ကျွန်တော်ပြောသောစင်္ကပူ - အပိုင်း - ( ၁၈ )

in #myanmar6 years ago (edited)

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူ လုပ်ငန်းခွင် အကြောင်း ဆက်ပါအုံးမည်။ ဤဆောင်းပါးတွင် ငြမ်းလုပ်သားတို့၏ ပင်ပန်း ဆင်းရဲမှုများအား ခဏရပ်ထား၍ ကျွန်တော်တို့ သင်္ဘောကျင်းလုပ်သားများ ပြောသော broken English ခေါ် singalish အကြောင်းအား ဗဟုသုတရစေရန် အလို့ငှာ အနည်းငယ် ဖေါ်ပြချင်ပါသည်။

စင်္ကပူ သင်္ဘောကျင်းတွင် အလုပ်လုပ်ကြသော လုပ်သားများမှာ အိန္ဒိယ ၊ ဘင်္ဂလား ၊ ပြည်ကြီးတရုတ် ၊ မြန်မာ ၊ ထိုင်း ၊ မလေးရှား စသည် နိုင်ငံ အရပ်ရပ် မှ အလုပ်သမားများ စုနေသော နေရာ ဖြစ်၍ အချင်းချင်း ဆက်သွယ်မှု တွင် အင်္ဂလိပ် စကားပြောကြသည်ဆိုသော်လည်း အများအား ဖြင့် တယောက်ပြော သည်ကို နောက်တယောက် နားလည်ရန်သာ အာရုံ ထားကြသဖြင့် broken English မှာ အတော်ပင် အသုံးဝင်ပါသည်။

ထို့ အပြင် ဤသို့ အသုံးပြုကြရာတွင် အင်္ဂလိပ်စာလုံး များသာ မက မလေးရှား စကားများ တရုတ် hokkien ( ဟော်ကင်း တရုတ်စကား) စကားများပါ ညှပ်ပြောကြသဖြင့် တော်ရုံ လူသစ်များ နားမလည် နိုင်ကြပါ။ သို့ သော် မည်မျှပင် အင်္ဂလိပ်စကား မပြောတတ် သော်လည်း လုပ်ငန်းခွင် သို့ ရောက်ပြီး ၃ လခန့်ကြာလျင် broken English ကတော့ လူတိုင်းလိုလို ပြောတတ်လာကြပါသည်။

ဤသို့ ပြောကြရာတွင် သဒ္ဒါ မှန်မမှန် ဂရုစိုက်စရာမလို ပဲ မိမိပြောချင်သော အကြောင်းအရာ တဖက်လူနားလည် သွားရန်သာ အရေးကြီးပါသည်။ ဥပမာပြပါမည်။ တစုံတယောက်အား ဘယ်သွားမလို့လဲ ဟုမေးလျင် မည် သူမျှ where are you going to go ? ဟု မပြော ကြပါ။ you go where..? ဟုဆိုလျင်ပြီးပါသည်။

စားပြီးပြီလား မေးလျင်လည်း Makan finish ah..? ဟူ၍သာ မေးကြပါသည်။ ဤတွင် Makan ( မာကန်း ) ဟူသော စကားလုံးမှာ မလေးစကားဖြစ်ပါသည်။ အစားစားသည် ၊ အစားအသောက် များကို ဆိုလိုပါသည်။ အစားအသောက် မကောင်းဘူးဟု ပြောလိုလျင် Makan no good ဆိုရုံနှင့် လုံလောက်ပါသည်။

001.jpg

မိမိ အနေဖြင့် မေးခွန်း အနေဖြင့် မေးလိုလျင် စကားပြော၏ နောက်ဆုံး တွင် ah ( အာ ) ဟူသော အသံထွက်တလုံး အပို ထည့်ပေးရုံဖြင့် မေးခွန်း ဖြစ်သွားပါသည်။ ဆိုလိုသည်မှာ အလုပ်ပြီးပြီလား မေးလိုလျင် job finish ah..? ဘယ်သွားမလဲ ဆိုလျင် you go where ah..? ပြန်ဖြေသော အဖြေများ တွင် ပြီးသွားပြီ ဟူသော သဘောကို ဆိုချင်လျင် already နှင့်တွဲသုံး ပါသည်။

