ထိုအကြည့် ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် steemit Platform ပေါ်သို့ ရောက်လာကာစ တွင် ကျွန်တော် ၏ post များအား အများအား ဖြင့် ကျွန်တော့ ကိုးရီးယား သူငယ်ချင်းများက vote ပေးကြသော်လည်း အမြဲတမ်း ထိုကဲ့သို့ အကူအညီ ရနေခဲ့သည်တော့ မဟုတ်ပါ။ အချို့ post များ SBD ထိုက်ထိုက်တန်တန် ရသည်ရှိသော်လည်း အချို့ post များကတော့ ပြားဂဏန်း နှင့် ပြီးခဲ့ရသည်လည်း ရှိပါသည်။

ယခုဖေါ်ပြမည်ဖြစ်သော " ထိုအကြည့် " ဟူသောစာစုလေးမှာ post တင်လိုက်ပြီးနောက် ၇ ရက်ပြည့်ပြီး စုစု ပေါင်း SBD $0.11 သာရရှိခဲ့သော post ဖြစ်ပါသည်။ မူရင်း အင်္ဂလိပ်ဘာသာဖြင့် ဖတ်ချင်သူများ အတွက် အောက်ပါ လင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

THE LOOK ( Original story by Henry Aung )

ကျွန်တော် ပြည်ပသို့ မထွက်ခွာမှီ ရန်ကုန်မြို့ ဗိုလ်တထောင် လင်းစဒေါင်း တွင်ရှိသော အမှတ်(၁) ဓါတ်ငွေ့စက်ရုံတွင် ၃ နှစ်ခန့် အလုပ်လုပ်ခဲ့ပါသည်။ တရက်တွင် ကျွန်တော်တို့မန်နေဂျာမှ ကျွန်တော့ အား အလုပ်တခုခိုင်းပါသည်။

ကျွန်တော်တို့ နှင့် အလုပ်အတူလုပ်သော ကို ဇော်ဝင်း ဟူသော အလုပ်သမားအား သွားတွေ့ရန် ဖြစ်ပါသည်။ ကိုဇော်ဝင်း မှာ ကျွန်တော်တို့ အလုပ်ထဲတွင် အလုပ်ကြိုးစာသလောက် လကုန်ရက် လစာထုတ်ပြီးလျင် အနည်းဆုံး ၂ ရက် ၃ ရက်ခန့် အလုပ်ပျက်လေ့ရှိပါသည်။

အကြောင်းမှာ ကိုဇော်ဝင်းအနေဖြင့် အရက်အလွန်ကြိုက်သူ ဖြစ်ပြီး ကျွန်တော် ကိုယ်တိုင်လည်း သူနှင့် အတူ နေရာ အတော်များများ တွဲသောက်ဖူးပါသည်။ မူးလာလျင် ရယ်မောစရာများ သာပြောတတ်၍ အလွန်ခင်ဖို့ကောင်းပါသည်။

တကိုယ်ရေ တကာရ လူပျိုကြီးဖြစ်၍ မိခင်အား လုပ်ကျွေးနေသူ ဖြစ်သလို အလုပ်လည်း ကြိုးစားသဖြင့် ပြစ်ချက်ဟူ၍ ထိုအရက်သောက်တတ်သော အမှုတခုသာ အမြဲတမ်း ပြသနာတက်လေ့ရှိပါသည်။

001.jpg

ယခုလည်း လစာထုတ်ပြီးနောက် တပါတ်ခန့် ပျောက်နေသည့် အပြင် ခွင့်လည်း မတိုင် ဖုန်း ဖြင့်လည်း အကြောင်း မကြားပဲ ခွင့်မဲ့ ပျက်ကွက်နေသဖြင့် မန်နေဂျာမှ ကျွန်တော့အား ကိုဇော်ဝင်း ၏ အိမ်သို့ လွတ်ခြင်း ဖြစ်ပါသည်။ ထိုနေ့ကတော့ အလုပ်များ၍ ညနေ အလုပ်သိမ်းချိန်မှ ကိုဇော်ဝင်းနေထိုင်ရာ သာကေတသို့ သွားရန် ပြင်ဆင်ရပါတော့သည်။

