ဆောင်းပါး

in #myanmar7 years ago

steemit သူငယ်ချင်းများအားလုံး မင်္ဂလာပါခင်ဗျာ

【 ဆောင်းပါး 】 မသိခြင်း မရှိခြင်း မညီညွှတ်ခြင်းနှင့် အောက်တန်းနောက်တန်းကျနေရတဲ့ နိုင်ငံ

image
၁၉၇၀ ပြည့်နှစ် ဝန်းကျင်ခန့်က ကုလသမဂ္ဂ က ထုတ်ပြန်ခဲ့သည့် ဖွံ့ဖြိုးဆဲနိုင်ငံများ (တနည်း ဆင်းရဲသည့်နိုင်ငံများ) စာရင်းတွင်၊ မြန်မာ၊ အိန္ဒိယနှင့် တရုတ် တို့ အတူတကွပါဝင်ခဲ့ကြပါသည်။သို့သော် နှစ်ပေါင်း ၄၇ နှစ် ကျော်လွန်ခဲ့ပြီး ဆယ်စုနှစ် ၅ ခုကျော်၍ ယခုလက်ရှိ ကုန်လုကုန်ခင် ၂၀၁၇ သို့ ရောက်သော် မြန်မာသည် ၁၉၇၀ ပြည့်နှစ်တုန်းကထက် များစွာဆုတ်ယုတ်ခဲ့လေပြီ။တဘက်တွင် ကား တရုတ်နှင့် အိန္ဒိယ တို့သည် ယခင်အခြအနေထက် များစွာတိုးတက်ခဲ့ကြလေပြီ။

မြန်မာတို့သည် လူညံ့များမဟုတ်ကြပါ။နိုင်ငံရပ်ခြားတွင် ပညာသင်ကြားကြရသောအခါ အများနှင့် ရင်ဘောင်တန်း သင်ယူနိုင်စွမ်းရှိသူများ သင်ကြားတတ်မြောက်လွယ်သူများ ဖြစ်ကြပါသည်။ ရာစုနှစ် ၅ စုအတွင်း မြန်မာသည် နောက်ပြန်လမ်းလျှောက်နေသူနှင့် တူခဲ့ပြီး အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း တို့သာမက တခြားအရှေ့တောင်အာရှနိုင်ငံများသည် ရှေ့သို့ စိုက်လိုက်မတ်တတ် လမ်းထွင်လျှောက်ခဲ့သူများ ဖြစ်ကြပါသည်။ယနေ့ မြန်မာ၏ အနေအထားမှာ ယခင်က အရှေ့တောင်အာရှတွင် စီးပွားရေးအလားအလာ အကောင်းဆုံးဆိုသော အနေအထားမှ အဆိုးဆုံးဟု သတ်မှတ်ခံရတော့မယောင် အနေအထားသို့ ပြောင်းခဲ့လေပြီ။ ဝမ်းနည်းကြေကွဲဖွယ် ကောင်းလှပါသည်။

ဗုဒ္ဓတရားတော်အရ အကြောင်းမဲ့အကျိုးဟူ၍ လောကတွင် မရှိပေ။၁၉၅၀ ပြည့်နှစ် ဝန်းကျင်က အရှေ့တောင်အာရှတွင် အလားအလာအရှိဆုံး နိုင်ငံအဖြစ်မှ ယနေ့ ဟိုနိုင်ငံသို့ လက်ဖြန့်ရ၊ သည်နိုင်ငံသို့ ပေးပါ ကမ်းပါ ပြောဆိုရသည့် မြန်မာ့အဖြစ်သည် ကုဋေရှစ်ဆယ် သူဋ္ဌေးသားအဖြစ်နှင့် နှိုင်းသော် ရိုင်းအံ့မထင်ပေ။ကုဋေရှစ်ဆယ် သူဋ္ဌေးသား ကုန်းကောက်စရာမရှိ ဖြစ်ခဲ့ရခြင်း၏ အဓိကတရားခံသည် ပညာမဲ့မှု ဖြစ်ပါသည်။၁၉၆၂ တွင် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်စနစ်သည် စနစ်ဆိုးမဟုတ်။စနစ်ကောင်းဖြစ်ပါသည်။
သို့သော် စနစ်က တခြားစနစ်ကို အကောင်အထည်ဖော်သူတို့ ဉာဏ်တိမ်ရုံသာမက အတ္တကြီးမားကြလှပေရာ မြန်မာလူထုသည် မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်လမ်းစဉ် ဆိုင်းဘုတ်အောက်တွင် လက်တွေ့၌ စစ်အာဏာရှင်စနစ်အောက် နေထိုင်ရှင်သန်ခဲ့ကြရခြင်းက မြန်မာပြည် တစ တစ နိမ့်ပါးကျဆင်းရေး၏ နိဒါန်းဖြစ်ခဲ့ပါသည်။