ဥပမာ အလုပ်ပြီးသွားပြီ ဆိုလျင် job finish already ။ သူသွားပြီ ဟုပြောလိုလျင် he go already ။ ငါ လုပ်ပြီးသွားပြီ I do already စသည်ဖြင့် ပြောကြပါသည်။ လေးနက်စေချင်သော သဘောဖြင့် ပြောလိုလျင် la (လား )ဟူသော အသံထွက်အားတွဲသုံးပါသည်။ ဥပမာ နင်သွားလုပ်ပါလား ဟု လေနက်စေသော သဘောဖြင့်ပြောလိုလျင် yo go and do la.. အမြန်ပြီးအောင်လုပ် faster do la , မဟုတ်ဘူး အဲသလို မဟုတ်ဘူး No la, not like that... အစပိုင်းတွင် နားထောင်ရသည်မှာ အတော်ကို ကသိကအောက်နိုင်လှပါသည်။

သို့သော် ကြာလာလျင် မိမိတို့လည်းအခြားသူများနှင့် တသားတည်း ဖြစ်သွားပါတော့သည်။ ဤသို့ ပြောကြရာတွင် ပြောသူကလည်း မိမိနားလည် သလိုပြောတတ်သလို ပြော ၍ နားထောင်သူကလည်း ဖြည့်စွက် တွေးပေးရပါသည်။ ဥပမာပြပါမည်။ တစုံတယောက်မှ You very big ah ? ဟု မေးလာလျင် ထုထည်ကြီးမားကြောင်း ပြောလိုချင်းမဟုတ်ပါ။ နင့်မှာ အာဏာ ပါ ဝါ ဘယ်လောက်ရှိလို့လဲ ဟူသော အမေးဖြစ်ပါသည်။

ဆိုလိုသည်မှာ this man very big ဟု ပြောလျင် သူ့တွင် အာဏာရှိသည် လုပ်ပိုင် ခွင့်ရှိသည်ဟု ဆိုလိုရင်း ဖြစ်ပါသည်။ ကျွန်တော် အထက်တွင်ဆိုခဲ့သည့် အတိုင်း စကားပြောလျင် မလေးစကားလုံးများနှင့် hokkein တရုတ်စကားလုံးများပါ ထည့်သွင်း အသုံပြုကြရာ ထိုစကားလုံးများကိုလည်း နားယဉ်နေရန် လိုအပ်ပါသည်။

ဥပမာ တစုံတယောက်က I cannot tarhant ဟု ပြောလာလျင် ငါ မခံနိုင်တော့ဘူး မလုပ်နိုင်တော့ဘူးဟု ဆိုလိုရင်း ဖြစ်ပါသည်။ Tarhant ( တာဟန့် ) ဟူသော စကားမှာ မလေးစကား ဖြစ်၍ ခံနိုင်ရည်ရှိသည် တောင့်တင်းသည် ကို ဆိုလိုပါသည်။ တစုံ တယောက်အား တောင့်ထား တောင့်ထား ဟု ပြောလိုလျင် ( ကြိုးစကို ဆွဲထားခြင်း ၊ ပစ္စည်းမကျစေရန် ကျားကန်ထားခြင်း ) လည်း tarhant ကိုသာသုံးကြပါသည်။

002.jpg

ဤတွင် ကျွန်တော် supervisor ဖြစ်လာပြီးနောက် အလုပ်သမား များ၏ ပြသနာများ ဖြေရှင်း ပေးရတိုင်း နှစ်ဖက်သော သူများ ၏ တိုင်ကြားချက်များကို နားထောင်ရပါသည်။ အန္ဒိယ ကုလား ငြမ်းအဖွဲ့မှ အဖွဲ့သား နှစ်ယောက် ရန် ဖြစ်ကြ၍ တိုင်တောကြပုံကို သူတို့ပြောသော broken English ဖြင့်ရေးပြပါမည်။ မြန်မာလို ပြန်ရေး ပြရလျင်

  • သူလည်း အိန္ဒိယကလာတာ ကျွန်တော်လည်း အိန္ဒိယကလာတာ ၊ တနယ်တည်းသားတွေ
  • ဒီလူက ဘာကိစ္စ အော်ဟစ်ဆဲ ဆိုပြီ အာဏာ ပြချင်ရတာလဲ
  • နောက်တခါ ကျွန်တော့ကို အော်ရင် ၁ မီတာ ရှိတဲ့ ပိုက်လုံးနဲ့ အဲဒီကောင် ခေါင်းကို ရိုက်ခွဲ ပြီ ကျွန်တော် အိန္ဒိယ ပြန်မယ်

ဟူသော အဓိပ္ပါယ် သက်ရောက်ပါသည်။ ထိုအပြောအား သူပြောသော broken English နှင့်ရေးပြရလျင်

-This man India man , I also India man , same same

  • why this man working time sound many many , why this man so big ah..?