ဗိုလ်တထောင် ပုဇွန်တောင်မှ ဒေါပုံ သို့ကားစီး၍ ထိုမှတဆင့် သာကေတသို့ သွားရပါသည်။ ကျွန်တော် သာကေတ ကားဂိတ်ဆုံးသို့ ရောက်သော အခါ ညနေစောင်း နေဝင်ရီတရော အချိန်ဖြစ်နေပါသည်။ ကိုဇော်ဝင်း အိမ်မှာ ရပ်ကွက် အတွင်းပိုင်းတွင် ရှိပြီး လမ်းမ တန်းမှ လမ်းလျှောက်သွားလျင် အနည်း ဆုံး နာရီဝက်ခန့် လမ်းလျှောက်ရမည် ဖြစ်ပါသည်။

သို့သော် ထိုအချိန်က သူတို့ ရပ်ကွက် ဘေးရှိ ဒီရေတော အား အမှိုက်များ ဖို့နေသော အချိန် ဖြစ်၍ ထို အမှိုက်ပုံမှ ဖြတ်သွားလျင် ၁၀ မိနစ်ခန့်သာ လျှောက်ရပါသည်။ ဆိုခဲ့သည့် အတိုင်း ထို အမှိုက်ပုံမှာ ရန်ကုန်တမြို့လုံးရှိ အမှိုက်များလာရောက်စွန့်ပစ်သော နေရာဖြစ်၍ အမှိုက်ပုံ ဧရိယာ အလွန်ကျယ်သလို ခွေးလေခွေးလွင့်များ ၊ ပုလင်းခွံ ဘူးခွံ ကောက်သူများ ၊ ကျူးကျော် များဖြင့် ပြည့် နှက်နေပါတော့သည်။

နံစော်နေသော အမှိုက်ပုံပေါ်တွင် တဲထိုး၍ နေကြသလို ထိုတဲတို့၏ အမိုးအကာများက လည်း တလပတ် အဟောင်းများ ပလစတစ် များဖြင့် မိုးထားကြသည်မှာ ရောင်စုံအိမ် သေးသေးလေးများနှင့်သာတူသေးတော့သည်။ ဆိုခဲ့သည့်အတိုင်း ကျွန်တော် ရောက်သွားသော အချိန်မှာ နေဝင်ရီတရော အချိန်ဖြစ်သော်လည်း အမှိုက်ပုံနောက်ခံဖြင့် မြင်နေရသော ဆည်းဆာ အလှမှာ ကဗျာမဆန်လှပါ။

ဟိုဒီသွားလာနေကြသော ခွေးပိန်ညောင်များ ၊ ယင်တလောင်းလာင်း နှင့် အမှိုက်ပုံများ ၊ ပုပ်အဲ့ စူးရှသော အနံ့များ ၊ အချင်းချင်း အော်ခေါ်နေကြသော အသံများ ၊ လှုပ်ရှား သွားလာ နေသော အမှိုက်ကား များ ၊ ပြေးလွာနေသော အဝတ်ဗလာမဲ့ ဗိုက်ပူနံကား ကလေးငယ်များ နှင့် ကျူးကျော်တဲပေါ်မှ အော်ဟစ်ဆဲဆိုသံများက နေ့တနေ့၏ နောက်ဆုံး နေရောင်အောက်တွင် ဟန်ချက်ညီညီ ကပြနေကြပါသည်။

ကျွန်တော်လည်း ထို ဟန်ချက်ညီညီ ကပြသီဆိုနေကြသော အမှိုက်ပုံ ဆည်းဆာ အား ခံစား၍ အမှိုက်ပုံပေါ်မှ လမ်းလျှောက်လာခဲ့ပါတော့သည်။

002.jpg

အမှိုက်ပုံ အစွန်းသို့ ရောက်သောအခါ အတော်ကြီး သော မြောင်းတခုရှိ၍ ထို မြောင်းအား ကူးရန် ဝါးတံတားလေးရှိပါသည်။ ကလေး တသိုက်ကတော့ ထိုမြောင်းထဲတွင် လွတ်လပ်စွာ ကူးခပ်ရေကစားနေကြပါသည်။ ကျွန်တော်လည်း ထိုဝါးတံတား လေးအားဖြတ်၍ ရပ်ကွက် အတွင်းသို့ ဝင်လိုက်သောအခါ အိမ်များအား ပြွတ်သိပ်ကြပ်ညပ်စွာ ဆောက်ထားကြသော ရပ်ကွက် အတွင်းပိုင်းသို့ ဝင်ရပါတော့သည်။

