ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း-( ၈ )( Henry Aung )

in #myanmar7 years ago

HENRY.jpg

ကျွန်တော်အနေဖြင့် ငြမ်းသင်တန်း ပြီးသွားလျင် သင်္ဘောကျင်းတွင် အလုပ်လုပ်ရသော အတွေ့အကြုံများကို ရေးပြမည်ဟု စဉ်းစားထားသော်လည်း ထိုအတွေ့အကြုံတို့ကို မရေးသားခင် ကျွန်တော်သင်္ဘောကျင်းတွင် ကြုံဆုံခဲ့ရသော ဆိုးတူ ကောင်းဖက် သူငယ်ချင်းများ လုပ်ဖေါ်ကိုင်ဖက်များ ရန် ဖြစ် ဖေါ် များ အကြောင်းကို အရင်ဖေါ်ပြချင်ပါသည်။

ယခုကျွန်တောဖေါ်ပြသော အကြောင်းအရာများမှ ကျွန်တော်ကြုံတွေ့ခဲ့ရသူ များ အကြောင်း ဖြစ်သည့် အပြင် ထိုသူများမှာလည်း သက်ရှိထင်ရှား ရှိကြအုံးမည်ဖြစ်၍ နာမည်များကို တော့ မဖေါ်ပြတော့ပါ။ ကျွန်တော် သင်္ဘောကျင်း တွင် general worker အဖြစ် တနှစ်ခန့် supervisor အဖြစ် ၄ နှစ် အလုပ်လုပ်ခဲ့ပါသည်။ ထိုအတောအတွင်း ကျွန်တော် ကြုံဆုံခဲ့ရသော လူ့သဘော လူ့ မနောတို့မှာ ယခု ပြန်တွေးကြည့် လျင်ပင် အံ့သြဖို့ အလွန်ကောင်းနေပါသည်။

ပထမဦးစွာ ကျွန်တော်သတိထားမိသည်မှာ မိုးကုတ်မှ ကျောက်သူဌေးတဦး၏ သားဖြစ်ပါသည်။ ထိုသူမှာ ရုပ်ရည် သန့်သန့် ပြန့်ပြန့်ရှိသလောက် အလွန်ပွေရှုပ်သူဖြစ်ပါသည်။ အစကတော့ စကားစမြည်း ပြောရင်း ကျွန်တော်မေးကြည့် ဘူးပါသည်။ မိဘများချမ်းသာ သည့်အတွက် အဘယ့် ကြောင့် စင်္ကပူကို ထွက်လာရသည့် အကြောင်း မေးသောအခါ မိဘများ မနိုင်သောသူ ဆိုးချင်တိုင်းဆိုးပေးနေသူ ၊ ရန်ကုန်ရှိနည်းပညာ ကျောင်းတခုမှ ကျောင်းထုတ်ထားခံရချိန် မိဘများပို့ ပေးလိုက်သော ကျောင်းလခများဖြင့် စင်္ကပူ ကို agent fee ပေး၍ လိုက်လာခြင်းဖြစ်သည်။

သူ့ အနေဖြင့် စင်္ကပူသို့ ပညာသင် လို၍ လာချင်ပါလျင် မိဘများမှ လိုလိုချင်ချင် ပို့ ပေးမည်ဖြစ်သော်လည်း သူကိုယ်တိုင်က ပင် ရှုပ်ပွေနေရသည်ကို သဘောကျသူတယောက်ဟု မြင်မိပါသည်။ ထိုသူမှာ စင်္ကပူ ရောက်ပြီး ၆ လ အကြာတွင် ကုမ္ပဏီမှ ပြန်ပို့လိုက်ပါသည်။

bd.jpg

ပြန်ပို့ သည်တောင်ရိုးရိုး မဟုတ် gangster ဟု ခေါ်သော လူဆိုးဂိုဏ်များလက်သို့ အပ်၍ ပြန်ပို့လိုက်ခြင်းဖြစ်ပါသည်။ ထိုအချိန်တုန်းက စင်္ကပူ တွင်ထိုကဲ့သို့ သော လူမိုက်ဂိုဏ်းများရှိကြပါသေးသည်။ မထိန်းသိမ်း နိုင်သော ပြသနာ ရှာတတ်သော အလုပ်သမားများကို ထိုလူဆိုးများလက်သို့ အပ်၍ ပြန်ပို့စေခြင်းဖြစ်ပါသည်။ ကုမ္ပဏီမှ ပြန်ပို့မည်ဟု တရာဝင်အကြောင်းကြားပါက ထိုသူမှာ ထွက်ပြေးသွားပြီး စင်္ကပူတွင် over stay အဖြစ်နေ၍ အလုပ်လုပ်နေနိုင်သောကြောင့် ဖြစ်သည်။

