ရီမော ပျော်ရွှင်စွာ နေထိုင်ပါ ( Henry Aung )

in #myanmar6 years ago

STEMMIT-HENRY.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်က နေ့လည် ထမင်းစားချိန် အားလပ်ချိန်အတွင်း ကျွန်တော်၏ Steemit blog ပေါ်မှ comments များအား reply လုပ်နေချိန် ကျွန်တော်တို့ ကုမ္ပဏီမှ အရောင်းဝန်ထမ်း တယောက် ကျွန်တော့စာပွဲနားလာပြီ အဘယ်ကြောင့် နေ့လည်စာ စားချိန်တွင် အလုပ်လုပ်နေရကြောင်းမေးပါသည်။

ကျွန်တော်ကလည်း Steemit blog အကြောင်းပြောပြ၍ ဆောင်းပါးများရေးတင်နိုင်ကြောင်း ရှင်းပြခဲ့ပါသည်။ ထို့နောက် ကျွန်တော်ကလည်း တနှစ် ကျော်အတွင်း ဆောင်းပါး ၁၄၀ ကျော် ရေးသားခဲ့ပြီ ဖြစ်ကြောင်းရှင်းပြသောအခါ တအံ့တသြဖြင့် ပြန်မေးသည်မှာ " why you have so many things to write ? “ ကျွန်တော့တွင် ဘာကြောင့် ဤမျှ လောက်ရေးစရာ ရှိနေရပါသနည်း။

ကျွန်တော်ကလည်း ပြန်ရှင်းပြပါသည်။ ကျွန်တော့်ဘဝ အကြောင်းများ ၊ ကျွန်တော်သိ သောအကြောင်းအရာများ၊ ကျွန်တော် ရင်ဆိုင်ခဲ့ရသော ပြသနာများ ၊ အခက်အခဲများ ကို ဆောင်းပါးအဖြစ် ပြန်ရေး၍ အခြားသူများအား ဝေမျှခြင်း ဖြစ်ကြောင်းရှင်းပြပါသည်။ ထို့နောက်သူ ခဏလေး တွေဝေသွား၍ မှတ်ချက်ပေးသည်မှာ " ငါ့ အကြောင်းရေးရင်တော့ A4 တမျက်နှာတောင်ပြည့်ပါ့မလားမသိဘူး" ဟူ၍ သူ့ကိုယ်သူ မှတ်ချက်ချပါသည်။

ကျွန်တော်ကလည်း အဘယ်ကြောင့် ရေးစရာမရှိကြောင်း ပြန်မေးသောအခါ သူပြန်ပြောသည်မှာ ငယ်စဉ်ကတည်းက ပုံစံခွက် အတွင်း သာ ကြီးပြင်းလာရသဖြင့် ထွေထွေထူးထူး ရေးစရာမရှိပါ ဟူ၍ ပြန်ပြောပြပါသည်။ မှန်ပါသည်။ စင်္ကပူလူငယ်များမှာ မိဘများမှ နေထိုင်မှု standard ပုံစံသွင်း ထားသလို အစိုးရကလည်း အဆင်ပြေ စေရန် အားလုံး လုပ်ထားပေးသဖြင့် သူတို့အတွက် အခက်အခဲကြီးကြီးမားမား မရှိကြပါ။ ယေဘုယျ အားဖြင့် ပြောခြင်း ဖြစ်ပါသည်။ လူတိုင်တွင် မတူညီသော အခက်အခဲများ ရှိစမြဲသာ။

02.jpg

သူတို့ အနေဖြင့် ကျောင်းနေချိန်တွင် ကျောင်းနေ အစိုးရက ထောက်ပံ့ကြေးများပေးထားသလို ၊ သွားရေး လာရေး အကုန် အဆင်ပြေပါသည်။ ကျောင်းပြီး သွားလျင် အလုပ်အကိုင်များက လည်း စင်္ကပူနိုင်ငံသား ဦးစားပေးခန့်သဖြင့် ပူစရာအလို။ အိမ်ထောင်ပြုမည်ဆိုရင်လည်း အစိုးရထံတွင် နေစရာ တိုက်ခန်း လျှောက်လိုက်ယုံသာ။