အလယ်စာကိုယ်ကား ပညာရေးစနစ်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါသည်။ယနေ့ ကမ္ဘာ့တက္ကသိုလ်များ ကျင့်သုံးနေသည့် မဟာဋ္ဌာနများဖြင့် ဖွဲ့စည်းလျက် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ (ဆီးနိတ်) ဖြင့် အုပ်ချုပ်သည့် လွတ်လပ်သော ပညာသင်ယူနိုင်ခြင်းစနစ်ကို ဖျက်လျက် ၁၉၆၄ စနစ်သစ် ပညာရေး ထူထောင်ကာ ပညာရေးကို စစ်အာဏာရှင်များ လက်အောက်သို့ သွတ်သွင်းလိုက်သည်။
တက္ကသိုလ်များကို ခွဲထုတ်ပြီး အသက်မွေးပညာသင် တက္ကသိုလ်များက သပ်သပ်၊ ဝိဇ္ဇာ - သိပ္ပံ ပညာသင်တက္ကသိုလ်များက သပ်သပ် ခွဲထုတ်လျက် အစဉ်အလာကြီးမားသော ရန်ကုန်တက္ကသိုလ် ပုံရိပ်ကို သေးသိမ်စေခဲ့သည်။ထိုသို့ ပြုလုပ်ခြင်း၏ အကျိုးရလဒ်သည် ၁၉၆၄ တွင် စတင်တည်ထောင်သည့် ထိုင်းနိုင်ငံမှ ဇင်းမယ်တက္ကသိုလ်သည် ၁၉၉၇ တွင် ကွန်ပျုတာစနစ်သုံးသည့် အီး - စာကြည့်တိုက်အဖြစ် ပြောင်းလဲသွားချိန်တွင် ရန်ကုန်တက္ကသိုလ်ဝင်းထဲရှိ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည် ကွန်ပျူတာစနစ်သုံး စာကြည့်တိုက်အဖြစ် ပြောင်းရန်ဝေးစွ။စာကြည့်တိုက် တခုလုံးအတွက် ကွန်ပျူတာလေး နှစ်လုံး သုံးလုံးဖြင့် အလုပ်လုပ်နေရသည့် အနေအထား ဖြစ်ပါသည်။

၁၉၆၄ တွင် စနစ်ပညာရေး စကျင့်သုံးသည့် ရန်ကုန်တက္ကသိုလ်သည် ၁၉၈၈ နောက်ပိုင်း ပိုမိုပုံရိပ်ကျဆင်းခဲ့သည်မှာ ယနေ့ တက္ကသိုလ်ပညာရေးသည် အလွတ်ကျက်ဖြေ ပညာရေးအဆင့်ဖြစ်ကြောင်း အားလုံးသိကြပါသည်။ ဇင်းမယ်တက္ကသိုလ်ကား ကမ္ဘာ့အဆင့်မီ တက္ကသိုလ်တစ်ခုအဖြစ် ရပ်တည်နေပြီ ဖြစ်ပါသည်။၁၉၂၀ တွင် စတင်တည်ထောင်ခဲ့သည့် ရန်ကုန်တက္ကသိုလ် အဆင့်အတန်း တဖြည်းဖြည်းလျှောကျမှုကို ယခုထိ မကုစားနိုင်သေးပါ။