ထို့ အပြင် ထိုသူနှင့် ပါတ်သက်သော ကိစ္စအဝဝ တို့ ကိုလည်း ကုမ္ပဏီမှ ဖြေရှင်း ပေးနေရအုံးမည် ဖြစ်သဖြင့် လူမိုက်များလက်သို့ အပ်လိုက်ခြင်းဖြစ်သည်။ ထိုလူမိုက်များကလည်း လေဆိပ်အထိ လိုက်ပို့ ပြီး ထိုသူ immigration ကျော်သွားသည်အထိ စောင့်ကြည့် ကြပါသည်။ immigration ကျော်သွားလျင် ပြန်ထွက်လာနိုင်စရာ အကြောင်းမရှိတော့ပေ။ ယခုတော့ ထိုကဲ့သို့ သော gangster လူမိုက်များ ရှိကြသေးသော်လည်း အများအားဖြင့် တော့ Night club လူဆိုးထိန်းများအဖြစ်သာ ရှိကြပါတော့သည်။

ဆိုလို သည်မှာ အခြားသူငှာများပိုက်ဆံချေးငှား၍ စင်္ကပူ သို့ စွန့်စားထွက်လာချိန် အခွင့် အရေးရပါလျက်နှင့် အသုံးမချတတ်သော ထိုသူ ကဲ့သို့သော လူများကိုလည်း တွေ့ကြုံခဲ့ရပါသည်။ သူ့ကို လူမိုက်များလက်သို့ အပ်လိုက်ချိန်တွင် ကျွန်တော့ထံသို့ ဖုန်းဆက်လာပါသေးသည်။ သူ့ကို မည်သည့် နေရာတွင် ထိန်းသိမ်းထားသည်ကို မသိနိုင်ကြောင်း ရဲ များအား အကြောင်း ကြားပေးပါရန် ပြောပါသည်။ ကျွန်တော်ကလည်း မိမိထံတွင် ဖုန်း ရှိနေသည်ပဲ ကိုယ့် ဖာသာကိုယ် ရဲခေါ်ရန်သာ ပြောခဲ့ပါသည်။

သူပြန်သွားပြီနောက် ယိုးဒယားကောင်မလေး တယောက် ကျွန်တော့ထံသို့ ဖုန်းဆက်လာပါသည်။ ထိုကောင်မလေးမှာ ထိုသူ၏ ရည်းစားဖြစ်၍ အဆောင် အနီးရှိ ၂၄ နာရီဖွင့်သော စတိုးဆိုင်မှ အရောင်း စာရေးမလေးဖြစ်သည်။ ထို ကောင်မလေးမှာ ကျွန်တော့ထံမှ ထိုသူ၏ ရန်ကုန်နေရပ်လိပ်စာ တောင်းခြင်းဖြစ်သည်။ ထိုကောင်မလေးမှာ ထိုကောင်နှင့် မခွဲနိုင်၍ ရန်ကုန်လိုက်သွားရန် ပြင်ဆင်နေခြင်းဖြစ်၍ ကျွန်တော်ကလည်း မသိကြောင်းသာပြောပြရပါသည်။ သူပြန်သွားပြီးမှ သိရသည်မှာ အခြားတော်တော်များများထံမှ လည်း ပိုက်ဆံ ချေးငှားထားကြောင်းသိရပါသည်။ ၆ လအတွင်း စင်္ကပူ တွင်လည်း ပွေရှုပ်သွားနိုင်သူဖြစ်ပါသည်။

bd1.jpg

နောက်တယောက်မှာ မောင်မောင်(အမည်လွဲ)ဟုသာ ဆိုကြပါစို့ ။ လူတိုင်းလူတိုင်းတွင် ဝါသနာ ပါ ရာ စွဲလမ်းရာ တခုခု ရှိကြသည်ကို လူတိုင်သိ ဖြစ်ပါသည်။ အချို့ က ဆေးလိပ် မသောက်ရ မနေနိုင်သူ ၊ အချို့က နေညိုလျင် လေဆန်လာတတ်သူ ကွမ်းကြိုက်သူ စသည်ဖြင့်။ ကျွန်တော်တို့ အလုပ်တွင်လည်း အလုပ်ခဏတဖြုတ်နားလျင် ကွမ်းစားတတ်သူက ကွမ်းစား ဆေးလိပ်သောက်တတ်သူက ဆေးလိပ် စသည်ဖြင့် စကားစမြည်း ပြောရင် အနားယူ ကြပါသည်။