တအိမ်နှင့်တအိမ် အိမ်ထရံမှာ တစ်ပေ သာသာကွာမည်ဟုထင်ပါသည်။ သည်ဘက်အိမ်မှ အတင်းပြောလျင် အခြားအိမ်မှ အတိုင်းသာ ကြာရနိုင်ပါသည်။ ရပ်ကွက်လမ်းမှာလည်း တချိန်ကတော့ ဂဝံလမ်း ဖြစ်ခဲ့ဟန်တူပါသည်။ ယခုတော့ ဗွက်အိုင်များအား အုတ်ခဲကျိုးများဖြင့် ဖို့ထားသော မညီမညာ လမ်းကျဉ်းလေး တခုသာ။

ထိုရပ်ကွက်မှာ လွန်ခဲ့သော ၁၅ နှစ်ခန့်က အခြေအနေဖြစ်၍ ယခုတော့ ပြောင်းလည်း တိုးတက်နေမည်ဟု ထင်ပါသည်။ ဤကာစကားချပ်။

ကျွန်တော် ထိုလမ်းကျဉ်းလေး အတိုင်း လျှောက်လာသောအခါ ပတ်ဝန်းကျင်ရှိအုပ်ဆိုင်းသော အနေအထားကြောင့် အတန်ငယ်မှောင်နေပြီ ဖြစ်ပါသည်။ လမ်းဘေးအိမ်များရှိ နီကျင့်ကျင့် အလင်းရောင်များကို အား ကိုး၍ သတိထားလျှောက်လာသောအခါ ကောင်းလေးတယောက် အလွန်ဆုံးရှိ ၁၀ နှစ်သားခန့်သာရှိသေးသော ကောင်လေးမှာ လမ်းလယ်ခေါင်ရှိ ဗွက်အိုင် အတွင်း မှ တခုခု အား ကျုံးယူ၍ ပလစတစ် အိတ်အတွင်းသို့ ထည့်နေပါသည်။

ကျွန်တော်လည်း စိတ်ဝင်စားသွား၍ အနီးကပ်သွားကြည့် သောအခါ ထိုကလေး ကျုံးယူနေသည်မှာ ဗွက်များနှင့် ရောထွေး နေသော ဆန်စေ့ များဖြစ်ပါသည်။ ထိုနောက် ထိုကလေး၏ တအီအီ ငိုသံကိုလည်း ကြားနေရပါသည်။

003.jpg

ကျွန်တော်နားလည်လိုက်ပါပြီ။ တနေကုန် နေ့စားအလုပ်လုပ်၍ ပြန်လာကြသော မိဘများက ညနေစာချက်စရာ ဆန်ဝယ်ခိုင်းလိုက်ပါလိမ့်မည်။ ပလစတစ်အိတ်ကွဲသွား၍ လား ၊ ခလုတ်တိုက်၍ ပဲ လွတ်ကျသွားသည်လား မသိ လေးလုံးခန့် ရှိမည် ဖြစ်သော ဆန်များမှာ ဗွက်များနှင့် ရောထွေး၍ အိတ်ပေါ်ပုံနေပါတော့သည်။

ကျွန်တော် ထိုခလေးအား မေးကြည့်သောအခါ " အိတ် ကွဲသွားတာ ၊ ဆန်မပါရင် အမေ ရိုက်တော့မှာ " ဟူ၍ ပြောပြပြီး ရိုက်ခံရမည်ကို ကြောက်၍ ထင်ပါသည် ထိုအခါမှမျက်ရည်များနှင့် အတူ နှပ်များပါ ထွက်ကျလာ၍ ငိုနေပါသည်။ ကျွန်တော်လည်း မကြည့်ရက်၍ အတန်ငယ်ဝေးသော အိမ်ဆိုင်လေး ရှိရာသို့ ခေါ်သွားပြီး ဆန်လေးလုံး ဝယ်ပေး၍ ပလစတစ်အား နှစ်ထပ်ထပ်ပေးလိုက်ပါသည်။

ထို့နောက် အပို အဖြစ် ကြက်ဥ လေးလုံးလည်း ဝယ်ပေးလိုက်ပါသည်။ ထိုကြက်ဥ အိတ်နှင့် ဆန်အိတ်လေးအား ထိုကလေးအား ပေး၍ အိမ်ကို သတိထားပြန်ရန် ပြောသော အခါ ထိုကလေးမှ ဆန်အိတ်နှင့် ကြက်ဥ ကို ယူပြီးနောက် ကျွန်တော့အား တချက် မော့ကြည့်ပါသည်။

