နည်းပညာများဖြင့် အသက်ကယ်ဆယ်ခြင်း ( Henry Aung )

in #myanmar7 years ago (edited)

STEMMIT-HENRY.jpg

မင်္ဂလာပါ။ လွန်ခဲ့သော တင်္နလာနေ့မှ ဗုဒ္ဓဟူးနေ့အထိ စင်္ကပူ နိုင်ငံရှိ ကြက်ခြေနီ ရုံးချုပ်တွင် ရှေ့ဦးသူနာ ပြုစုခြင်း သင်တန်းကို သွားရောက်တက်နေရ၍ ကျွန်တော့ အနေဖြင့် Steemit တွင်ပင် ကောင်းကောင်း အချိန်မပေးနိုင်ခဲ့ပါ။ ကော်မန့်များပြန်ကြားရန် အများအပြားကျန် နေသေးသလို အချိန်လု၍ promotion များမပျက် အောင်ကြိုးစားခဲ့ရပါသည်။

ဤဆောင်းပါးတွင် စင်္ကပူနိုင်ငံ ကြက်ခြေနီ အသင်း မှ သင်ကြားပေးသော ရှေ့ဦသူနာပြု သင်တန်း အကြောင်းကို အနည်း ငယ်မျှဝေလိုပါသည်။ ကျွန်တော့ အနေဖြင့် ဤရှေ့ဦသူနာပြုစုခြင်း သင်တန်းကို 2006 ခုနှစ်မှ စပြီး ၂ နှစ်လျင် တကြိမ် အမြဲတမ်း တက်ရောက်သင်ယူခဲ့ပါသည်။

စင်္ကပူနိုင်ငံ၏ အလုပ်သမားဥပဒေတွင် အလုပ်သမား ၂၅ ယောက်ရှိလျင် ရှေ့ဦးသူနာပြု စု တတ်သူ တယောက်ရှိရမည်ဖြစ်ပါသည်။ ထို့ကြောင့် လုပ်ငန်းခွင်တိုင်းတွင် လုပ်ကိုင်နေကြသောလူဦးရေ အလိုက် ရှေ့ဦးသူနာပြုများ ရှိနေပြီး ဖြစ်ပါသည်။ ကျွန်တော့ အတွက်ကတော့ မိမိ အတွက်လည်း အကျိုးရှိသလို ကုမ္ပဏီအတွက်လည်း အကျိုးရှိသဖြင့် ၂ နှစ်တကြိမ် ပုံမှန် တက်ရောက်သင်ယူခဲ့ပါသည်။

အဘယ့်ကြောင့် ၂ နှစ်တကြိမ် ပြန်လည် သင်ယူနေရပါသနည်း ဆိုသော် ပြောင်းလည်းလာသော နည်းပညာများအလိုက် အသက်ကယ်ဆယ်ခြင်း ရှေ့ဦးသူနာပြုစုခြင်း နည်း လမ်းများလည်း ပြောင်းလည်းနေ၍ ဤအသစ်အသစ်သော နည်းလမ်းများကို ပြန်လည် သင်ယူနေကြရခြင်းဖြစ်ပါသည်။

ဤဆောင်းပါးတွင် ရှေ့ဦးသူနာ ပြုစုခြင်းသင်တန်းအတွင်းမှ သင်ကြားခဲ့သော အရာများကို ပြန်လည် ဖေါ်ပြပေးရန် မဟုတ်သော်လည်း အင်မတန်ကောင်းမွန်သော အသက်ကယ်ဆယ်ရေး စနစ်တခုကို အခြားသူငှာများအားဗဟုသုတ ရစေရန် အလို့ငှာ ဖေါ်ပြပေးရန် ရည်ရွယ်ရင်း ဖြစ်ပါသည်။

011.jpg

ဤသင်တန်း ၏ ရည်ရွယ်ချက်မှာ Medical Emergency ဟုခေါ်သော အရေးပေါ်အခြေအနေတွင် paramedic ဟုခေါ်သော ဆေးဘက်ဆိုင်ရာ အကူအညီများ ရောက်ရှိမလာမှီ First Aider ဟုခေါ်သော ရှေ့ဦးသူနာပြု များက လူနာ၏ အခြေအနေ ပိုမဆိုးသွားစေရန် ၊ တနည်းအားဖြင့် ဆေးဘက်ဆိုင်ရာ အကူအညီများ ရောက်လာသည် အထိ လူနာကို ပြုစု ထိန်းသိမ်း ကြည့်ရှု စောင့်ရှောက်ပေးရန် ဖြစ်ပါသည်။