ထို မောင်မောင်ဆိုသူ၏ ဝါသနာမှာ ငပိလျက်ခြင်းဖြစ်ပါသည်။ သူ၏ အိပ်ထောင်ထဲ တွင် မြိတ် ငပိထောင်းဘူးအဝိုင်း ကလေး အမြဲ တမ်းပါ ပါသည်။ အားလျင် ထို ငပိထောင်းဘူးလေးအား ဖွင့်၍ လက်ညှိုးဖြင့် နည်းနည်း ကော်၍ ပါးစပ်ထဲထည့် ၍ မြှုံ့နေတတ်ပါသည်။ ကွမ်းစွဲသူ ဆေးလိပ်စွဲသူများကို မြင်ဘူးနေသော်လည်း ငပိ စွဲ နေသူကိုတော့ ထို တယောက်သာမြင်ဘူးပါသည်။

နောက် တယောက်မှာ ကျော်ကျော် ( အမည်လွဲ ) ဖြစ်ပါသည်။ ကျွန်တော်သိရသလောက် ကျော်ကျော်၏ မိဘများမှာလည်း အတန်ငယ်ကြွယ်ဝကြသူများဖြစ်ပါသည်။ ကျော်ကျော်လည်း မိုက်လွန်း၍ စင်္ကပူ ရောက်လာရသူသာ။ သူကိုယ်တိုင်ကလည်း လူမိုက်အလွန် ဖြစ်ချင်သူဖြစ်သည်။ ခက်သည်မှာ သူအရပ်က တော်တော်ပုပါသည်။ ကျွန်တော့် အထင် ၄ ပေ ပင်မပြည့် ဟု ထင်ပါသည်။ မည်သို့ မည်ပုံ စင်္ကပူ ရောက်လာသည်တော့မသိပါ လူပု စိတ်တို ဆိုသည့် အတိုင်း အလွန် စိတ်တိုတတ်ပါသည်။

agy.jpg

သူ့ကို ငချွတ်ဟု ခေါ်လျင် အားရပါးရ ပြန် အော်ဆဲတတ်ပါသည်။ သူကိုယ်တိုင်ကလည်း လူအများ ရှိန်၍ လူမိုက်ပုံ ပေါက်စေရန် ဆံပင်ရှည် ဂုတ်ဝဲ ထားပါသည်။ လက်မောင်း နှစ်ဖက်တွင် ဘီလူးရုပ် တက်တူးထိုးထားပါသည်။ ထို တက်တူးလူ မြင်စေရန် အတွက် အင်္ကျီလက်ကို အမြဲတမ်းဂျိုင်းပေါ်ပင့်တင်ထားသည်။

မြင်ယောင်ကြည့် ပါ လူက ပုပု ဆံပင်ရှည်ရှည် လက်မောင်း နှစ်ဖက်တွင် အရုပ်များထိုးထားသူ ၊ ကျွန်တော့်မျက်လုံး တွင် တော့ လူမိုက် တယောက်ကဲ့သို့ မမြင်ပဲ ချစ်စရာပင်ကောင်းနေသေးတော့သည်။ ထို အချိန်တွင် ကျွန်တော် supervisor ဖြစ်နေပြီဖြစ်၍ ကျွန်တော့ကို လာတိုင်လျင် " ကိုကချင်၊ ကိုကချင့် လူတွေ ကြည့်ပြောထား ကျွန်တော် ခေါင်းရိုက်ခွဲမှ ကျွန်တော့ အဆိုးမဆိုနဲ့ " ဟူ၍ အမြဲ တိုင်တတ်ပါသည်။