ထို့နောက် ကျေးဇူးတင်ပါတယ် ဟုပင် မပြောတော့ပဲ လမ်းအတွင်းသို့ အပြေးတပိုင်းနှင့် အမှောင်ထဲသို့ ဝင်ရောက်သွားပါတော့သည်။ ထိုနေ့ကတော့ ကိုဇော်ဝင်းအိမ်သို့ သွားရန် စိတ်မပါတော့သဖြင့် အိမ်ပြန်ရန် ကားဂိတ် ဘက်သို့ လာရာလမ်းအတိုင်း ပြန်ခဲ့ပါတော့သည်။

အပြန်လမ်းတွင် ကျွန်တော်စဉ်းစားမိသည်မှာ ထိုခလေး၏ အကြည့် ဖြစ်ပါသည်။ ရုတ်တရက် စက္ကန့်ပိုင်းသာ ကြာလိုက်သော ထိုအကြည့် အား ကျွန်တော် ယနေ့ထိမေ့မရပါ။

004.jpg

အိမ်ဆိုင် အတွင်းရှိ ဘတ္ထရီ မီးရောင်အောက်တွင် ထိုကလေး၏ ကွက်ကြား နေသော ပါးပြင်တွင် မျက်ရည် စီးကြောင်းများက မခြောက်သေး သော်လည်း အငိုကတော့ ရပ်သွားပြီ ဖြစ်သည်။

မည်းညစ် နေသော မျက်နှာ ပေါ်မှ မျက်ရည်စများ ဖြင့် တောက်ပနေသော ထို မျက်လုံး တစုံအောက်တွင် အံ့သြခြင်း ၊ ပျော်ရွှင်ခြင်း ၊ ကျေးဇူးတင်ခြင်း နှင့်အတူ နွေးထွေးခြင်းကို ခံစားရစေပါသည်။ အိမ်အပြန်လမ်း အမှိုက်ပုံကို ဖြတ်သော အခါ ခွေးများက ကျွန်တော့အား ထိုးဟောင်ကြသော်လည်း ကျွန်တော် မဟန့်မိတော့ပါ။

ယနေ့အချိန် ထိ လမ်း ဘေး ဗွက်အိုင်များကို မြင်တိုင်း ထိုကလေး ၏ တောက်ပသော မျက်လုံးတစုံ နှင့် အကြည့် တို့မှာ ကျွန်တော့ အတွေးအတွင်းသို့ ရောက်လာလေ့ရှိပါသည်။ ထိုအကြည့် အကြောင်းကို တွေးမိတိုင်းလည်း ကျွန်တော့ရင်မှာ နွေးကနဲ့ နေသော ခံစားမှုတခုကို ဖြစ်ပေါ်စေပါသည်။

ပြီးပါပြီ။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

ဝတ္ထုကို ဖတ်ရှုအပြီးမှာတော့ ကျေးဇူးတင်စကားကို အကြည့်တစ်ချက်နဲ့ ပြောသွားတာလား ... ရင်ထဲက ခံစားမှုကို မျက်ဝန်းထဲမှာ ပေါ်သွားစေတာလား တွေးဆနေမိပါတယ်

ဒုတိယ အချက်က ပို ဖြစ်နိုင်လောက်တယ်။ အဲဒီအချိန်တုန်းက သူ့ပြသနာ ပြေလည်သွားပြီ ဆိုတာသိတဲ့ အသိရယ် အိမ်မှာ ညစာချက်ဖို့ စောင့်နေတယ်ဆိုတဲ့ အသိပဲ အရင်ဝင်ရောက်လာတော့ .... အိမ်ကို အမြန်ပြန်ချင်စိတ်ပဲ ဖြစ်မိမှာပါ။ ဆိုတော့ အကြည့် ထဲမှာ ခံစားမှုကို ပေါ်လွင်စေလိုက်တယ်လို့ ထင်ပါတယ်။

No words to Say. Feel something

Nothing is better than that feeling......