သူတို့အတွက် အခက်အခဲဟူ၍ မိမိ ဝင်ငွေ ထက် ပို၍ သုံးနေကြသော အခက်အခဲသာရှိပါသည်။ ထို့နောက် ကျွန်တော်ဆက်၍ စဉ်းစားမိသည်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံသား များအဖို့တော့ အခက်အခဲဟူသည်မှာ မွေးကတည်းက ဒွန်တွဲပါလာသကဲ့သို့ ဖြစ်နေပါသည်။ ထို့နောက် ကျောင်းနေအရွယ် အခက်အခဲများ ၊ ပညာရေး အခက်အခဲ ၊ အချိန်မတိုင်မှီ လုပ်ငန်းခွင်သို့ ရောက်ရသော အခက်အခဲ၊ အိမ်ထောင်ပြုလျင် အိမ်ငှားနေရသော အခက်အခဲ ပြောပြလျင် အခက်အခဲများ ပြောစရာပင် မကုန်ပါ။

ထို့ကြောင့် မြန်မာနိုင်ငံသားများအဖို့ မွေးကတည်းက အဖေါ်အဖြစ် အခက်အခဲများက ဒွန်တွဲပါလာဟန်တူပါသည်။ တခုတော့လည်းကောင်းပါသည် မြန်မာလူငယ်များအဖို့ Steemit တွင် စာ၊ ဆောင်းပါး ရေးရန် ကုန်ကြမ်းများက တွဲပါလာပြီး ဖြစ်၍ ဂုဏ်ယူမည် ဆိုကလည်း ကြံဖန် ဂုဏ်ယူနိုင်ပါသည်။

စင်္ကပူ နိုင်ငံသားများအဖို့ အရာရာ အဆင်ပြေနေ၍ အခြားအရာများကိုလည်း သိပ်ပြီး အလေးမထားတော့ပါ။ ပြသနာ တစုံတခု ဖြစ်လာလျင် မိမိ လွတ်ရာ လွတ်ကြောင်းကို အရင်စဉ်းစားကြပါသည်။ သို့မဟုတ် မည်သူ့ကို လွဲချ ရမည်ကို စဉ်စားကြပါသည်။ အရာရာတိုင်းအား သိပ်ပြီး အလေးအနက်မထားကြပါ။

ကျွန်တော်တွေ့ဖူးသော စင်္ကပူ နိုင်ငံသား အများအားဖြင့် ထို အတိုင်းသာ။ ဤတွင် ဆက်စပ်၍ တွေးမိသည်မှာ သူတို့ အနေဖြင့် ပုံစံခွက် အတွင်း ကြီးပြင်လာကြသဖြင့် ထိုပုံစံခွက်မှ အပြင်ကို မထွက် နိုင်ကြတော့ပါ ၊ တနည်းအားဖြင့် အရာရာ အဆင်ပြေနေသည်ကိုသာ လိုချင်ကြပါသည်။ အဆင် မပြေဖြစ်လာလျင် မည်သို့ ရှောင်ထွက်မည် သို့ မဟုတ် အဆင်မပြေဖြစ်သည်များကို ဖြေရှင်း ပေးမည့်သူကိုသာ စောင့် မျှော်ကြပါတော့သည်။