စင်္ကပူနိုင်ငံတွင် ကျန်းမာရေး အရေးပေါ်အခြေအနေ တွင် လူတိုင်းလူတိုင်း 995 ဟူသော အရေးပေါ်ဖုန်းကို ခေါ်၍ ဆေးဘက်ဆိုင်ရာအကူအညီကို ခေါ်ယူခွင့်ရှိပါသည်။ ဤသို့ ခေါ်ယူရာတွင် ဆေးဘက်ဆိုင်ရာ အကူအညီများ လူနာတင်ယဉ်နှင့် တကွ ၁၀ မိနစ်အတွင်း ရောက်လာကြပါသည်။

စင်္ကပူနိုင်ငံတွင် မည်သည့်နေရာမှ ဖြစ်စေ မည့်သည့် အချိန်တွင် ဖြစ်စေ လိုအပ်၍ 999 အရေးပေါ် မှုခင်း ဖြစ်စေ 995 ဆေးဘက်ဆိုင်ရာ အကူ အညီ ဖြစ်စေ ရဲ များ ဆေးဘက်ဆိုင်ရာ အကူများ ၁၀ မိနစ်မှ ၁၅ မိနစ်အတွင်း ရောက်ရှိလာကြပါသည်။ ကျွန်တော်ကိုယ်တိုင် အရေးပေါ်ကြုံ၍ မှုခင်း အရေးပေါ် ဖုန်း နှင့် ကျန်းမားရေးနှင့် ဆေးဘက်ဆိုင်ရာ အရေးပေါ်ဖုန်းများကို ခေါ်ဆို၍ အကူအညီ တောင်းဘူးပါသည်။

999 မှုခင်းဆိုင်ရာ အရေးပေါ်ဖုန်းကို ခေါ်ဆိုသော အချိန်တွင် ရဲကား ၂ စီး ၄မိနစ် အတွင်းရောက်ရှိလာ၍ အကူအညီပေးကြပါသည်။ 995 ဆေးဘက်ဆိုင်ရာ အရေးပေါ်အကူအညီ တောင်းခံသော အခါ ၉ မိနစ်အတွင်း လူနာတင်ယဉ်နှင့်တကွ ဆေးဘက်ဆိုင်ရာ အကူအညီ ပေးသူများ ရောက်ရှိလာကြပါသည်။

555.jpg

ရှေ့ဦးသူနာပြုစုခြင်း သင်တန်းအကြောင်း ဆက်ပါအုံးမည်။ ဤ သင်တန်းတွင် ကျန်းမာရေး အရေးပေါ် အခြေအနေများ ဖြစ်သော၊ နှလုံး အမောဖေါက်ခြင်း ၊ အခြေအနေ အမျိုးမျိုးကြောင့် မူးမေ့ လဲကျ ခြင်း စသော ရောဂါ များအပါအဝင် ယျဉ်တိုက်မှု ၊ အကြောင်း အမျိုးမျိုးကြောင့် ဖြစ်သော သွေးထွက်သံယို မှုများ ကို ဆေးဘက်ဆိုင်ရာ အကူအညီများ ရောက်မလာမှီ မည်သို့ မည်ပုံ ပြုစုရမည် အသက်ကယ်ဆယ် ရမည့် နည်းလမ်းများ ကို သင်ကြားပြသပေးသလို မီးလောင်၍ ဖြစ်သော ဒါဏ်ရာ အနာတရများ ၊ chemical ကြောင့် ဖြစ်သော ဒါဏ်ရာများအား ကိုင်တွယ်ပြုစုနည်းများ စသည်စသည်ဖြင့် ရှေ့ဦးသူနာပြုစုနည်းလမ်းများကို စနစ်တကျ သင်ကြားပြသပေးပါသည်။