အဲဒီအကြည့်တချက်ကိုပြန်သတိရတိုင်း..တွေးမိတိုင်း..သားရဲ့စိတ်ထဲနွေးကနဲဖြစ်နေသလို...ဖတ်မိတဲ့အန်တီရဲ့စိတ်ထဲ..ရင်ထဲမှာတကယ်ထိခိုက်တယ်။ဘာဖြစ်လို့လဲသိလား...အဲဒီကလေးရဲ့အဖြစ်မျိုးကိုအန်တီငယ်တုန်းကဖြစ်ခဲ့
ဖူးလို့ပါ။ဆင်းရဲတဲ့မိသားစုရဲ့ဒဏ်ရာဒဏ်ချက်တွေပေါ့။

ကျွန်တော်တို့လည်း ဆင်းရဲခဲ့ပါတယ် အန်တီ ... အဲဒီ အတွက်ကြောင့်လည်း ခလေးကို ကိုယ်ချင်စားနိုင်တာပါ။ ဆင်းရဲတဲ့ သူတွေအတွက် ညစာ တနပ် ဘယ်လောက်အရေးကြီးတယ် ဆိုတာ ဆင်းရဲဖူးသူတွေသာ သိကြတာရယ်။

အမှိုက်ပုံဆီက လာတဲ့အနံ့အသက်တောင် စာဖတ်ရင်းရသလို ပီပြင်ပါ့ဗျာ။

ဖွဲ့နွဲ့ကြည့်တာ အထွေး ရေ.... အမှန်တော့ဒီထက်ပိုပြီပြင်အောင် အောင် ရေးချင်တာရယ်။

ရင်ဘတ်ထဲမှာ ကျန်နေခဲ့တယ် ကိုဟင်ရေ။ အကြည့်တစ်ခုထဲမှာ ဘာတွေပါဝင်နေမလဲဆိုတဲ့ ခံစားချက်လေးကို အစအလယ်အဆုံး စိတ်ဝင်စားဖွယ် ရေးသားနိုင်စွမ်းကတော့ ချီးကျူးပါတယ်ဗျာ။ ကျွန်တော့ Review အတွက် တစ်ပုဒ်ရပါပီ။

အမှန်တော့ သာမန်အကြည့်လေး တခုမှာ ကျွန်တော့ ခံစားချက်တွေထည့်လိုက်တာပါ။

ခံစားရတယ်ဗျာ သာဓုခေါ်ပါတယ်
ကလေးလေးကိုယ်စားပျော်တယ်ဗျာ

အခုလိုအားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်။

မျက်လုံးဆိုတာ စိတ်ရဲ့ပြတင်းပေါက် ဖြစ်တာမို့လို့
ဒီကလေးရဲ့ အကြည့်တစ်ချက်ဟာ ကျေးဇူးတင်ပါတယ် ဆိုတဲ့စကားထက်
ပိုသာတဲ့ အဓိပ္ပာယ် ကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။

အဲဒီထက်ပိုသာတဲ့ အဓိပ္ပါယ်ကို ပေးပါတယ်။ တကယ်လို့ ကျေးဇူးတင်ပါတယ်ပြောပြီး အကြည့် တချက် ပေးမထားခဲ့ရင် ခံစားမှုက သာမန်လောက်ပဲ ရှိမယ်လို့ ထင်ပါတယ်။

လူတစ်ယောက်ရဲ့ စိတ်ထွက်ပေါက်ဟာ အကြည့်တစ်ချက်လို့ မှတ်သားဖူးပါတယ် လူတစ်ယောက်နဲ့ တစ်ယောက် မျက်လုံးချင်းစုံပြီးစကားပြောရင် ဘယ်လိုလူလည်းဆိုတာ နည်းနည်းတော့ ဖတ်မိတက်ပါတယ်တဲ့

မျက်လုံးဟာ စိတ်ရဲ့ ပြတင်းပေါက်ပါ။ အပြင်ပန်း ကြိုက်သလို ဟန်ဆောင်လို့ ရပေမယ့် ခံစားမှု မျက်ဝန်းဟာ ဟန်ဆောင်လို့ မရပါဘူး။

ဘာမှပြန်​လည်​ရယူလိုခြင်းမရှိပဲ ​စေတနာသန့်​သန့်​နဲ့ အကူအညီ​ပေးလိုက်​ခြင်းဟာ အင်​မတန်​မှ အကျိုးထူးလှပါတယ်​....။

ကုသိုလ်တခုလုပ်လိုက်ရတယ်လို့ပဲ သဘောထားပါတယ်။

အကြည့်တစ်ချက်က တစ်ခါတစ်ရံစကားလုံးများစွာထက် သာလွန်တဲ့အဓိပ္ပါယ်ပေးစွမ်းပါတယ်။

အမှန်ပါပဲ... ထိုအကြည့်က ယနေ့အထိ ကျွန်တော့ကို အမှတ်တရရှိနေဆဲပါပဲ။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63188.04
ETH 2570.49
USDT 1.00
SBD 2.79