03.jpg

ထိုအကြောင်းများကို တွေးတောနေရင်း ဖြင့် ဇီဝဗေဒပညာရှင် Charles Darwin’s ၏ survival of the fittest ဟူသော စကားလေး ကိုသတိရမိပါသည်။ Survival of the fittest ဟူ သည်မှာ အလွယ်ကူဆုံး ဘာသာပြန်ရလျင် သက်ရှိဇီဝလောကတွင် ပါတ်ဝန်းကျင် ပြောင်းလည်း မှုအပေါ် လိုက်လျောညီထွေစွာ လိုက်ပါ ပြောင်းလည်း နိုင်သူတို့သာ အသက်ရှင်သန် နိုင်ကြသည် ဟူ ၍ အဓိပ္ပါယ် သက်ရောက်မည်ထင်ပါသည်။

ဥပမာ လက်ရှိ ကမ္ဘာကြီးတွင် အပူချိန် တဖြည်းဖြည်း မြှင့်တက်လာနေရာ ထိုမြှင့် တက်လာသော အပူချိန်ကို ခံနိုင်ရည်မရှိသော သက်ရှိတို့က တဖြည်း ဖြည်း မျိုးတုန်း ကွယ်ပျောက် ကုန်ကြမည်ဖြစ်ပါသည်။ ကျွန်တော်တို့ လူသားများကလည်း ထိုမြှင့်တက်လာ သော အပူချိန် အလိုက် မိမိတို့ အသားအရေ ၊ နေထိုင်မှုပုံစံများ လိုက်ပါပြောင်းလည်းနေရမည်သာ ဖြစ်ပါသည်။

ကျွန်တော်တို့နေထိုင် လူမှုပါတ်ဝန်းကျင်တွင်လည်း ဤကဲ့သို့ လိုက်လျောညီထွေစွာ မနေနိုင်ကြလျင် တဖြည်း ဖြည်း ဖြင့် ပါတ်ဝန်ကျင်း ၏ လစ်လျူရှု ခြင်းခံရမည်သာဖြစ်ပါသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ကျွန်တော့တွင် သူငယ်ချင်းတယောက်ရှိခဲ့ဘူးပါသည်။ သူသက်ရှိထင်ရှား ရှိနေသေး၍ နာမည် မဖေါ်ပြတော့ပါ။ သူ့မိဘများမှာ အတော်အတန်ကြွယ်ဝ၍ ငယ်ငယ်ကတည်းက ပြည့်စုံစွာ နေရသည်ဟု ဆိုနိုင်ပါသည်။ သို့သော်သူ့မိဘများက အခြားရပ်ကွက် အတွင်းရှိကလေးများ နှင့် အပေါင်းအဖေါ် ဖြစ်ခွင့်မပေးခဲ့ပါ။

04.jpg

ထို့ကြောင့် ကျွန်တော်၏ ငယ်ဘဝ အကြောင်း ဂျင်ပေါက်ခြင်း ၊ ဂေါ်လီလိမ့်ခြင်း ၊ စက်ဘီးတာယာခွေအား တုတ်တချောင်း ဖြင့် ရိုက်ကာရိုက်ကာ လိမ့်ခြင်း ၊ ဧရာဝတီ မြစ်ထဲတွင် ငါးရှာ ဖားနှိုက် သည့် အကြောင်းများ စသည်စသည် ကျွန်တော့ ငယ်ဘဝအကြောင်းကို ပြောပြသောအခါ တအံ့တသြဖြင့်နားထောင်နေတတ်ပါသည်။

သူ့ငယ်ဘဝ အကြောင်း မေးသောအခါ TV gameဖြင့်သာ အချိန်ကုန်လွန်ခဲ့ကြောင်း ပြောပြပါသည်။ သူအနေဖြင့် စင်္ကပူ တွင် ကျောင်းပြီးထားပြီ computer တွင် အလွန်တော်ပါသည်။ ထို့ အတူ graphic design တွင်လည်း အလွန်တော်ပါသည်။ သို့သော် ပြင်ပ ဗဟုသုတ တွင် တော့ လုံးဝနီးပါ တကယ်ကို လုံးဝနီးပါး မရှိပါ။