သင်တန်းကာလတွင် ရှေ့ဦးသူနာပြုစုနည်းများကို သင်တန်းဆရာများက အသေးစိတ် အပင်ပန်းခံ၍ သင်ကြားပြသပေးပါသည်။ လူ့အသက် ကယ်ဆယ်ရေး သင်တန်းဖြစ်သောကြောင့် ဆရာများကလည်း တယောက်ချင်းစီ၏ စွမ်းဆောင်ရည်များကို ကြည့်၍ သေသေချာချာသင်ကြားပြသပေးရခြင်းဖြစ်ပါသည်။

ထိုသင်တန်းတွင် ရေးဖြေ စာမေးပွဲ ဖြေရသလို case study များလည်း ပြုလုပ်ခဲ့ရပါသည်။ ထိုသင်တန်းတွင် ရုပ်တရက် နှလုံး ရပ်သွားသူများအတွက် CPR ဟုခေါ်သော မိမိ လက်နှဖက်ကို အသုံးပြု၍ လူနာ၏ ရင်ဘတ်ပေါ်တွင် ဟန်ချက်ညီညီ ဖိနှိပ် ပေးခြင်း ဖြင့် နှလုံး ပြန်လည် အလုပ်လုပ်ရန် ပြုလုပ်ပေးရသော သင်ခန်းစာမှာ ချွေးပြိုက်ပြိုက်ကျ သည်အထိ လေ့ကျင့် ခဲ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် မိမိ လက်အထားအသို မှားလျင် လူနာ၏ ရင်အုပ်ရိုး ကျိုးသွားနိုင်သောကြောင့် ဖြစ်ပါသည်။

ထို့နောက် ပါတ်တီးစည်း နှောင် နည်းများ အရိုးကျိုးခြင်းအတွက် စည်းနှောင်နည်းများကို စနစ်တကျ သင်ကြပြသပေးကြပါသည်။ ထို့ နောက် AED ဟုခေါ်သော စက်ဖြင့် လူနာအား ရှော့ ရိုက်၍ နှလုံး ပုံမှန် ပြန်လည် အလုပ်လုပ်လာစေရန် စက်အသုံးပြုပုံ အသုံးပြုနည်း ကို သေချာစွာ သင်ကြားပြသပေးကြပါသည်။ ဤ AED စက်မှာ ဗို့အား မြှင့်သော ဘတ္ထရီ ကို အသုံးပြုထားသဖြင့် အသုံး ပြုသူ first aider အနေဖြင့် အန္တရာယ် ကင်းစေရန် သေချာစွာ သင်ကြားပြသပေးရခြင်းဖြစ်ပါသည်။

02.jpg

666.jpg

သင်တန်းနောက်ဆုံးနေ့တွင် သင်တန်းဆရာများက သင်တန်းသူ သင်တန်းသား တယောက်ချင်းစီ အား အင်တာဗျူး၍ ကောင်းမွန်သော ရှေ့ဦးသူနာပြုစု သူ ဖြစ်စေရန် စိတ်ဓါတ်ခွန်အားများ ပေးကြသလို သင်တန်းတွင် သင်ကြားလိုက်သော ပညာရပ်များ မေ့သွားလျင်လည်း ကိစ္စမရှိကြောင်း မိမိ မှတ်မိသလောက်ဖြင့် ရှေ့ဦးသူနာ ပြုစုနိုင်ကြောင်း တစုံတယောက်အနေဖြင့် အရေးပေါ်အကူအညီလိုအပ်လာလျင် ချက်ချင်း လိုအပ်သော အကူအညီပေးနိုင်ခြင်းသည် ဆရာဝန်များအတွက် အထောက်အကူ အများကြီး ရှိကြောင်း လူ့အသက်ကယ် သော အလုပ်ဖြစ်၍ မွန်မြတ်သော အလုပ်ဖြစ်ကြောင်း စသည်ဖြင့် စိတ်ဓါတ်ခွန်အားများ မြှင့်တင်ပေးပါသည်။

ကျွန်တော် အလွန်သဘောကျသော စနစ်တခုမှာ စင်္ကပူကြက်ခြေနီ အသင်းချုပ်မှ Mobil app တခုလွင့်တင်ထားသောကြောင့် ထိုရှေ့ဦသူနာပြုစုခြင်း အကြောင်း ကို ထို app မှာ ပြန်လည် ဝင်ရောက်လေ့လာနိုင်ပါသည်။ ထိုapp ထဲတွင် ရှေ့ဦးသူနာပြုနည်းလမ်း များအကုန်ပါဝင်ပါသည်။ ထို့အပြင် ထိုရှေ့ဦးသူနာပြုစုနည်း သင်တန်း တက်ရောက်ပြီးသူတိုင်း တနည်းအားဖြင့် First Aider များအား my-responder ဟူသော app တွင် ဝင်ရောက် register လုပ်စေပါသည်။

