နွေဦးနှင့် သင်္ကြန်

in #myanmar6 years ago

image
နှင်းငွေ့မြူမှုန်တို့သည် ပြယ်လွင့်၍ သဇင်ရနံတို့ ပျောက်ကွယ်သွားသည်နှင့် နွေသည် ဥသြတို့အား တေးဆိုစေကာ ပူုပြင်းသွေ့ခြောက်ခြင်းတို့ကို ဆောင်ကြဉ်း၍ ကမ္ဘာမြေလောကထဲသို့ ချဉ်းနင်းဝင်ရောက်လာလေသည်။ နှင်းရည်သောက်သုံး၍ စိမ်းစိုခဲ့သော ရွက်စိမ်းတို့သည် အဝါရောင်သမ်းကာ ကြွေမည့်ရက်ကို ရင်တစ်ဖိုဖိုနှင့် စောင့်ကြိုငံ့လင့်နေကြလေပြီ။ နွေဦး၏ လေရူးသည် ရော်ရွက်တို့ကို ခပ်ကြမ်းကြမ်းတိုးဝေ့၍ မြေပြင်သို့ သက်ဆင်းလေသည်။
image
နွေဦးသို့ရောက်လျှင် အပူဒဏ်ကိုမမှုသည့် ငု၊ ပိတောက်၊ ပျဉ်းမ၊ စိန်ပန်းစသော ရောင်စုံပန်းကလေးများသည် နွေ၏ရောင်စုံပန်းချီကားချပ်ကို သက်ဝင်လှုပ်ရှားလာအောင် ဆေးခြယ်ကြလေပြီ။ ရဲရဲနီနေသော လဲပန်း၊ ပေါက်ပန်းတို့ကလည်း နွေဦးကို ကြိုဆိုကြလေသည်။ လိမ္မော်ရောင် လက်ပံပွင့်တို့သည် ဝေလိုက်၊ ကြွေလိုက်နှင့် နွေသဘာဝကို ဟန်ရေးပြနေချိန်တွင် လက်ပံပင်ထက်မှ ဆက်ရက်မောင်နှံတိုကလည်း စီစီညံညံနှင့် ပွဲသဘင်ခံလျက်ရှိသည်။ မြန်မာလူမျိုးတို့သည် ရာသီအလိုက်ပွဲတော်များကို ယဉ်ကျေးမှုဓလေ့ထုံးစံလည်းမပျက် ပျော်ရွှင်ကြည်နူးဖွယ်လည်းဖြစ်အောင် ဖန်တီးလေ့ရှိကြသည်။ ပူပြင်းခြောက်သွေ့နေသော်လည်း မြန်မာတိုအား အပြုံးကိုမပျက်စေနိုင်ပါ။ အေးမြသော သင်္ကြန်ရေပတ်ဖျန်း၍ ချစ်ကြည်ရေးပန်းများဖြင့် ကြည်နူးရွှင်လန်းနေကြပြန်သည်။
image
ရွှေဝါရောင် ပိတောက်တို့နှင်အတူ မြန်မာတို့သည် အတာကူးသည့် နှစ်ဦးကို ကြိုဆိုကြမြဲဖြစ်ပါသည်။
နေရာတိုင်းတွင် တူးပို့တူးပို့ဆိုသည့် သင်္ကြန်အကြိုတေးသံတို့ ပျံ့လွင့်နေသည်။ သင်္ကြန်ရနံ့ဟု ဆိုရမည့် မြေသင်းနံ့နှင့် ပိတောက်ရနံ့တို့ ရောယှက်ကာ သင်းပျံ့နေသည်။ ပိတောက်ပွင့် ပိတောက်ဆင်များကို ဆင်ယင်လျက် ပျိုမေတို့သည် ယိမ်းကကာ နှစ်သစ်ကို ဂုဏ်ပြုကြိုဆိုကြသည်။ သင်္ကြန်သည် မြန်မာပြည်သူတို့၏ နှလုံးသားသို့ ပျော်ရွင်မှုများကို ဆောင်ကြဉ်းလာမြဲ ဖြစ်သည်။ နှစ်ဦးခါသင်္ကြန်နှင့် မြန်မာဟန် မြန်မာ့ခံစားမှုတို့သည် လိုက်ဖက်လှပါသည်။
image
