"ငှက်နှစ်ကောင်ရဲ့ ချစ်ပုံပြင်"

in #myanmar6 years ago

"ငှက်နှစ်ကောင်ရဲ့ ချစ်ပုံပြင်"
💖💖💖💖💖💖💖💖💖
image
ဒီငှက်နှစ်ကောင်ရဲ့ အချစ်ဇာတ်လမ်းက စိတ်ကူးယဉ်မဟုတ်သလို ဒဏ္ဍာရီပုံပြင်လည်း မဟုတ်ပါဘူး။ တကယ်လက်ရှိဘဝမှာ ဖြစ်ပျက်နေတဲ့ အဖြစ်တစ်ခုပါ။ ဒီငှက်နှစ်ကောင်ရဲ့အကြောင်းကို သတင်းတွေမှာ ဖတ်မိ ကြည့်မိကြမှာပေါ့။

ဥရောပတိုက်မှာ Croatia ဆိုတဲ့ ဒေသတစ်ခုရှိတယ်။ အဲဒီဒေသမှာ Slavonski Brod ဆိုတဲ့မြို့လေးတစ်မြို့ရှိတယ်။ အဲဒီမြို့လေးက ရာသီဥတုမျှတပြီး တောတောင်ရေမြေစိမ်းစိုတာကြောင့် ငှက်အများရဲ့ ခေတ္တနားခိုရာနေရာဖြစ်ခဲ့တယ်။ အထူးသဖြင့် ငှက်ကျားဖြူတွေဟာ နွေဦးရာသီရောက်တိုင်း အဲဒီမြို့လေးဆီ ပျံသန်းလာကြပြီး ခေတ္တနေထိုင်ကြတယ်။

၁၉၉၃ခုနှစ် နွေဦးရာသီရောက်တော့ ထုံးစံအတိုင်း အဲဒီမြို့လေးဆီ ငှက်တွေရောက်လာကြတယ်။ အဲဒီထဲမှာ ငှက်ကျားဖြူတစ်ကောင်ဟာ ပျံသန်းနေရင်းက မြေပြင်ပေါ် ပြင်းပြင်းထန်ထန်ကျလာခဲ့တယ်။ ဒါကို Stjepan Vokic လို့ခေါ်တဲ့ ဦးလေးကြီးတစ်ယောက်က တွေ့သွားတယ်။ တောင်ပံမှာ ကျည်ဆန်ရာနဲ့ ဒဏ်ရာရသွားတဲ့ ငှက်ကျားဖြူကို ဦးလေးကြီးက ဘာမှစဉ်းစားမနေဘဲ အိမ်ယူပြန်သွားခဲ့တယ်။ အိမ်ရောက်တော့ ဆေးတွေကုပေး လုပ်ပေးပေမယ့် အတောင်က ခရီးဝေးပျံသန်းလို့မရနိုင်အောင် ပျက်စီးသွားခဲ့တယ်။

ဒီလိုနဲ့ ဆောင်းခိုဖို့ တောင်အရပ်ဆီ ငှက်တွေပျံသန်းကြတဲ့အခါ အဲဒီငှက်ကျားဖြူ ပါမသွားခဲ့တော့ဘူး။ ဦးလေးကြီးကလည်း အဲဒီငှက်ကို ကိုယ့်သမီးတစ်ယောက်လို ကျွေးမွေးပြုစုထားလိုက်ပြီး အိမ်ခေါင်မိုးမှာ အသိုက်တစ်ခု ဆောက်ပေးထားလိုက်တယ်။ ရာသီဥတုအေးရင် အိမ်ထဲခေါ်ထား၊ ပူနွေးရင် အိမ်ပြင်ထုတ်ထားနဲ့ အဲဒီဦးလေးကြီးနဲ့ ငှက်ကျားဖြူဟာ စားအတူ သွားအတူနဲ့ နှစ်ပေါင်း ၈နှစ်နီးပါး အတူနေခဲ့ကြတယ်။

ဒီလိုနဲ့ ၂ဝဝ၁ ခုနှစ်မှာ ဦးလေးကြီးဟာ ခါတိုင်းလိုပဲ ငှက်ကျားဖြူကို အစာကျွေးဖို့ ခေါင်မိုးပေါ်တက်တော့ အခြားငှက်ကျားဖြူအဖိုတစ်ကောင်ဟာ အတောင်ကျိုးတဲ့ငှက်ကျားမနား ရှိနေတာကို တွေ့လိုက်ရတယ်။ အဲဒီငှက်ဖိုကို ငှက်မကလည်း ထိုးဆိတ်မောင်းထုတ်တာမျိုး မရှိခဲ့ဘူး။ နှစ်ကောင်သား ကလူကျီစယ်နေတာကို တွေ့တော့ ဒါ ငှက်မလေးရည်းစားထားပြီဆိုတာကို ဦးလေးကြီးကသိလိုက်တယ်။