  • Next time this man sound many many , I 1 Meter pipe take hamtam this man head , I go back India

This man ဆိုသည်မှာသူ မကျေနပ်သော တဖက်လူအား ပြောခြင်း ဖြစ်ပါသည်။ sound many many ဆိုသည်မှာ shouting အော်ပြောသည်ကို မသုံးတတ်၍ sound many many ဟူ၍ သုံးပါသည်။ Hamtam ( ဟမ်းတမ်း) ဟူသောစကားမှာ မလေးစကားဖြင့် ထုရိုက်သည် ရိုက်နှက်သည်ကို ဆိုလိုခြင်း ဖြစ်ပါသည်။

003.jpg

ဤမျှလောက်ဆိုလျင် ကျွန်တော်တို့ စင်္ကပူ သင်္ဘောကျင်း အလုပ်သမားတို့ ပြောကြသော broken English ကို အနည်းငယ် သဘောပေါက်လောက်မည်ဟု ထင်ပါသည်။ ဤတွင် စကားကြုံ၍ အသုံး အနှုန်း စကားလုံး တူသွားသောကြောင့် ပြသနာ ကြီးကြီးမားမားတက်ခဲ့ရသော အဖြစ်အပျက်တခုကို ဖေါ်ပြပေးလိုပါသည်။

ကျွန်တော်၏ အရေးအသား ရိုင်းသွားလျင် ဗဟုသုတ ရစေရန်အလို့ငှာ ဖေါ်ပြရခြင်းသာ ဖြစ်၍ အရေးအသားများအတွက် ကြိုတင်တောင်းပန်အပ်ပါသည်။ ကျွန်တော် Supervisor ဖြစ်လာပြီး နောက်ပိုင်းတွင် PY2 ဟူသော သင်္ဘောကျင်း အသေးလေးအား စီမံအုပ်ချုပ်ရပါသည်။ ထိုသင်္ဘောကျင်းတွင် ကျွန်တော့ container office တခုရှိသလို ငြမ်းစတို တခုလည်း ရှိပါသည်။

ကျွန်တော့ လက်အောက်တွင် အခြား supervisor ၃ ယောက်ရှိ၍ မြန်မာ၊ ဘင်္ဂလား ၊ အိန္ဒိယ အလုပ်သမား ၅၀ ခန့်ရှိပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်၏ ငြမ်းစတိုတွင် လက်တို လက်တောင်း ခိုင်းရန် " စိုးမိုးအောင်" ဟူသော မြန်မာ ကောင်လေး တယောက်အား ခန့်ထားခဲ့ပါသည်။

စိုးမိုး မှာ ယခင်က ငြမ်းအလုပ်သမား ဖြစ်သော်လည်း ကိုယ်ခန္ဓာ သေးငှက်၍ အလုပ်ကြမ်း ပင်ပန်းဒါဏ် မခံနိုင်သောကြောင့် မည်သည့်အဖွဲ့မှ သူ့အား မလိုချင်ကြ၍ ကျွန်တော့ အနေဖြင့် ငြမ်းစတိုတွင် လက်တို လက်တောင်း ခိုင်းရန် အလုပ်ပေးထားရခြင်း ဖြစ်ပါသည်။ စိုးမိုးမှာ ပျော်ပျော် နေတတ်၍ အစအနောက် သန်သူလည်း ဖြစ်သောကြောင့် သူ့အားလူတိုင်း ချစ်ကြပါသည်။

တရက်တွင် ကျွန်တော့ ငြမ်းစတိုတွင် ထားရန် အမှိုက်ပုံး လိုအပ်၍ ရုံးချုပ်သို့ တောင်းသောအခါ ရုံးချူပ်မှ workshop ရှိ drum ပုံးများအား ဆေးသုတ်၍ အမှိုက်ပုံး အဖြစ် အသုံးပြုရန် အကြောင်း ပြန်လာပါသည်။ ကျွန်တော်လည်း စိုးမိုး အား ခေါ်၍ ရုံးချုပ် workshop ရှိ ဒီဇယ် ပီပါပုံး အဟောင်း ၄ လုံး အား ၂ လုံးကို ဆေး အဝါ သုတ်၍ ၂ လုံး အား ဆေးအညိုရောင်သုတ်ရန် ဆေးပုံးများ ထုတ်ယူပြီး အလုပ်ပေးထားခဲ့ပါသည်။