ထို့အတူ မကြာခဏပြောင်းလဲသည့် သင်ရိုးညွှန်းတမ်းများ၊ ပြောင်းသည့် သင်ရိုးညွှန်းတမ်းများသည် ပြည်သူပြည်သားကောင်းတစ်ယောက် ဖြစ်ထွန်းလာစေရေး ကိုယ်ကျင့်တရားကောင်းမွန်လျက် အနုစာပေကို ခံစားနားလည်သည့် ပညာတတ်များမွေးထုတ်ရေး မဟုတ်ဘဲ၊ ပြင်ဆင်ထားသည့် သမိုင်းသင်ခန်းစာများကို သင်ယူရသည့် ကျောင်းသား ကျောင်းသူများ၊ ပြည်သူ့နီတိဖြုတ်ထားသည့် သင်ရိုးညွှန်းတမ်းများဖြင့် ကျောင်းသင်စာတခုတည်း ကွက်ကွက်ကိုသာသိသည့် ကျောင်းသား ကျောင်းသူများကို မွေးထုတ်သည့် ပညာရေးဖြစ်လာခြင်းသည် မြန်မာနိုင်ငံ၏ လက်ရှိပြဿနာအဝဝကို ဖန်တီးပေးပေတော့သည်။

တစ်ဘက်တွင် တိုင်းပြည်၏ စီးပွားရေးက ပြည်သူအတွက် ကျဆင်းနေသော်လည်း အုပ်ချုပ်သူများနှင့် သူတို့နှင့် ဆက်စပ်ပတ်သက်သူများအတွက် မကျဆင်းပေ။အုပ်ချုပ်သူနှင့် နီးစပ်ရာလူတန်းစား သူဋ္ဌေးသူကြွယ်များ ဖြစ်လာချိန်တွင် အခြေခံလူတန်းစားများ၏ သားသမီးများတွင် လုံးလုံးကျောင်းမနေရသူများ၊ မူလတန်းပညာပင်မပြီးဆုံးဘဲ ကျောင်းထွက် အလုပ်လုပ်ရသူများ များပြားလာတော့သည်။မသိခြင်း (ပညာမသင်ကြားရခြင်း၊ သင်ကြားရသော ပညာသည် မကျယ်ပြန့်ခြင်း) နှင့် အခြေခံလူတန်းစားများ၊ လူလတ်တန်းစားများ ဝင်ငွေနှင့် ထွက်ငွေ မမျှဖြစ်လာခြင်းသည် လူငယ်အများအပြား နိုင်ငံကိုစွန့်ခွာလျက် ရရာအလုပ်လုပ်ရန် ထိုင်းနှင့် မလေး သို့ ဦးစွာထွက်ကြသည်။ယနေ့သော် ကမ္ဘာ့နိုင်ငံအနှံ့တွင် မြန်မာမရှိသောနိုင်ငံ မရှိသလောက်ဖြစ်သည်အထိ လူငယ်လူရွယ်များ ပြည်ပသို့ ရောက်ကုန်ပါသည်။

ပညာမသင်ရခြင်း၊ ကျယ်ပြန့်သည့်ပညာရေးကို သင်ခွင့်မရခြင်းနှင့် နိုင်ငံ၏ ဆင်းရဲမွဲတေခြင်းတို့ ပေါင်းစပ်လိုက်သောအခါ မြန်မာတို့၏ လုပ်ကိုင်နိုင်စွမ်းရည် (Capacity) နိမ့်ပါးလာကြပါသည်။သို့ဖြင့် တင်းပြည့်ကျပ်ပြည့် နိုင်ငံရေးသမားများ နည်းပါးလာသည်။ တင်းပြည့်ကျပ်ပြည့် ပြည်သူ့ဝန် ထမ်းများ နည်းပါလာသည်။ထို့ပြင် အကြောက်တရားအောက်တွင် နှစ်ကာလရှည်စွာ နေခဲ့ရသူတို့၏ ပုံရိပ်ကို မြန်မာအတော်များများတွင် တွေ့ရတော့သည်။ဝန်ထမ်းများသည် ညွှန်ကြားမှုကို လိုက်နာတတ်သော်လည်း လွဲမှားသောညွှန်ကြားမှုကို မငြင်းဆန်တတ်ပေ။
ပြန်ပြောရန်ကားဝေးစွ။ထိုးထွင်း တီထွင် လုပ်ဆောင်ရေးဟူသည် ဝေးစွ။

