သင်ကြားညွှန်ကြားမှုဆိုင်ရာနိယာမများ - Principles of Instructions (KC Myanmar)

in #myanmar7 years ago (edited)

learning.png

ဤနိယာမလေးတွေက အရမ်းရိုးရှင်းပေမယ့် စာသင်ကြားပေးနေကြတဲ့သူတွေအတွက် တကယ့်ကို အရေးကြီးတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို အသေအချာနားလည်ပြီး လက်တွေ့မှာ အသုံးချကြတဲ့သူတွေအတွက် ရလဒ်က ကောင်းလေ့ရှိပါတယ်။ စာသင်ကြားတယ်ဆိုတဲ့ အလုပ်ကို လူတိုင်းတော့ စိတ်မဝင်စားတတ်ကြပါဘူး။အတွေ့အကြုံတွေရယ် သိကျွမ်းနားလည်မှုတွေပေါင်းစပ်ပြီး ပြုလုပ်ရတာဖြစ်လို့ အခုမှစတင်သူတွေအတွက်လည်း အခက်အခဲတော့ ရှိနေတတ်ပါတယ်။ စာသင်ကြားတယ်ဆိုတဲ့ အလုပ်ကိုလုပ်နေတဲ့သူတွေအတွက် လေ့လာခဲ့ဖူးတဲ့ လက်ကိုင်ထားရမယ့်နိယာမ တွေကို အခုလို အကျဉ်းချုပ်မှတ်သားလို့ရပါတယ်။

boundary.png

People like to know the boundaries

ကျွန်တော်တို့တတွေဟာ သင် တန်းတစ်ခုကို တက်ရောက်တဲ့အခါပဲဖြစ်ဖြစ်၊ ပညာရပ်တစ်ခုကို လေ့လာကြတဲ့အခါမှာပဲဖြစ်ဖြစ် ကိုယ်ဘာတွေကို လေ့လာရမှာလဲ၊ ဘယ်လောက် အတိုင်းအတာအထိကို လေ့လာသင်ယူရမှာလဲ ဆိုတာတွေကို သိချင်ကြပါတယ်။ ဒါကြောင့်သင်ကြားကြတဲ့အခါမှာ ကိုယ်သင်ကြားပေးမယ့် အကြောင်းအရာတစ်ခုလုံးရဲ့ အကြမ်းဖျင်းကို big picture တစ်ခုအနေနဲ့ အရင်ရှင်းပြပေးသင့်ပါတယ်။ ပြီးတော့မှ အခြားသိသင့်တဲ့ အကြောင်းအရာတွေကို အရင်ရှင်းပြခဲ့တဲ့ big picture နဲ့ ဘယ်လိုချိတ်ဆက်မှုရှိလည်းဆိုတာတွေက ဆက်လက်ရှင်းပြရပါမယ်။

repetition.png

Repetition aids retention

အကြောင်းအရာတစ်ခုကို ကြားရဖန်များလေလေ မှတ်မိဖို့ရာ လွယ်ကူလာလေလေပဲဖြစ်ပါတယ်။ ဒါကြောင့် သင်ကြားတဲ့အခါမှာ မကြာခဏအလျင်းသင့်သလို သင်ကြားခဲ့တဲ့ အကြောင်းအရာတွေကို recap ပြန်လုပ်ရပါမယ်။ ကိုယ်ဘာတွေကို ပြောပြမယ်ဆိုတာကို ပြောပြပေးရပါမယ်။ ကိုယ်ပြောပြမယ်လို့ ပြောတဲ့အရာတွေကို ပြောပြရပါမယ်။ ကိုယ်ပြောပြခဲ့တဲ့ အရာတွေကို ပြန်ပြီး အကျဉ်းချုပ် ပြောပြရပါမယ်။ ကိုယ်သင်ပြပေးခဲ့တာတွေကို ကိုယ်နားလည်စေချင်သလိုသူတို့ နားလည်ရဲ့လားဆိုတာကို အမြဲ ဆန်းစစ်ရပါမယ်။ မေးခွန်းတွေမေးခြင်းအားဖြင့်လည်း ပြုလုပ်နိုင်ပါတယ်။