ငှက်ကျားဖြူ အဖိုနဲ့အမဟာ အတူတကွ မခွဲမခွာနေကြတယ်။ ငှက်ဖိုဟာ မကြာခဏ အစာတွေချီပျံလာပြီး ငှက်မကိုကျွေးတယ်။ အဲဒီမှာ သူတို့ ဥဥကြတယ်။ ဥကနေတဆင့် ငှက်ကလေးတွေ ပေါက်လာကြတယ်။ ငှက်ကလေးတွေပေါက်လာတော့ ငှက်ဖိုဟာ ခါတိုင်းထက် အစာတွေချီပြန်လာတတ်တယ်။

ဒီလိုနဲ့ နွေဦးကုန်၊ နွေကုန်ပြီး ဆောင်းဦးရောက်လာခဲ့တယ်။ ငှက်ကလေးတွေလည်း ကြီးပြင်းလာကြပြီ။ ဆောင်းခိုဖို့ ငှက်ဖခင်နဲ့အတူ တောင်အရပ်ဆီ သူတို့ပျံသန်းရတော့မယ်။ အတောင်ကျိုးနေတဲ့ ငှက်မကတော့ သားသမီးလင်ယောက်ျားက ခွဲခွာသွားတော့ အသိုက်မှာ တစ်ကောင်တည်းထီးထီးကျန်ရစ်ခဲ့တယ်။

ဇာတ်လမ်းက ဒီလိုနဲ့ပဲ ပြီးသွားလိမ့်မှာပေါ့။ နောက်ဆုံးတော့လည်း ဦးလေးကြီးနဲ့ ငှက်ကျားဖြူပဲကျန်ရစ်ခဲ့တော့မှာပေါ့။ ဒါပေမယ့် အဖြစ်အပျက်က အဲဒီလိုမဟုတ်ခဲ့ဘူး။ နောက်နွေဦးကိုရောက်တော့ ငှက်ဖိုဟာ ငှက်မဆီကို ပျံလာခဲ့တယ်။ နွေဦးတစ်နှစ်၊ နွေဦးနှစ်နှစ်... ငှက်မဆီကို ငှက်ဖို အလွန်ဆုံးပြန်လာနိုင်မှာ နွေဦး သုံးလေးခုလောက်ပဲလို့ ဦးလေးကြီးထင်ခဲ့တယ်။

ဒါပေမယ့် နှစ်စဉ်နွေဦးရောက်တိုင်း ငှက်မဆီကို ငှက်ဖိုပြန်လာခဲ့တယ်။ အခုဆိုရင် နှစ်ပေါင်း ၁၆နှစ်ရှိခဲ့ပြီ။ နွေဦး မတ်ခ်ျလ ၂၄ ရက်နေ့ရောက်တိုင်း ငှက်ဖိုဟာ ငှက်မဆီကို အချိန်မှန်ပြန်ရောက်လာခဲ့တယ်။ ဒီအကြောင်းအရာတွေကို ဦးလေးကြီးက youtube မှာ နှစ်တိုင်း အပ်ဒိတ်လုပ်ပြီး ဗီဒီယိုတွေတင်ခဲ့တယ်။ သတင်းဌာနတွေလည်း လာရောက် သတင်းယူခဲ့ကြသလို ဒီအဖြစ်အပျက်ကိုသိကြတဲ့ လူတွေကလည်း နှစ်စဉ် မတ်ခ်ျလရောက်တိုင်း ဦးလေးကြီးရဲ့နေအိမ်အထိ သွားရောက်ပြီး ငှက်ဖိုပြန်အလာကို သွားစောင့်နေခဲ့ကြတယ်။

မနှစ် ၂ဝ၁၇ ခုနှစ်မှာတော့ ငှက်ဖိုဟာ ခါတိုင်းပြန်လာနေကျ မတ်ခ်ျလ ၂၄ရက်နေ့ထိ အရိပ်အယောင်မတွေ့ခဲ့ဘူး။ လမ်းမှာ တစ်ခုခုများဖြစ်နေမလား.. ရာသီဥတုများ ဆိုးဝါးနေသလား၊ ငှက်မုဆိုးရဲ့ဒဏ်ကိုခံလိုက်ရပြီလားဆိုပြီး လူတွေက စိုးရိမ်ခဲ့ကြတယ်။ ငှက်ဖိုပြန်မလာတာကိုတွေ့တော့ ငှက်မလည်း ဂဏမငြိမ်ဖြစ်ခဲ့ရတယ်။