မလုပ်ထားလျင်လည်း ကိစ္စမရှိပါ။ ထို app ၏ ကောင်းကျိုးမှာ အရေးပေါ်အခြေအနေကြုံလာတိုင် noti လေး တက်လာပါသည်။ ထို noti ထဲတွင် မိမိရောက်ရှိနေသော နေရာ အနီတဝိုက်တွင် မည်သူမည်ဝါမှ အရေးပေါ် အကူအညီလိုအပ်နေကြောင်း ပါရှိပါသည်။ မိမိ သွားရောက်ကူညီနိုင်လျင် ဝင်ရောက်ကူညီလိုက်ရုံသာ။ ထို့ကြောင့် စင်္ကပူ နိုင်ငံတွင် ကျန်းမာရေး အရေးပေါ် အကူအညီ လိုအပ်တိုင်း First Aider များက ဝင်ရောက်ကူညီနိုင်ပြီ ဖြစ်သဖြင့် အသက်ကယ်ဆယ်ရာတွင် အောင်မြင်မှု ရာခိုင်နှုန်း များ မြှင့်တက်လာကြောင်း လည်း သိရပါသည်။

01.jpg

ဤအကြောင်းအရာတို့မှာ စင်္ကပူ နိုင်ငံ အစိုးရမှ မိမိတို့ တိုင်းနိုင်ငံတွင် နေထိုင်ကြသူ များအား ကျန်းမာရေး အရေးပေါ်အခြေအနေကြောင့် အသက် ဆုံးရှုံး မှု နည်းနိုင်သမျှ နည်းအောင် စနစ်တကျ စီမံထားသော စနစ်ကို စာဖတ်သူများအား အသိဗဟုသုတရရှိစေရန် ဝေမျှ ပေးရခြင်း ဖြစ်ပါသည်။

ထိုသင်တန်း နောက်ဆုံးနေ့ အင်တာဗျူးများဖြေပြီးနောက် မိမိ အိမ်သို့ ပြန်လာရာ လမ်းတလျှောက် ရထားဘူတာရုံများ Bus interchanges များ shopping mall များတွင် First Aid Box နှင့် AED များထားရှိရာနေရာများကို ဂရုတစိုက်နှင့် ကြည့်ရှုလာခဲ့ပါသည်။ လူ့အသက် ကို ကယ်ဆယ်ရန် အတွက် လိုအပ်သော ပစ္စည်းများကို နေရာတကာချထားပေးနိုင်သော သူတို့၏ စနစ်ကို လည်း အလွန်လေးစားမိပါသည်။

အိမ်အပြန်လမ်းတွင်တော့ ခေတ်မှီနည်းပညာများသုံး၍ တယောက်နှင့်တယောက် မသေမချင်း အချင်းချင်းသတ်နေကြသော မြန်မာပြည်၏ ပြည်တွင်းစစ်အကြောင်းကိုသာ တွေးမိနေပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Sort:  

အရေးပေါ် ကျန်းမာရေးစောင့်ရှာက်မှုကတော့ အားကျစရာပါဘဲ
အချိန်တိုအတွင်း ထိရောက်စွာ အကူညီပေးနိုင်တာ တကယ်ကောင်းတဲ့စီစဉ်ဆောင်ရွက်မှုစနစ်ကြောင့်ဖြစ်မှာပါ

တကယ်ကောင်းမွန်တဲ့စနစ်ပါ။ ပညာရေးနဲ့ ကျန်းမာရေးမှာ သုံးထားတဲ့ ဘတ်ဂျက် တွေကလည်း မနည်း မနောပဲကိုး။

မြန်မာနိုင်ငံမှာတော့ First Aid Box ရှိမရှိမသိ ဘုရားတပြီးသွားနေရတယ်

မြန်မာပြည်က ကြက်ခြေနီ အသင်းကလည်း အခုလို သင်တန်းမျိုးတွေ ပေးမှာပါ။ ဝင်ရောက်တက်ထားသင့်တယ်လို့ ထင်ပါတယ်။