speed.png

People learn at different speeds

ကိုယ်ရဲ့သင်ကြားမှုဟာ သင်ကြားလေ့လာသူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီနေဖို့လိုပါတယ်။ တခါတလေ အတန်းထဲမှာ သိပ်ပြီးစာမလိုက်တဲ့ပုံပေါ်နေတဲ့ သင်တန်းသားတွေကို တွေ့ရတတ်ပါတယ်။ ဒီလို လေ့လာတဲ့နေရာမှာ နှေးကွေးနေသူတွေကို သူများနဲ့ မတူတဲ့သူတွေလို့ပဲ သဘောထားသင့်ပါတယ်၊ ဉာဏ်ရည်နှိမ့်တဲ့ သူတွေလို့ မသတ်မှတ်သင့်ပါဘူး။ လေ့လာတဲ့နေရာမှာ နှေးကွေးနေတတ်သူတွေက ပိုပြီးအသေးစိတ်မှတ်မိနေတတ်တာ ဖြစ်နေတတ်ပါတယ်။ သူတို့ဟာ အရာရာကို သေသေချာချာ နားလည်လိုတတ်တာကြောင့် အချိန်ယူလေ့လာနေလေ့ရှိတတ်ကြပါတယ်။ ဒါကြောင့် လူတွေဟာ လေ့လာသင်ယူတဲ့အခါမှာ တစ်ယောက်နဲ့တစ်ယောက် လေ့လာသင်ယူတဲ့နှုန်းက မတူညီကြဘူးဆိုတာကို သဘောပေါက်ရမှာ ဖြစ်ပါတယ်။

bored.png

Bored participants “tune out”

စာသင်ကြားနေသူတစ်ယောက်ဟာ သင်ခန်းစာတွေကို စိတ်ဝင်ဖို့ကောင်းအောင် ပြင်ဆင်ရမယ်ဆိုတာ ပြောစရာမလိုလောက်အောင် လူတိုင်းသိကြပါတယ်။ ပြီးတော့ သင်ကြားနေတုန်းမှာလည်း ကိုယ့်ရဲ့ စာသင်သားတွေကို အကဲခပ်နေသင့်ပါတယ်။ လူတွေက ပျင်းလာပြီဆိုရင် စိတ်ဝင်စားမှု အားနည်းလာပြီးဆက်ပြီးနားထောင်လိုစိတ်မရှိတတ်ကြတော့ပါဘူး။ ဒါကြောင့် သူတို့တွေအတွက် သင်ခန်းစာတွေက ပျင်းဖို့ကောင်းလာရင်၊ သင်ကြားတဲ့ပုံစံကို ပြောင်းပစ်ပါ။ ကိုယ်မပြောင်းရင် သူတို့က ပြောင်းလိုက်ပါလိမ့်မယ်။ စိတ်ဝင်စားရာကနေ စိတ်မဝင်စားတဲ့ အနေအထားကို ဖြစ်ပါတယ်။

different.png

Learners are different

လူတွေက လေ့လာသင်ယူတဲ့နေရာမှာ တစ်ယောက်နဲ့ တစ်ယောက်မတူတတ်ပါဘူး။ ဥပမာ - လူတစ်ယောက်ဟာ လျှက်စစ်ပစ္စည်းတစ်ခုကို ဝယ်လာခဲ့ပြီဆိုပါစို့။ ၎င်းပစ္စည်းကို ဘယ်လိုအသုံးပြုရမလဲဆိုတာကိုသိအောင်လုပ်ကြတဲ့ပုံစံကတော့ တစ်ယောက်နဲ့ တစ်ယောက်တူကြမှာ မဟုတ်ပါဘူး။ တချို့ ၎င်းပစ္စည်းကို မထိသေးပဲ manual ကို အရင်ဖတ်ကြမယ်၊ တချို့ကတော့ manual ကိုမထိပဲ တန်းပြီး ၎င်းပစ္စည်းကိုစမ်းသက်ကြမယ်။ ဒါကြောင့် ကိုယ့်ရဲ့သင်ခန်းစာမှာ သင်ကြားမှုပုံစံကို သင့်တော်သလို အမျိုးမျိုးထည့်သွင်း သင့်ပါတယ်။ဥပမာ - games, activities, role plays, quizzes စတာတွေကို သင့်တော်သလို ထည့်သွင်းစီစဉ်နိုင်ပါတယ်။