သို့ သော် သူ့ကို မည်သူမျှ မကြောက်ကြပါ။ တခါတွင်လည်း သူ့သူငယ်ချင်းများနှင့် စင်္ကပူ ရှိ အနိပ်ခန်း သွားကြသောအခါ အနှိပ်ခန်း ကောင်တာမှ စားရေးမက ကလေးတွေ အနှိပ်ခန်း ပေးမဝင်ဘူးဟု ဆိုသဖြင့် ထိုအနိပ်ခန်း မှန်ချပ်ကို ရိုက်ခွဲမည် လုပ်သဖြင့် သူငယ်ချင်းများမှ မနည်း ဆွဲခေါ်လာရကြောင်းသိရပါသည်။

bw.jpg

နောက်တယောက်မှာ ကရင်လူမျိုး ဖြစ်ပါသည်။ ကို ကရင်ဟုသာ ဆိုကြပါစို့ ။ ကိုကရင်မှာ အနေအထိုင်အလွန်အေးဆေး သလောက် အရက် သောက်လာလျင် လည်း အလွန်မျက်ရည်လွယ်သူဖြစ်သည်။ ဆိုးသည်မှာ သူ့ အလွမ်းများကို နားထောင်သူရှိလျင် တညလုံး ငိုလိုက် ပြတ်သွားခဲ့ပြီဖြစ်သော ရည်စားများ အကြောင်းပြောလိုက် အလွမ်းသယ်လိုက် မျက်ရည်ကျလိုက်နှင့် မိုးလင်းအထိစကားပြောနိုင်ပါသည်။ အစ ပိုင်းတော့ ကျွန်တော်တို့ကလည်း နားထောင်း ပေးပါသည် ။

သို့ သော် ထို အကြောင်း အရာ တို့ မှာ ကြာလာလျင် မိမိ တို့ အားလုံး အလွတ်နီးပါး ရနေသလောက် ရှိနေကြပြီ ဖြစ်၍ မည်သူမျှ နားမထောင်ချင်တော့ပါ။ ကို ကရင် အရက်သောက် နေတယ်ဟေ့ ဆိုလျင် မိမိ တို့မှာ တခုမဟုတ် တခု အလုပ်ရှုပ်ပြနေရပါသည်။ ထိုသို့ မဟုတ်လျင်စောစောအိပ်။ ကိုကရင်လည်း သူ့စကားနားထောင်သူ မရှိလျင် စောစောအိပ်သွားပါသည်။ ခက်သည်မှာ ကို ကရင် တရေးနိုးလျင် အပေါ့ သွားပါတော့သည်။

သူအပေါ့ သွားသည်မှာ အိမ်သာထိ ရောက်အောင်သွားခြင်းမဟုတ် သူ့ကတင် ခြေရင်း ကုတင်တိုင်ကို သေးနှင့် ကော့ပန်းခြင်းဖြစ်ပါသည်။ အစပိုင်တွင်တော့ ကျွန်တော်တို့လည်း အလွန် စိတ်ဆိုးပါသည်။ အရက်သောက်ထားသော သေး မည်မျှနံ သည်ကိုအရက်သမားများသာ သိနိုင်ပါသည်။ သူ့အားသန့် ရှင်းရေးလုပ်ခိုင်လျင်လည်း အိပ်ချင်မူးတူးယိုင်ထိုးနေသဖြင့် မိမိတို့ကသာ သင့်တော်ရာ ပုဆိုးစုတ်များရေစွတ်၍ သန့်ရှင်းရေး လုပ်ပေးရပါသည်။

နောက်တနေ့ မနက်ရောက်လျင်တော့ လူတိုင်ကို မျက်နှာငယ်လေးဖြင့် ခွင့်လွတ်ပါမည့် အကြောင်း တောင်းပန်တတ်သည်။ ကို ကရင်မှာ နေတိုင်းမူးနေသည်တော့ မဟုတ်ပါ သို့ သော် လစာထုတ်သော ရက် ဆိုလျင်တော့ သေချာပေါက်မူးပါသည်။ နောက်ပိုင်း ကျွန်တော်တို့လည်း ကိုကရင် ဤကဲ့ သို့ အခန်းထဲတွင်သေးပေါက်နေပါက မိမိတို့ အားလုံး အခန်းပြောင်းမည်ဟု ခြိမ်းခြောက်သဖြင့် အခန်း အပြင်သို့ ထွက်၍ ပေါက်ပါသည်။ သို့ သော် အိမ်သာထဲထိ မရောက်ပါ လှေကား ခြေရင်း တွင်ကော့ပန်း ခြင်းဖြစ်ပါသည်။