ဗိုလ်ချုပ်အောင်ဆန်း အဘယ့်ကြောင့် ဖက်ဆစ်ဂျပန်နှင့်တွဲပြီး အင်္ဂလိပ်တို့ အား တိုက်ခဲ့သည့် ရည်ရွယ်ချက်ပင် မသိပါ။ မည်ကဲ့သို့ ၁၀ တန်း အောင်လာသည်ကို ကျွန်တော် အလွန်အံ့သြမိပါသည်။ ကျွန်တော့အနေဖြင့် သူ့အားစာဖတ်ရန် တိုက်တွန်းသောအခါ ခါးခါးသီးသီးပင်ငြင်းပါသည်။

စာဖတ်ခြင်းထက် Dota 2 ခုတ်ပြီး items များရလျင် ရောင်းစားနိုင်ကြောင်း ပြန်ပြောပါသည်။ ကျွန်တော့အနေဖြင့် ပြောရလျင် နေ့စဉ် ဘဝတွင် ဟာသအမြင် မရှိလျင် အတော်ပင် ခြောက်သွေ့သော ၊ တနည်းအားဖြင့် စိတ်ပင်ပန်း စရာ ကောင်းသော ဘဝများ ကိုသာ ဖြတ်သန်းရလိမ့်မည်ဟုထင်ပါသည်။ ပျော်ရွှင်ခြင်းများစွာ ရှိသည့် အနက် ရယ်မောပျော်ရွှင် ခြင်းသည် စိတ်အား လန်းဆန်း စေသလို ခွန်အားများလည်း ဖြစ်စေပါသည်။

ဆိုခဲ့သည့်အတိုင်း ကျွန်တော့သူငယ်ချင်း ထိုသူမှာ ဟာသအမြင် ပျောက်ဆုံး နေခြင်း ဖြစ်ပါသည်။ သူကျွန်တော့ကို တွေ့တိုင်း အမြဲပြောသော စကားမှာ “ ကိုဟင်နရီကို ကြည့်လိုက်ရင် အမြဲ တမ်း ပြုံးနေပြီး ရီရီမောမော နဲ့ တက်ကြွနေတယ် ၊ ဘယ်အချိန်ကြည့်ကြည့် active ဖြစ်နေတယ်၊ ကိုဟင်နရီရဲ့ ဘဝကို အားကျလိုက်တာ " ဟူ သောစကားဖြစ်ပါသည်။

05.jpg

ကျွန်တော့အထင် ထိုကဲ့သို့ ဟာသအမြင် ရှိရန်လည်း ပြင်ပ ဗဟုသုတများ ရှိရန်လိုအပ်ပါသည်။ များသောအားဖြင့် ဟာသများမှာ ဥပမာများဖြစ် တည်ဆောက်ကြသည်ဖြစ်ရာ ဥပမာပြစရာ ပြင်ပ ဗဟုသုတ မရှိလျင် ထိုဟသ များကိုနားလည် နိုင်မည် မဟုတ်ပါ။ ဟာသအချို့ကို ဥပမာပြပါမည်။

အကယ်၍ တစုံတယောက်က စမူဆာဝယ်လာ၍ အခြားသူတယောက်က ထိုစမူဆာကို " ခင်ဗျား စမူဆာက ရေသည်မိန်းမရဲ့ ဆံထုံး နီပါးလောက်ရှိပါလား " ဟူ၍ ဥပမာပြ၍ ဟာသပြောလျင် ရေသည် မိန်းမ ၏ ဆံထုံး အရွယ်အစားကို သိသူများသာလျင် ထိုဟာသအပေါ် ရီမော နိုင်ပါလိမ့်မည်။

မြန်မာတို့ ၏ နာမည်ကျော် လှတောသား စကားပဒေသာ ဟာသများမှာလည်း ဥပမာများ ဖြင့် တန်ဆာဆင်ထားခြင်းသာဖြစ်ပါသည်။ ထိုဥပမာများကို နားလည် နိုင်ရန်လည်း အတော်အသင့်တော့ ဗဟုသုတ ရှိထားရန် လိုသလို ထိုသို့သော ဗဟုသုတရှိထား နိုင်မှလည်း ဟာသအမြင် ရှိနိုင်မည်ဟု ထင်ပါသည်။