senses.png

We learn through our senses

လူတွေက လေ့လာသင်ကြားတဲ့နေရာမှာ သူတို့ရဲ့အာရုံ senses တွေကို အသုံးပြုကြတာဖြစ်ပါတယ်။ လူတွေမှာရှိတဲ့ အာရုံ (၅) ပါးအထဲမှာ touch ဆိုတဲ့ အာရုံဟာ အားအကောင်းဆုံးဖြစ်ပြီး လက်တွေ့ကျွမ်းကျင်မှုတွေကို သင်တဲ့နေရာမှာ မပါမဖြစ်လိုအပ်ပါတယ်။ အကြားအာရုံနဲ့ အမြင်အာရုံတွေကတော့ ဒုတိယ အားအကောင်းဆုံးဖြစ်ပါတယ်။ အနံ့အာရုံနဲ့ ရသာအာရုံကတော့ အချို့သောသင်ကြားမှုမျိုးအတွက်မှာသာထိရောက်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက်အာရုံမျိုးစုံကို တတ်နိုင်သလောက် အသုံးပြုပါ။ တရုပ်ရှေးစကားပုံရှိပါတယ်။ I hear and I forget, I see and I remember, I do and I understand ဖြစ်ပါတယ်။ ကြားပဲကြားရလျှင် ကြာရင်မေ့မယ့်သဘောရှိတယ်၊ မြင်ရရင်တော့ မှတ်မိနိုင်မယ်၊ ဒါပေမယ့် ကိုယ်တိုင်လုပ်ကြည့်ခွင့်ရမယ်ဆိုလျှင်တော့ ပိုနားလည်သဘောပေါက်သွားမယ်လို့ ပြောချင်တာဖြစ်ပါတယ်။

attention.png

Attention span is limited

စာသင်ကျောင်းတွေမှာ စာသင်ချိန်တစ်ခုကို ဘာလို့ (၄၅) မိနစ် သတ်မှတ်ထားကြတာပါလဲ။ ဖြစ်နိုင်တာက ကျောင်းသားတွေဟာ (၄၅) မိနစ်လောက်အထိပဲ အာရုံစိုက်နိုင်ကြလို့ဖြစ်မယ် ထင်ပါတယ်။ အခုဆိုရင် လူတွေရဲ့ အာရုံစိုက်နိုင်တဲ့ အချိန်အတိုင်းအတာက ပိုလို့တောင် တိုနေမယ်လို့ထင်ပါတယ်။ လူတွေရဲ့ အာရုံစူးစိုက်နိုင်မှုက အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် လိုအပ်ရင်လိုအပ်သလို energizers တွေ၊ activities တွေ၊ ဒါမှမဟုတ်အရမ်းလိုအပ်လာရင် နားချိန်တွေ ပေးသင့်ပါတယ်။

pattern.png

Our brain looks for patterns

စာသင်ကြားတဲ့အခါမှာ သင်ကြားတဲ့ အကြောင်းအရာတွေကို တောင်ရောက်လိုက် မြောက်ရောက်လိုက်သင်ကြားနေရင် စာသင်သားတွေဟာ စိတ်ကသိကအောင့် ဖြစ်တတ်ပါတယ်။ သင်ကြားတဲ့သူ ဘာကိုပြောချင်နေမှန်း မသိတော့ဘူး ဖြစ်သွားတတ်ကြပါတယ်။ ဒါကြောင့်မို့လို့ သင်ကြားတဲ့ အကြောင်းအရာတွေကို တစ်ခုနဲ့တစ်ခုစပ်ဆက်မှုတွေ ရှိနေရပါမယ်။ လူတွေက ကိုယ်လေ့လာနေတဲ့ အရာတွေက တစ်ခုနဲ့တစ်ခု အကြား ဆက်နွယ်မှုတွေကို မြင်သာလာတဲ့အခါမှာ ပိုပြီးလေ့လာမှုကို မြန်ဆန်လာတတ်ပါတယ်။

thinking.png

People learn quickly when their thought processes are stimulated

မျက်စိနဲ့နားကနေ ထည့်ပေးလိုက်တဲ့ သတင်းအချက်အလက်တွေကို ပါးစပ်ကနေပြန်ဆွဲထုတ်ပါ။ ဒါမှာ ဦးနှောက်ကို ဖြတ်မယ်လို့ ကျွန်တော်တို့တင်စားပြောလေ့ရှိပါတယ်။ စာသင်တဲ့သူဟာ ကိုယ့်ရဲ့ သင်ကြားလေ့လာသူတွေကို များများစဉ်းစားစေသင့်ပါတယ်။မေးခွန်းတွေကို မေးမြန်းပါ။ ဒီလို မေးခွန်းတွေမေးခြင်းအားဖြင့် သူတို့ကိုတွေးတောစေပြီး ပါဝင်ဆွေးနွေးမှုကို ပိုမိုရယူရပါမယ်။ ထိုအခါမှာ သူတို့တွေ အနေနဲ့ နားလည်သဘောပေါက်မှုပိုမိုမြန်ဆန်လာစေပါမည်။