အတန်းစာသာသင်ခဲ့ရပြီး ညှိနှိုင်းနေထိုင်တတ်မှု ညှိနှိုင်းဆောင်ရွက်တတ်မှု အလေ့အကျင့်မပေးခဲ့သော ပညာရေးအောက်မှ ထွက်လာသော မြန်မာများသည် တစ်ဦးနှင့် တစ်ဦး ညှိနှိုင်းအလုပ်လုပ်ရန် ခက်ခဲလှသော်လည်း ကွဲရန် ပြဲရန် မညီညွှတ်ရန် အလွန်လွယ်ကူပါသည်။ မြန်မာနှင့် မရှေးမနှောင်း အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ပြီး မရှေးမနှောင်း လွတ်လပ်ရေးရခဲ့သည့် အိန္ဒိယသည် လွတ်လပ်ရေးရပြီးသည်မှ ယနေ့ထိ နိုင်ငံတော်အလံ တစ်ကြိမ်မှ မပြောင်းလဲသေး။ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ခြင်းသာရှိသည်။
တစ်ကြိမ်မျှ အသစ်တဖန် ပြန်မရေးခဲ့သေး။၂၆ နိုဝင်ဘာ ၁၉၄၉ တွင် ရေးဆွဲ၍ ၁၉၅၀ ပြည့်နှစ် ဇန်နဝါရီ ၂၆ တွင် အတည်ပြုခဲ့သော အိန္ဒိယနိုင်ငံ၏ အခြေခံဥပဒေကို ပြင်ဆင်ခြင်းသာရှိခဲ့ပြီး အစိုးရအသစ်က အဟောင်း၏ လုပ်ဆောင်ချက်ကို ဖြိုမချခဲ့ပေ။ ယနေ့ဆိုလျှင် အိန္ဒိယ၏ အခြေခံဖွဲ့စည်းပုံဥပဒေသည် ၆၇ နှစ် ရှိခဲ့ပေပြီ။

ဤသို့ဆိုသဖြင့် အိန္ဒိယတွင် မြန်မာကဲ့သို့ နိုင်ငံရေးအကွဲအပြဲများ မရှိပေဘူးလား။
ရှိကြပါသည်။သံမဏိသက်ရှည် ကွန်ဂရက်ပါတီသည် အကြိမ်ကြိမ်ကွဲပြဲခဲ့ပါသည်။သို့သော် ပြန်လည်ညှိနှိုင်းလျက် ပါတီကို ဖျက်သိမ်းရသည့် အခြေအနေသို့ အဆိုက်မခံခဲ့ကြပါ။
တရုတ်သည်လည်း တပါတီစနစ်ဖြစ်စေကာမူ မော်စီတုန်း အလွန်ကာလ ဖြစ်ရပ်များကို မြန်မာအားလုံးအသိ ဖြစ်ပါသည်။သို့သော် တရုတ် ကွန်မြူနစ်ပါတီသည် လည်းကောင်း အိန္ဒိယ ကွန်ဂရက်ပါတီသည် လည်းကောင်း မပျောက်ပျက်သွားကြပါ။မြန်မာကား ၁၉၇၀ ပြည့် ဝန်းကျင်တွင် ပေါ်လာသည့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ ဖဆပလပါတီ၊ ဗမာပြည်ကွန်မြူနစ်ပါတီတို့ နိဂုံးချုပ်ခဲ့ကြပါပြီ။