သူများနိုင်ငံတွေ တိုးတက်နေတာမြင်နေကြားနေရတော့ ကိုယ့်နိုင်ငံကိုယ် အားမရဖြစ်မိပါတယ် ပြည်တွင်းစစ်တွေ မြန်မြန်ပီးဖို့မျှော်လင့်လျက်

မျော်လင့်ယုံကလွဲလို့ ကိုယ်တွေလည်း ဘားမှ မတတ်နိုင်ပါ။

ပြည်တွင်းစစ်ဒဏ်ကို ကောင်းကောင်းကြီးခံနေရတော့ စစ်ပွဲတွေရပ်စေချင်လှပြီ။

ပြည်တွင်းစစ်ကတော့ မပြောလိုတော့ပါဘူးအထွေးရေ။ တခါတလေ ကိုယ့် အမျိုးကို ချစ်လှပါရဲ့ အော်နေသူတွေကို သံသယရှိမိတယ်။ သူတို့အမျိုးချစ်တာကလည်း အချင်းချင်း သတ်ကြဖို့ကိုး။ လက်ခုပ်က နှစ်ဖက်တီးမှ မြည်တာမို့ နှစ်ဖက်လုံးက လူတွေလည်း သေလှပြီ။ စစ်ဖြစ် ပညာမသင်ရတော့ အဖက်ဖက်က နောက်ကျ။ ပညာမတတ်တော့ မူးယစ်ဆေး သားကောင်ဖြစ်။ လုံးခြာလည် လိုက်နေတာ အရှေ့တောင်အာရှမယ် မြန်မာ တနိုင်ငံပဲရှိတယ်။သူများတွေက ကိုယ့်နိုင်ငံသားအသက်တွေကို ကယ်တင်နိုင်ဖို့ သူများနိုင်ငံသားတွေကို အသက်ကယ်နည်းပညာသင်ပေးနေတဲ့ အချိန်မယ် ကိုယ်တွေက အချင်းချင်း သတ်လို့ ကောင်းတုန်း။

ဟုတ်ပါတယ် ကိုဟင်ရေ
မူးယစ်ဆေးရဲ့သားကောင်ဖြစ်တယ်ဆိုတာ မမြင်ဘူးမတွေ့ဘူးရင်တော့ သာမာန်ပြဿနာတစ်ခုလို့ပဲထင်မှာပါ
ကျနော်ကတော့ လက်ရှိ ဖားကန့်ရောက်နေတာဆိုတော့
မျက်မြင်ကိုယ်တွေ့ဖြစ်နေရတော့ အံ့သြမိပါတယ်

ပြည်​တွင်းစစ်​တစ်​ခုတင်​မဟုတ်​ပါ။ Online​ပေါ်တွင်​လည်းမညီညွတ်​မှူ​တွေစစ်​ပွဲ​တွေအများကြီးရှိ​နေပါသည်​။

အဲဒီလို မညီမညွတ်နဲ့ အကွဲကွဲအပြားပြား ဖြစ်နေမှ မြန်မာနိုင်ငံသား ပီသတော့မှာပေါ့။

ကျွန်တော်တို့နိုင်ငံသားတွေကခတ်တယ်ဗျ အကိုရေ ကျနော်အလယ်တန်းကျောင်းမှာ ရှေးဦးသူနာပြုသင်တန်းလာသင်ပေးလို့ သွားတက်တယ်အများစုသူငယ်ချင်းမိဘတွေကမတက်ခိုင်းကြဘူး ဘာလို့လဲမေးတော့ အဲဒါတွေအလကားပါကွာ ဆိုတဲ့စကားလုံးနဲ့ပစ်ပေါက်ကြတယ် နိုင်ငံကလုပ်ပေးတော့လည်းသင်ယူလိုစိတ်မရှိကြဘူး မလုပ်ပေးပြန်တော့လည်း အပစ်ပြောကြတယ် အဲ့ဒါကြောင့် လူ့အကြိုက် သကြားမင်းတောင် ဖြည့်ဆည်းမပေးနိုင်ဘူးတဲ့ဗျာ အကိုရေ