ဤသည်မှာ ကျွန်တော့ ထက်မြင်ချက်သာဖြစ်၍ မှား ကောင်းမှား နိုင်ပါသည်။ သို့သော် သေချာသည်တခုကတော့ ဟာသအမြင်ရှိသူများသည် အများသူငှာများထက် ပျော်ရွှင်နေတတ်သလို အောင်မြင်နေကြသူများ ဖြစ်နေတတ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် အခက်အခဲများကို ဟာသများအဖြစ် ပြောင်းလည်း နိုင်စွမ်းသူများ ဖြစ်သောကြောင့် ဖြစ်ပါသည်။

07.jpg

ထို့ကြောင့် မိမိနေ့စဉ် ဘဝများတွင် ရီမောခြင်းဖြင့် ဘဝ ပင်ပန်းမှုများကို ဖြေဖျောက်နိုင်သလို ၊ ထိုကဲ့သို့ လွပ်လပ်ပေါ့ပါးစွာ ရီမော နိုင်ရန်အတွက် ဟာသ အမြင်များရှိဖို့လည်း လိုအပ်ပါသည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း ဟာသအမြင်များရှိရန် အတော်အသင့်သော ဗဟုသုတများ ရှိရန် လိုပါသည်။

စာဖတ်ခြင်းသည် ဗဟုသုတရရှိစေရန် အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။ ထို့ ကြောင့် Steemit တွင် ဆောင်းပါးများ ရေးခြင်း ၊ ဖတ်ရှုခြင်းဖြင့် ဗဟုသုတ ရှာ မှီးနေကြသော MSC members အပေါင်းတို့ ရီမောပျော်ရွှင်ဖွယ် ဖြစ်သော နေ့များစွာ ပိုင်ဆိုင်နိုင်ပါမည့် အကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဟုတ်တယ် ကိုဟင် ကျွန်တော်တို့ မြန်မာတွေဟာ ကိုယ့်ဟာကိုယ် ရုန်းကန်ရတဲ့သူတွေရှိသလိုပြီးပြည့်စုံတဲ့သူတွေလည်းရှိပါတယ်။ သို့ပေမည့် ပုံစံခွက်ထဲရောက်နေတဲ့ သူကနည်းပါးပါတယ် ။ ဒါကြောင့်လည်း ကျွန်တော်တို့မြန်မာတွေဟာ နားလည်လွယ်တဲ့လူစားမျိုးတွေဖြစ်တယ်လို့ထင်တယ် ။ သူတို့လိုမျိုး အဖက်ဖက်ကပြည့်စုံအောင်ဖြည့်ဆည်း ပေးနိုင်သူတွေရှိရင် ကျွန်နော် တို့တွေ သူများတွေနဲ့ယှဉ်လို့ရတယ်။ တစ်ခုတော့ရှိတယ် ကျွန်တော်တို့လူမျိုးတွေဟာ စာဖတ်အားအရမ်းနည်းတယ် ။အဲ့တစ်ခုပါပဲ။
အစ်ကို့ရဲ့ post အတွက် ကျေးဇူးတင်ပါတယ်။ ဗဟုသုတ အများကြီးလည်းရပါတယ်။ အမှန်ကိုမီးမောင်းထို့ပြလိုက်သလိုပါပဲ။

စာဖတ်အား နည်း လာတာထက် ဖတ်ချင်စိတ် မရှိလာတာကို ပို စိုးရိမ်ပါတယ်။

nowadays.. always use pc and phone , so even when I feel or want to read books, I prefer to listen audiobook to give my eyes a break. :D

