်"

"တိန်"
ဒုက္ခဘဲ ဒီဘက် ပါတ်လာပြီ။
ရောဘတ်ဇော်မင်းသည် တကမ္ဘာလုံး၌ လက်ရှိဖြစ်ပွားနေသော ကိစ္စအရပ်ရပ်အား အာပေါင်အာရင်းသန်ကာ ပြောဆိုနိုင်သော်ငြား သူ၏လက်ရှိအိမ်တွင်းရေးကိုမေးသော် သူမဖြေနိုင်ပေ။
ကြည့်ပါဦး။

"မင်းညီမတစ်ယောက် ညကလင်နောက်လိုက်သွားတယ်လို့ကြားတယ် ဟုတ်လား"

သမ္မတကြီးအမေးကိုမဖြေနိုင်၊ ရောဘတ်ဇော်မင်းတစ်ယောက် ဆွံ့အ နားမကြားဖြစ်သွား၏။ သူ့တွင်ညီမနှစ်ယောက် လွတ်နေသေးသည်။ သို့သော် ဘယ်တစ်ယောက်လင်နောက်လိုက်သွားမှန်းသူမသိ။ သူသည်ချွေးစေးများပြန်လျက် သမ္မတကြီးအား တအံ့တသြဖြင့် အထင်ကြီးစွာကြည့်လိုက်သည်။ သမ္မတကြီးမှာ အင်မတန်တော်ပေသည်။ အကြားအမြင်ရဘိသည့် အလား မိမိအိမ်တွင်းရေးပင်သိလေရာ အဘယ်ကဲ့သို့ ပဂ္ဂိုလ်မျိုးဖြစ်လေမလဲ။
အင်မတန်ကြည်ညိုဖွယ်ကောင်းပေစွ။

ရောဘတ်ဇော်မင်းသည် သမ္မတကြီးအား သံတွဲမြို့၏ အထင်ကရနေရာများဖြစ်သော ဆံတော်၊နံတော်၊အံတော် ဘုရားများသို့ပို့ဆောင်သည်။
နံတော်တောင်ပေါ်မှအဆင်းတွင် ကမ္ဘာသိ နာမည်ကြီးပုဂ္ဂိုလ်များမွေးထုတ်ပေးသည့် အထက(၁) ကျောင်းတော်ကြီးကိုဝင်ရောကါလေ့လာချင်သည်ဆို၍ ပြရသေးသည်။
ထို့နောက် သဘာဝအလှတို့ဖြင့် ကမ္ဘာကျော်သည့် နာမည်ကြီး ငပလီ ကမ်းခြေသို့ ပို့ပေးရာ သမ္မတကြီးမှာ အလွန်ပျော်ရွှင်လျက်ရှိပြီး ကလေးငယ်တဦးလို ကမ်းခြေတလျောက် ခရုကောက်နေလေ၏။
တစ်နေရာသို့ရောက်သော်၊ ယူနီဖောင်းဝတ်ဆင်ထားသောလူတချို့ထွက်လာပြီး၊ ထိုနေရာမှာ ဖြတ်သန်းသွား၍ မရကြောင်းပြောကာတားမြစ်ခြင်းခံရလေသည်။ သမ္မတကြီးဖြစ်ကြောင်းရှင်းပြသော်လည်း ခွင့်မပြု။ ထိုနေရာကို VIP နယ်မြေဟုဆို၏၊ အသင့်ပါလာသော ကွမ်းယာကိုကျွေးလိုက်မှ ဝင်ရောက်ခွင့်ရလေသည်။
သို့နှင့်၊ ရေသူမရုပ်တုနှင့်ဓါတ်ပုံတွဲရိုက်ခြင်း၊ အုန်းစိမ်းရည်သောက်ခြင်း၊ငပလီရှိ နာမည်ကျော် လူပုလေး ရည်လဲ့နိုင်နှင့်တွေ့ဆုံခြင်း တို့ပြုလုပ်ပြီး သကာလ ဌာနသို့ပြန်ကြွရန်ပြင်ဆင်ရပေတော့သည်။

"သမ္မတကြီးပြန်ကြွတော့မယ်"

သမ္မတကြီးသည် သူ့အားလက်ပြနုတ်ဆက်နေသော လူအုပ်ကြီးအား မျက်ရည်စက်လက်ဖြင့် ပြန်လည်နုတ်ဆက်ရှာ၏။
ဤသို့လာရောက်လည်ပါတ်ခွင့်ရသည့်အတွက် အလွန်တရာ ပျော်ရွှင်ကြောင်း။
အထူးသဖြင့် တစ်ခါမျှမသောက်ဖူးသော ဓနိရည်နှင့် ရခိုင်မုန့်တီ ကိုအမြဲသတိရနေမည့်အကြောင်း။ သူ့အနေနှင့် ရောဘတ်ဇော်မင်း စီစဉ်ပေးသော သဘာဝအိမ်သာ ကိုတက်ရခြင်းအတွေ့ အကြုံအား ဤတသက်မေ့နိုင်မှာမဟုတ်ကြောင်းရှည်လျားစွာ မိန့်ခွန်းခြွေလေသည်။
ထို့နောက် ရောဘတ်ဇော်မင်းအား တင်းကြပ်စွာပွေ့ဖက်နမ်းရှူတ်လေရာ၊ မြင်ရသူအပေါင်းမှာလက်ခုပ်လက်ဝါးတီးလျက် အားပေးကြကုန်၏။

"ဟေး"
"အခြောက်ကြီး"
"ယောင်္ကျားအချင်းချင်းနမ်းတယ်"
"ရောဘတ်ကြီးခြောက်နေတာကွ"

ဖြောင်း ဖြောင်း ဖြောင်း!!
ရွှီ!!

ဆရာဦးကျော်ထွန်းခိုင်အားပွေ့ဖက်မည်ပြုသော် နောက်ဆုတ် နောက်ဆုတ်နှင့် ထွက်ပြေးလေ၏။

ထို့နောက်၊ သမ္မတကြီးမှ အရေးကြီးသောအကြောင်းအရာတစ်ခုအားနောက်ဆုံးပြောကြားလေသည်။ပျော်​ရွင်​ရယ်​​မောနိုင်​ကြပါ​စေ။

Coin Marketplace

STEEM 0.27
TRX 0.07
JST 0.040
BTC 29450.14
ETH 1980.01
USDT 1.00
SBD 2.38