မြန်မာတို့သည် တစ်ဦးနှင့် တစ်ဦး ကိုယ်ကျိုးထက် တိုင်းပြည်အကျိုး လူမျိုးအကျိုးကို မျက်နှာမူ အလုပ်လုပ်ရန် အလုပ်ခက်ခဲသည့် လူမျိုးဖြစ်ကြောင်း ယနေ့ထိ မရနိုင်သည့် အကြွင်းမဲ့ငြိမ်းချမ်းရေး ယနေ့ထိ မရပ်စဲနိုင်သည့် ပြည်တွင်းစစ်မီးများက ပြသနေပါသည်။ အတန်းပညာသင်ယူခဲ့သူများလျက် အများအတွက် ထည့်သွင်းစဉ်းစားသည့် ပြည်သူပြည်သားအဖြစ် လေ့ကျင့်ပေးမှု မရရှိခဲ့သော မြန်မာတို့သည် ညီညွှတ်ရန် ခဲယဉ်းလှပေသည်။ဂျပန်တွင် စက်လှေခါးစီးသူများသည် ဘယ်ဘက် တစ်ဘက်တည်းသို့ စည်းစနစ်တကျ ရပ်လျက်စီးကြခြင်းသည် ဤစက်လှေခါးကို အရေးပေါ်သုံးရန် တစ်ယောက်ယောက်က လိုအပ်လာပါက လွှတ်ပေးထားသည့်ဘက်မှ ပြေးတက် ပြေးဆင်းနိုင်စေရန် နေရာပေးထားခြင်း ဖြစ်ပါသတဲ့။

ယနေ့ ရန်ကုန်မြို့လယ်ကောင်မှ ဗိုလ်ချုပ်ဈေးသစ်ကို သွားကြည့်ပါ။ ရွှေတိဂုံဘုရားသို့ သွားကြည့်ပါ။ကုန်တိုက်ကြီးများသို့ သွားကြည့်ပါ။ စက်လှေခါးများပေါ်တွင် ရပ်ချင်သလို နေရာစုံ ပုံစံစုံ ရပ်လျက် စီးနင်းနေကြသော ရွှေမြန်မာများကိုသာ တွေ့ရပါမည်။
မည်သည့်မြန်မာမျှ အရေးပေါ်အခြေအနေ ကြုံနိုင်သည့်သူ တစ်ဦးဦးအတွက် ထည့်သွင်းစဉ်းစားခြင်း မရှိပါ။

မြန်မာသည် အတန်းပညာသာတတ်သူများခြင်း၊ မညီညွှတ်ခြင်းနှင့် အတ္တ-ပရမျှတ စဉ်းစားမှုမရှိသလောက် နည်းပါးခြင်းတို့ဖြင့် တည်ဖွဲ့လိုက်သည့်အခါ တိုင်းပြည်စီးပွားနာလန်မထူနိုင်ခြင်း တည်မြဲနေတော့သည်။ထို့ပြင် အာဏာရှင်တုန်းကလည်း အာဏာရှင်ဖြစ်၍ ဦးသိန်းစိန် အစိုးရတုန်းကလည်း အရပ်သားတစ်ပိုင်းအစိုးရဖြစ်၍ လက်ရှိ အင်အယ်ဒီ အရပ်သားအစိုးရ တက်တော့လည်း လုပ်ရည်ကိုင်ရည် မကောင်း၍ စသည့်ရသည့်ရလဒ်ကိုသာ ဖာသိဖာသာနေကောင်းနေမည်။ အဆိုးကို သည်းမခံနိုင်မှု လွန်ကဲလာကြပါသည်။

ရွှေမြန်မာတို့ ပညာနည်းရင့်ကျက်မှုနည်း မညီညွှတ်နိုင်သမျှ ကာလပတ်လုံး သိကြားမင်းဆင်း အုပ်ချုပ်လျှင်ပင် လက်ရှိ မသိခြင်း မရှိခြင်း၊ မွဲတေခြင်းနှင့် အောက်တန်းနောက်တန်းကျ ဘဝမှ လွတ်မြောက်ကြမည် မဟုတ်ပေ။

ခွက်ဒစ် "ခင်နှင်းဦး"

Steemit myanmar အဖွဲ့သားအားလုံးကို ကျေးဇူးတင်ပါသည်

Sort:  

welcome! Nice to meet you.

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.027
BTC 60256.67
ETH 2327.64
USDT 1.00
SBD 2.46