bl.jpg

နောက်တယောက်မှာ အောင်အောင် ( အမည်လွဲ) ဟုသာဆိုကြပါစို့။ ထိုညီလေးနှင့် ပါတ်သက်ပြီး အတော်ကြီးသော ပြသနာကို ဖြေးရှင်းပေးခဲ့ရသဖြင့် မှတ်မိနေခြင်းဖြစ်ပါသည်။ ထိုညီလေးမှာ Singapore တွင် ပြည့်တန်ဆာ လုပ်နေသောကောင်မလေးကို ချစ်ကြိုက်မိသဖြင့် သူ့သူငယ်ချင်းများက ဆုံးမပေးပါရန် တိုက်တွန်းကြသောကြောင့် ကျွန်တော်နှင့် သိကျွှမ်းခွင့် ရခဲ့ခြင်းဖြစ်ပါသည်။ နောက်ဆောင်းပါးတွင် ဆက်လက် ဖေါ်ပြပေးပါမည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )

Sort:  

Gangster အကြောင်း စိတ်ဝင်စားတယ် ဆာ။ ယာကူဇာတွေလိုမျိုးလား ဆာ။ အစ်ကိုတစ်ယောက် ဂျပန်မှာရှိတယ်။ ယာကူဇာတွေက သိပ်ကြောက့်ကောင်းတယ်ပြောတယ်။ သူတို့နဲ့ ပတ်သက်မိရင်တော့ နောက်ဆုတ်လို့ မရတော့ဘူးပြောတယ်၊ စင်ကာပူမှာ အဲလိုပုံစံမျိုးတွေ ရှိခဲ့တာလား ဆာ။

အရင်တုန်းက ကျွန်တော်တို့ ရောက်စကတော့ လူမိုက်ဂိုဏ်း တွေရှိကြသေးတယ်။ ကျွန်တော်တို့ကလည်း အလုပ်နဲ့ အဆောင်နဲ့ပဲ ဆို တော့သူတို့တွေနဲ့ ထိတွေ့စရာ တော့ မရှိဘူးပေါ့။ ဒီဘက်နောက်ပိုင်း ကျွှန်တော် office ကို ရောက်တော့မှ အသက်ကြီးပိုင်း crane operator တွေကို မေးကြည့် တာ တော်တော် များများက အရင်တုန်းက လူမိုက်ဂိုဏ်းဝင်တွေ။ အားလုံးနီးပါး တူညီတဲ့ တက်တူး တွေထိုးထားကြတယ်။ နာမည်ကြီး တဲ့ ဂိုဏ်းတခုကတော့ ကျောကုန်းမှာ အန်းကုန်း ရုပ်ထိုးထားကြတယ်။ အရင်ကလူဆိုးတွေ အခုတော့ အဖိုးကြီးတွေ ဖြစ်နေကြပြီ။

it is wonderful and colorful life bro...

when i think about those old days , the early life in singapore was really full of shit... now then, i realize that those shitty days are coloring my future and life ....

that why you are very strong. its make us good foundation ..

Excellent work! Life, Kachinhenry

Thanks you very Much ...

လူအမျိုးမျိုး စိတ်​အ​ထွေ​ထွေပါလား

အဲဒီတုန်းကတော့ သတိမထားမိဘူးရယ်.. ခုနောက်ပိုင်း ပြန် တွေးကြည့် တော့မှ လူပေါင်းစုံ စရိုက် ပေါင်းစုံ ရယ်

အရက် သမားတွေ မူးရင်ဘာဖြစ်လို့ အိမ်သာမှာ သေးသွားမပေါက်တာလဲ မသိဘူး။
သဘောင်္ပေါ်မှာလဲ မူးရင် အိမ်သာမှာမပေါက်တော့ဘူး အပြင်ထွက်ပြီး
ပန်းတော့တာပဲ။ ဟီး။

အဲဒါတော့ မသိဘူး အစ်ကို ၊ ကျွန်တော်တို့လည်း မူးပါတယ် ... ဒါပေသိ အိမ်သာတော့ အရောက်သွား ကြတာကြီးပဲ...

I can not read your writing. just a small box box that appears in my windows windows friends. but I have upvoted and resteem your post :), @kachinhenry.

because you have helped upvote my post a few days ago. I am very grateful to you

Thanks you very much

you are welcome friend @kachinhenry

လူစုံ စရိုက်စုံ ပါဘဲဗျာ

Coin Marketplace

STEEM 0.20
TRX 0.13
JST 0.030
BTC 65641.09
ETH 3479.54
USDT 1.00
SBD 2.50