သင်္ကြန်ဟူသော ဝေါဟာရသည် မြန်မာလူမျိုးနှင့် ခွဲမရပေ။ ထိုဝေါဟာရသည် ပါဠိစကား သင်္ကန္တမှ ဆင်းသက်လာသည်။ ကူးပြောင်းခြင်းဟု အနက်ရသည်။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူပြောင်းခြင်းကို ရည်ညွှန်းသည်။ နွေ၏အပူတို့ကို သင်္ကြန်ရေဖြင့် အေးမြစေသော မြန်မာတို့၏ အပျော်စိတ်ကူးသည် သဘာဝကျလှသည်။ ရေကဲ့သို့ တစ်သားတည်းဖြစ်စေ၊ နှစ်ဟောင်းမှ အန္တရာယ်ဆိုး၊ စိတ်ဆိုး၊ စိတ်ညစ်များကင်းစင်စေ၊ အေးမြငြိမ်းချမ်းစေဆိုသော ရည်ရွယ်ချက်ကလည်း မွန်မြတ်လှသည်။ အတာသဘင်၏ အစသည် ကပိလဝတ်ပြည်၌ နေကုန်သော သာကီဝင်မင်းတို့သည် နှလုံမွေ့လျော်ဖွယ်ရှိသော ဒေဝဒဟရေကန်ကြီးအနီး၌ မင်းတဲဆောက်၍ ရေဖျန်းသဘင် ပျော်ရွှင်ကစားကြသည်ဟု သာသနဝင်ကျန်းတို့၌ ဖတ်ခဲ့ဖူးပါသည်။
image
မြန့်မာကျေးလက်များ၌ နှစ်ကူးချိန်တွင် ရဟန်းခံရှင်ပြုပွဲများအတွက် ဝါးခုတ်၊ ထင်းခုတ်၊ မဏ္ဍပ်ဆောက်၊ တံခွန်ကုက္ကားလုပ်၊ ကွမ်းတောင့၊ ပရိတ်အိုးပြင်နှင့် တစ်ရွာလုံးလှုပ်ရှားတက်ကြွကာ ပျော်ရွှင်နေကြမြဲပင်။ မြို့ပြ၌လည်း ထာဝရမရိုးနိုင်သော မြနန္ဒာသီချင်းသံက နေရာတိုင်းမှာ ပျံ့လွင့်ကာ နှစ်ဦးသင်္ကြန်သည် မြူးကြွနေသည်။ မြနန္ဒာသီချင်းသံနှင့် တူးပို့သီချင်းသံကြားလျှင် မြန်မာပြည်သူတို့်ရင်သည် လန်းရွှင်မြူးကြွလာသည်။ ရေပက်ခံမဏ္ဍပ်များ၌ အသက်အရွယ် အဆင့်အတန်းမရွှေး ချစ်ကြည်ရင်းနှီးမှုကို အရင်းတည်၍ ပျော်ရွှင်စွာ ကခုန်ကြသည်။ ရေပက်ခံကားများနှင့် တစ်မြို့လုံးလှည်လည်၍ ဆင်နွှဲပျော်ရွင်စွာ ကခုန်ကြသည်။ ရွှဲရွှဲစိုအောင် လောင်းပက်၍ ကျီစယ်ဆော့ကစားကြသော်လည်း ခွင့်လွှတ်နိုင်ကြသည်။
image
သင်္ကြန်နှင့်ပိတောက်၊ ပိတောက်နှင့်သင်္ကြန်သည် ယှဉ်တွဲနေမြဲပင်။ မြစိမ်းရွက်များ ခြံရံထားသည့် ရွှေဝါရောင် ပိတောက်ပွင့်များ၏ အလှက တင့်တယ်လှပါသည်။ ပိတောက်ရနံ့က ရင်ကိုအေးမြစေသည်။ ပိတောက်ပန်းသည် တစ်နှစ်မှာ တစ်လ၊ တစ်လတွင်တွင် တစ်ရက်တည်း ခက်ခဲရှားပါးစွာ သင်္ကြန်ခါကို အလှဆင်ရန် ဖူးပွင့်လာခြင်းဖြစ်သည်။ သင်္ကြန်ပွဲတော်၏ အဆိုအကမှန်သမျှတွင် ပိတောက်ပွင့်အဆင်၊ ပိတောက်ဝါရောင် အသွေးတို့ လွှမ်းကာ ပိတောက်ရနံ့တို့ သင်းနေမြဲပင်။ သင်္ကြန်မဏ္ဍပ်မှန်သမျှတွင် ပိတောက်တေးသံတို့ ပျံ့လွင့်နေသည်။ နွေဦးလေးရူးနှင့်အတူ မြန်မာတို့သည် နှစ်သစ်သင်္ကြန်တွင် ယစ်မူးပျော်ရွှင်လေ့ရှိသည်။ ယခင်တစ်ချိန်က သင်္ကြန်ကို အမှတ်တရဖြစ်၍ ရေးသားလိုက်သည်။