relaxed.png

People learn best when they are relaxed

ဘယ်သူမှ ကိုယ့်ကို ဆူပူကြိမ်းမောင်း ခြိမ်းခြောက်တာကို မနှစ်သက်ကြပါဘူး။ စာသင်ပေးသူအနေနှင့်လည်း ကိုယ့်ရဲ့ သင်ကြားလေ့လာနေသူတွေကို စိုးရိမ်စိတ်တွေ သိပ်မပေးသင့်ပါဘူး။ အေးအေးဆေးဆေး သက်သောင့်သက်သာရှိတဲ့ သင်ကြားမှုပတ်ဝန်းကျင်က လူတွေကို ပိုပြီးလေ့လာမှု အားကောင်းလာစေပါတယ်။ စာသင်ခန်း ပတ်ဝန်းကျင်က သက်သောင့်သက်သာရှိဖို့လည်းလိုအပ်ပါတယ်။ စာသင်ပေးသူအနေနဲ့ ဒီလိုသက်သောင့်သက်သာ ရှိစေမယ့် ပတ်ဝန်းကျင်အနေအထားကိုရအောင် စီစဉ်သင့်ပါတယ်။
အခုရှင်းပြခဲ့တဲ့ နိယာမတွေဟာ အရမ်းရိုးရှင်းပေမယ့် စာသင်ကြားပေးနေကြတဲ့သူတွေအတွက် တကယ့်ကို အရေးကြီးတဲ့အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအချက်လေးတွေကို အသေအချာနားလည်ပြီး လက်တွေ့မှာ အသုံးချကြမယ်ဆိုရင် အသုံးချသူတွေအတွက်ရလဒ်ကတော့ ကောင်းလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့ ဤ နိယာမတွေကို လက်တွေ့မှာ လိုက်နာအသုံးချရင်း ထိရောက်တဲ့သင်ကြားမှုအတွေ့အကြုံရရှိကြဖို့ အားပေးလိုက်ရပါတယ်။

Author: KC Myanmar

Photo credit: Google Image

Sort:  

အမြဲ​စောင့်​ဖတ်​​နေပါတယ်​ဆရာ

ကျောင်းဆရာမဟုတ်သော်ငြားလည်းမိမိရင်သွေးအတွက်အရမ်းအသုံးတည့်သောပိုစ့်တစ်ခုပါ ကျေးဇူးပါ ကိုစီ

ဟုတ်၊ အသုံးတည့်တာ ဝမ်းသာပါတယ်။

ဆရာ Post တွေက အင်မတန်ကောင်းမွန်နေတတ်တော့ ဘာပြောပြီး ဘာမန့်ရမယ်မှန်းမသိတော့ဘူးဆရာ သင်ကြားရေးအတွက်လည်း အလွန်အထောက်အကူပြုမယ်လို့ထင်ပါတယ်ဆရာ ကျေးဇူးတင်ပါတယ်ခင်ဗျာ

ကျေးဇူးပါ ညီလေး 😊

လေးစားလျက်ပါ ဆရာ

မသိ​သေးတဲ့အရာ​တွေကို သိခွင့်​ရတဲ့အတွက်​ ​ကျေးဇူးပါ ၊

ကျေးဇူးပါ ဆရာ

Very Good.

ကျွန်နော်အမြင်ပြောရမည်ဆိုပါက
ဤpostလေးသည်ကျောင်းဆရာ ဆရာမများအတွက်သာမကsteemit၌
စာရေးပြီးpostတင်နေသူ(သို့)တချိန်၌နိုင်ငံကျော်စာရေးဆရာကြီးများဖြစ်လာကြမည့်အားလုံးအတွက်
သိပ်ကိုအသုံးဝင်သောတန်ဖိုးရှိတဲ့postလေးတခုပါ။လောလောလတ်လတ်အသိဆရာမများအားဤpostဖြစ်ဆရာကြီးသွားလုပ်ဦးပါမည်။နောက်ထက်ဤသို့သောစာများမကြာမကြာရေးသားနိုင်ပါစေ

သင်ကြားရေးအတွက် အရမ်းအထောက်အကူဖြစ်ပါတယ်ဆရာ ဆရာတွေအတွက်မှမဟုတ်ပါဘူး သင်ယူသူနှင့် လူ့ပတ်ဝန်းကျင်မှာပါ ပြောဆိုလုပ်ဆောင်တဲ့အခါ ပို အဆင်ပြေစေမှာပါ မှတ်သားထားပါမယ် ကျေးဇူးပါဆရာ

Coin Marketplace

STEEM 0.16
TRX 0.15
JST 0.028
BTC 55981.35
ETH 2368.76
USDT 1.00
SBD 2.35