Bro ရဲ့အောင်မြင်ရသည့် သော့ချက်တွေထဲက အရေးပါတဲ့အချက်တဖြစ်လည်း သိခွင့်ရလို့ နမူနာယူမိပါ၏

ကျွန်တော့်ကိုယ် ကျွန်တော်တော့ အောင်မြင်နေတယ်လို့ မခံယူမိပါဘူး။ ဒါပေမယ့် အရှုံး နဲ့ ရင်ဆိုင်နေရသူ မဖြစ် အောင်တော့ ကြိုးစားနေပါတယ်။

လမ်းပြပေးတဲ့အတွက်ကျေးဇူးပါအကို အခက်အခဲတွေကိုအောင်မြင်ခြင်းအဖြစ် ပြောင်းလဲ့အသုံးချ့ရမှန်းသိလိုက်ရတဲ့အတွက် ရော အခြားသင်ခန်းစာတွေပါလေ့လာမှတ်သားလိုက်ရပါတယ် 😁

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

အရင်ကတော့ အခက်အခဲတွေတွေ့ရင် စိတ်ဓာတ်ကျတယ် ဝမ်းနည်းတယ် ရင်ဆိုင်ရမှာကြောက်တယ် အဲ့လိုနဲ့ ရှောင်လွှဲလို့မရတဲ့ အခြေအနေနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ ရှိသမျှ ခွန်အားနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါဘဲ အဲ့အချိန်မှ အနောက်ကို ပြန်ကြည့်ပြီးတော့ ပြုံးလိုက်မိတယ် ဒုက္ခဆိုတာ ဒါလားပေါ့ ဒီလိုနဲ့ ဘဝမှာတွေ့ရတဲ့ ဟာသတွေကို ဖက်တွယ်ရင်း ပတ်ဝန်းကျင်ကိုလည်း ပြုံးပျော်အောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်

ဒုက္ခဆိုတာ ဖြတ်ကျော်နေတုန်း အင်မတန် ပင်ပန်း ဆင်းရဲရပေမယ့် ကျော်ဖြတ်ပြီး တော့ အဲဒီဒုက္ခတွေ အကြောင်းကို ပြန်ပြောကြရင် ခွန်အားယူစရာ ၊ လွမ်းမော စရာ အနေနဲ့ ပြန်ပြောဖြစ်ကြပါတယ်။

အခက်အခဲတွေကို ဟာသအဖြစ်ပြောင်းလဲနိုင်လာရင် ဘ၀ဆိုတာတွေးထားတာထက်ပိုပီး နေပျော်လာမှာပဲ။ ကျေးဇူးတင်ပါတယ် အကိုဟင်။

ဟုတ်ကဲ့ ၊ ပျော်ရွှင်နိုင်ပါစေ။

အောင်​မြင်​မှု့များရရှိရန်​အတွက်​ စိတ်​၏​ပျော်​ရွှင်​မှု့က တစ်​ဖက်​တလှမ်းက​နေ ပါဝင်​​နေပါတယ်​ ​ကျေးဇူးပါအကို​ရေခင်​ဗျာ

လူ့ဘဝမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့က အဓိကအနှစ်သာရပါ
ငွေကြေးချမ်းသာမှုကအဓိကမဟုတ်ပါဘူး
ပျော်ရွှင်စွာနေထိုင်ပီး လုပ်ကိုင်နိုင်ပါမှ ဘဝမှာအောင်မြင်မှုရရှိနိုင်မှာဖြစ်ပါတယ်