ငှက်ဖိုပျံသန်းလာမယ့်လမ်းကြောင်းက လက်ဘနွမ်ကိုဖြတ်သန်းရတယ်။ အဲဒီဒေသမှာ ငှက်မုဆိုးတွေ သောင်းကျန်းလွန်းတယ်။ ငှက်ဖိုပြန်မလာတာကိုတွေ့တော့ ဦးလေးကြီးက လက်ဘနွမ်အစိုးရဆီ ဒီငှက်မောင်နှံရဲ့အဖြစ်အပျက်တွေ၊ ငှက်နဲ့လူတို့ရဲ့ နှစ် ၂ဝနီးပါးသံယောဇဉ်အကြောင်းတွေကို ရေးပြီး ငှက်မုဆိုးတွေကို ကာကွယ်တားဆီးပေးဖို့ အကူအညီတောင်းခံစာ ရေးလိုက်တယ်။ ဗီဒီယိုအဖြစ်နဲ့လည်း အွန်လိုင်းပေါ်မှာတင်ခဲ့တယ်။ အဲဒီနောက် ငှက်ဖိုပြန်အလာကို သူတို့ ရင်တမမနဲ့ စောင့်ခဲ့ကြတယ်။

ငှက်ဖိုဟာ ဧပြီလ ၁၂ရက်နေ့မှာ ခါတိုင်းပြန်လာနေကျထက် ၂ပတ်နောက်ကျပြီး ပြန်ရောက်လာခဲ့တယ်။ သူ့ကိုယ်ပေါ်မှာ သွေးစသွေးနတွေ ပေနေတာမို့ လမ်းမှာ သူတစ်ခုခုဖြစ်ခဲ့တယ်ဆိုတာကို လူတိုင်းရိပ်မိကြတယ်။ ငှက်မဆီ သူပြန်လာတဲ့အချိန်ကို သတင်းတွေမှာ live လွှင့်ပြသခဲ့တယ်။ အဲဒီနေရာအထိသွားရောက်ကြည့်ရှုကြသူတွေ၊ သတင်းတွေစောင့်ကြည့်နေကြသူတွေဟာ ငှက်ဖိုပြန်လာတာကိုလည်း မြင်ရော ကိုယ့်အနီးနားက လူတွေကိုပွေ့ဖက်ပြီး ဝမ်းသာပျော်ရွှင်ခဲ့ကြတယ်။ ငိုခဲ့ကြတယ်။ ဒါဟာ ငှက်နှစ်ကောင်ရဲ့ ချစ်သစ္စာပဲဖြစ်တယ်။

ငှက်ဖိုက သူဆောင်းခိုရာ တောင်အာဖရိကတိုက်ကနေ ငှက်မ နေတဲ့ Croatia ထိကို မိုင် ၅ဝဝဝ ပျံသန်းရတယ်။ ဒီလိုငှက်ကျားဖြူတွေရဲ့အသက်က အလွန်ဆုံး ၃၉နှစ်အထိ ရှင်နိုင်တယ်တဲ့။ ငှက်ဖိုကတော့ သူ့ချစ်သူ ငှက်မရှိရာဆီပျံသန်းလာဖို့ သူရဲ့သက်တမ်းတစ်ဝက်လောက်ကို အသုံးပြုနေခဲ့ပါတယ်။

ဒီလိုငှက်နှစ်ကောင်ရဲ့ချစ်ပုံပြင်ကြောင့် မနှစ်ကပဲ လက်ဘနွမ်အစိုးရဟာ ငှက်တွေကိုဖမ်းဆီးသတ်ဖြတ်မှုတွေ ရပ်တန့်သင့်ပြီဆိုတဲ့အကြောင်း၊ ဒီကမ္ဘာမြေပြင်ပေါ်မှာ လူသားရယ်၊ တိရစ္တာန်တွေရယ်၊ သက်ရှိသစ်ပင်ပန်းမန်တွေရယ်ဟာ ငြိမ်းချမ်းစွာ အတူတကွနေထိုင်သင့်ကြောင်း ကြေညာချက်ထုတ်ခဲ့ပါတယ်။

ငှက်နှစ်ကောင်ရဲ့အချစ်က နိုင်ငံတစ်နိုင်ငံရဲ့ဥပဒေကိုပြောင်းလဲနိုင်ခဲ့ရင် ဒီဒဏ္ဍာရီဆန်တဲ့အချစ်က အဓိပ္ပာယ်ရှိစွာ လှပအသက်ဝင်နေမှာပဲဖြစ်ပါတယ်။

၂ဝ၁၈ရဲ့ မတ်ခ်ျလမှာလည်း သူတို့ပျော်ရွှင်စွာ တွေ့ဆုံနိုင်ပါစေလို့...
.
ဖတ်မိသမျှ မျှဝေပါတယ်..
.
Credit:နိုင်းနိုင်းစနေ

https://m.facebook.com/story.php?story_fbid=1019414104874073&id=327473550734802

Credit image from facebook
.

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 63017.22
ETH 2457.38
USDT 1.00
SBD 2.61