အမှန်ကတော့ လူစုလူဝေ ရှိတဲ့ နေရာ ဥပမာ တက္ကသိုလ် တို့ ၊ လုပ်ငန်း ခွင် တို့လို နေရာမှာ မသင်မနေရ ဥပဒေနဲ့ ပြဒါန်းထားရင်တော့ အဆင်ပြေမယ်လို့ ထင်ပါတယ်။

ဟုတ်ပါတယ်အကို ကျွန်တော်တို့နိုင်ငံမှာ ဥပဒေကောင်းကောင်းရှိဖို့ဘဲအခုချိန်မှာအရင်လိုအပ်နေတယ်လို့ထင်ပါတယ်

မြန်မာနိုင်ငံကြက်ခြေနီအသင်းရှိပါသည်။ သင်တန်းများလည်းသင်ကြားပေးကြပါသည်။ သို့သော် စိတ်ဝင်စားမှုနည်းပါးပါသည်။

တနိုင်ငံလုံး အတိုင်အတာနဲ့ အစိုးရကလည်း ဝင်ကူရင်တော့ ဖြစ်လောက်ပါတယ်။ ဒါပေမယ့် သူတို့ ရတဲ့ ဘတ်ဂျက် ကလည်း ဘယ်လောက်မှ ရှိမယ်မထင်ပါဘူး။

မြန်မာနိုင်ငံမှာလည်း နိုင်ငံတစ်ကာအဆင့်မမှီတောင် ခေတ်မှီတဲ့ သူနာပြုကြက်ခြေနီ အသင်းအဖွဲ့တွေ ရှိစေချင်တယ်

ရှိစေချင်ပါတယ်။ ကိုယ်တွေရဲ့ နိုင်ငံကိုလည်း သူများတွေ နှင့် တန်းတူ တိုးတက်တာကို မြင်ချင် နေသော်လည်း ကျွန်တော်တို့ တသက်တော့ မထင်ပါဘူး။

ဒီပိုစ့်မြင်မှအရင် Youth မဂ္ဂဇင်းမှာလစဉ်ပါတဲ့အမေရိကားကအကြာင်းဆောင်းပါးတွေဖတ်ပြီးံသြအားကျခဲ့ရတဲ့ခံစားချက်တွေပြန်ရတယ်၊ နောက်ပြီးပြည်တွင်းစစ်ဆိုလို့ ပြည်တွင်းစစ့်ပါတ်သတ်တဲ့တကယ့်အဖြစ်မှန်တစ်ခုကိုနည်းနည်းတန်ဆာဆင်ပြီးရေးအုံးမယ်ဗျာ။

ပြည်တွင်းစစ်နဲ့ ပါတ်သက်ပြီး အစ်ကို့ စီမှာလည်း ရေးစရာတွေအများကြီးပါ။ အဲဒီအကြောင်းတွေ ရေးလို့ ရှိရင် နိုင်ငံရေးတွေက မဖြစ်မနေပါလာမှာ ဖြစ်သလို စွန်းထင်ထားခဲ့တဲ့ အမဲစက်တွေကိုလည်း ပေါ့ပေါ့လေး ဖြည့် ရေးလို့မရပါဘူး။ ကိုယ်ရေးထားတဲ့ အကြောင်းအရာတွေဟာ တချိန်မှာ ဖြစ်ရပ်မှန် သမိုင်း ဖြစ်လာမှာမို့ ။ အစ်ကို့အနေနဲ့ အခုချိန်အထိတော့ ဘာသာရေး ၊ စစ်ရေး နဲ့ နိုင်ငံရေးကို ရေးသားဖို့ လက်ရှောင်နေဆဲပါ။

အင်မတန်ကောင်းတဲ့ ထောက်ပံ့မှု နည်းစနစ်များနှင့် စင်ကာပူပါပေ။ ကျွန်တော်တို့ ဆီမှာတော့ First Aid Box နှင့် First Aider များ ရှိနေသော်လည်း ဖွံ့ဖြိုးမှု အရမ်းနှေးနေသေးသည်ကို သတိထားမိပါတယ်ဗျာ။

လူတွေကို အကောင်းဆုံး လူသားတွေ ဖြစ်အောင်လုပ်နေတဲ့ နိုင်ငံဆိုတော့ ၊ ကိုယ်တွေနဲ့ ကွာချင်တိုင်းကွာ နေတာပေါ့။

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 58394.86
ETH 2618.86
USDT 1.00
SBD 2.39