တကယ်တော့ ပေါ့ပေါ့ပါးပါး ရယ်မောရတဲ့ အရသာက ဘာနဲ့ မှ မတူပါဘူး။

ဟုတ်ပါတယ် ကို ဟင်
ဟာသအမြင်ရှိခြင်းကြောင့် ခြောက်သွေ့ပီြး
ငြီးငွေ့ဖွယ်ကောင်းသောဘဝကို ဖြတ်သန်းရခြင်းမှ လွန်မြောက်ခြင်းထက်ပိုပါတယ်။
လူအများနဲ့ပတ်ဝန်းကျင်ဆက်ဆံရေးအောင်မြင်မှုမှာလည်း ဟာသဥာဏ် ဟာသအမြင်ရှိခြင်းက အရေးကြီးပါတယ်
ဘဝရဲ့ သိမ်ငယ်စရာတွေ အားငယ်စရာတွေ အများတကာက အထင်သေးအမြင်သလိုဆက်ဆံခြင်းခံရတဲ့
အဖြစ်ပျက်များအား ဟာသအမြင်နှင့်စာပေအတွေ့အကြုံပေါင်းစပ်ပီး
လူမှုဆက်ဆံရေးကို အောင်မြင်အောင်တည်ဆောက်ခဲ့ပုံအကြောင်း
ကျနော်ကိုယ်တိုင်ရေးထားသော ဆောင်းပါးတစ်ပုဒ်ရှိပါတယ် မကြာခင်တင်ပြပေးချင်ပါတယ်ဗျာ

ကောင်းပါပြီ။ စောင့်မျှော် ဖတ်ရှုပါ့မယ်။

အကိုဟင်ရေ ပျော်ပျော်နေသေခဲ ဆိုတဲ့ စကားလေးတောင်ရှိပါတယ်။ ပျော်ရွှင်နေတဲ့ လူတစ်ယောက်ဟာ သူ့ရဲ့ စိတ်ကူးအတွေးအခေါ်တွေကအစ လန်းဆန်းတက်ကြွနေမှာပါ။

ဟုတ်ကဲ့ ပျော်ပျော်နေပါတယ် ကိုရွှေဘို၊ လောလောဆယ်တော့ အလုပ်တွေများလို့ မပျော်နိုင်ဖြစ်နေတယ်

အခက်အခဲဆိုတာ လူရယ်လို့မွေးဖွားလာပြီးကတည်းကပါလာတာပါ အစ်ကို အခက်အခဲကြောင့် ပိုပြီးရင့်ကျက်လာတယ် ပိုပြီး တော်လာတယ် အခက်အခဲဆိုတာ မိတ်ဆွေလို သဘောထားလိုက်တာ ပိုကောင်းပါတယ်

အမှန်ပါပဲ။ အခက်အခဲကြောင့် ပိုပြီး ရင့်ကျက်လာနိုင်ပါတယ်၊ အခက်အခဲကို အရှုံးမပေးပဲ ရင်ဆိုင်ကျော်ဖြတ်နိုင်ရင်ပေါ့။

သမီး အထင်ပြောရရင်ပေါ့ စာများများ ဖက်ပြီး အပေါင်းသင်း ဝန်ဆံ့တဲ့ သူတွေက ဘောင်ထဲမှာ မနေဘဲ သာမာန် လူတွေထက် ပိုပြီးတွေးတော တတ်တယ် အကြောင်းရာ တစ်စုံတစ်ရာပေါ်ပေါက်လာရင်လဲ ဖြတ်ကျော်ခဲ့ရတဲ့ အတွေ့ကြုံတွေနဲ့ ယှဉ်ပြီး ဦးနှောက်သုံးကာ ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်ကြလို့ သာမာန်လူတွေထက် ခေါင်းတစ်လုံး ပိုသားတယ်လို့ ဆိုရမယ်ထင်ပါတယ် ရှင့်။

အမှန်ပဲညီမလေး .. စာဖတ်တဲ့သူ ဗဟုသုတ ရှိသူများဟာ သူများထက်ပို ပြီးတွေးတောဆင်ခြင်နိုင်လို့ သူများထက်တပန်းသာပါတယ်။

Coin Marketplace

STEEM 0.30
TRX 0.12
JST 0.033
BTC 64093.86
ETH 3123.80
USDT 1.00
SBD 3.94