MSC-047
@kokyawzinphyo
Photo Credit; Facebook Image

Sort:  

အရေးပသားတွေကတော့ မိုက်တယ်ဗျာ င်္ကြန်ကိုတောင်ရောက်ချင်လပြီ

ကျော်ကတော့ သင်ကြန်မိသားစုနဲ့အညာပြန်မယ်

ကောင်တယ်ဗျ။ ရန်ကုန်သားဆိုတော့ ရန်ကုန်မှာပဲနေမယ်ဗျာ

သင်္ကြန်​ နီးပြီ​နော့....ပိ​တောက်​​ပွင့်​​တော့မယ်​....

ဟုတ်တယ် ပွင့်တော့မယ်

သက်ြန်ပိတ်ရက်နည်းတယ်နော်
ကျွန်တော်တို့ကဝန်ထမ်းတွေမို့ပြောတာပါ

ဟုတ်​ပ အစ်​ကို​ရေ ပိတ်​ရက်​နဲ့ တိုက်​​နေ​တော့ ခက်​သားဗျ။

ဟုတ်တယ်ဗျ။ ဒါပေမယ့် ဟိုးယခင်ကလည်း ၅ရက်ပါပဲဗျာ

နိဒါန်းအဖွဲ့လေးကတော့ စာတပုဒ်လုံးမှာ အကြိုက်ဆုံးပဲ

ကျေးဇူးပါကိုမြင့်

အရမ်​​ကောင်းတယ်​ အကို​ရေ

ကျေဇူးပါညီလေး

ေ သြာ်‌ သ င်္ကြန်‌ ‌ရောက်‌‌တော့မယ်‌‌နော်‌။‌မျှော်‌လင့်‌စရာတစ်‌ခုပါ။

April လရောက်တိုင်း ရင်ခုန်ရတယ်လေ

အကြောင်းအရာလေးနဲ့ပုံလေးတွေက အသက်ဝင်တယ်

ကျေးဇူးပါကိုအေး

ရေးသားထားသည်များ ပီပြင်လွန်းပြီး မျက်စိထဲမြင်ယောင်မိပါသည် အရမ်းကောင်းပါတယ် အစ်ကိုရယ်

ကျေးဇူးပါဗျ

သင်္ကြန်​​ရောက်​ခါနီးပြီမို့ ရင်​ခုန်​မိတယ်​ဗျာ

ဟုတ်တယ်ညီရေ ရင်ခုန်ရတာအမှန်ပဲ

Coin Marketplace

STEEM 0.20
TRX 0.12
JST 0.028
BTC 64411.29
ETH 3516.69
USDT 1.00
SBD 2.55