004.jpg

အကြောင်းမှာ သင်္ဘောကျင်းတွင် တွေ့ကရာ အမှိုက်ပုံးတွင် အမှိုက်ပြစ်၍ မရပါ။ သံတိုသံစများအား အညိုရောင် အမှိုက်ပုံး တွင် ထည့်၍ အဝါရောင်မှာ ပလားစတစ် နှင့် အခြားသော အမှိုက်သရိုက်ထည့်ရန် အတွက် ဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်လည်း စိုးမိုးအား ဆေးသုတ်ရန် အလုပ်ပေးထားခဲ့ပြီး ရုံးချုပ်မှ သင်္ဘောကျင်းသို့ လမ်းလျှောက်ပြန်လာခဲ့ပါသည်။

သင်္ဘောကျင်း ရောက်၍ ၁၀ မိနစ်ပင်မရှိသေး HR မှ ကျွန်တော့အား ရုံးချုပ်သို့ အမြန်လာခဲ့ရန် ခေါ်ပါတော့သည်။ စိုးမိုး အား သူဌေး မိန်းမ ဖြစ်သူမှ မြန်မာပြည်သို့ ပြန်ပို့ရန် ပြောနေကြောင်းလည်း ပြောပြပါသည်။ကျွန်တော်လည်း ခေါင်း နပန်းကြီးသွားပါတော့သည်။ စိုးမိုးအား ရုံးချုပ် workshop တွင် အလုပ်ခိုင်းထားသည်မှာ နာရီဝက်ပင် မပြည့်သေး ပြသနာ တက်ချေပြီ။

ကျွန်တော်လည်း ရုံးချုပ်သို့ အမြန်ပြေးရပါတော့သည်။ HR ရုံးခန်းတွင် စိုးမိုးမှာ မျက်နှငယ်လေး နှင့် ထိုင်နေ၍ ကျွန်တော် က ဖြစ်ကြောင်းကုန်စင်မေးသောအခါ " မသိပါဘူး ကိုကချင်ရာ ...ရုံးမှာ သန့်ရှင်းရေး လုပ်တဲ့ မိန်းမကြီးက ကျွန်တော်ဘာလုပ်နေလဲ လာမေးပြီး သူ့ဖာသူ ဒေါသထွက်သွားတာ ၊ ပြီးတော့ HR လာခေါ်တာပဲ " ဟူ၍ ရှင်းပြပါသည်။

အမှန်မှာ သူဌေး မိန်းမ မှ သူဆေးသုတ်နေ၍ ဆေးစက်များ တမံတလင်း ပေါ်သို့ ကျနေသောကြောင့် အောက်တွင် သတင်းစာခံ၍ ဆေးသုတ်ရန် ပြောလိုရင်း ဖြစ်ပါသည်။ သို့သော် သတင်းစာ ခင်းရန် အထိမရောက်ပါ။ သူဌေး မိန်းမမှ သူ့အား what are you doing ဟု မေးပါသည်။ စိုးမိုးကလည်း I am painting စည်ပိုင်း ဟု ပြန်ဖြေပါသည်။

ထို့နောက် သူက နောက်ပြောင်လို၍ you want painting စည်ပိုင်း ? ဟု ပြန်မေးပါသည်။ ထိုအမေးတွင် သူဌေး မိန်းမက ဒေါသထွက်သွားခြင်း ဖြစ်ပါသည်။ စိုးမိုး အနေဖြင့် သူဌေး မိန်းမ ( သူဌေး ၏ ဇနီး ) မှန်းလည်း မသိပါ။ သူ့ အထင် ရုံးတွင် သန့်ရှင်းရေး လုပ်သော မိန်းမကြီးဟု ထင်နေပါသည်။ ဖြစ်မှ ဖြစ်ရလေ။ သူ့အနေဖြင့် ပီပါပုံး အား drum ဟူ၍ မပြောတတ်သဖြင့် မြန်မာ အသံထွက် အတိုင်း I am painting စည်ပိုင်း ဟု ပြောလိုက်ခြင်း ဖြစ်ပါသည်။

ဤ " စည်ပိုင်း " ဟူသော အသံထွက်ကြောင့် ပြသနာ ဖြစ်ရခြင်း ဖြစ်ပါသည်။ အကြောင်းမှာ စည်ပိုင်း ဟူသော မြန်မာ အသံထွက်သည် hokkein တရုတ်စကား အနေဖြင့် ( မရိုမသေ့စကား ) အမျိုး သမီး ယောနိ ကို ဆိုလိုခြင်း ဖြစ်ပါသည်။ စိုးမိုးအနေဖြင့် သူဌေး မိန်းမအား you want painting စည်ပိုင်း ? ဟူ၍ ပြန်မေးသည် ဆိုတော့ စာဖတ်သူ မိတ်ဆွေသာ လျင်စဉ်းစားကြည့်ပါလေ.... တာရိုက် အဓိပ္ပါယ် ပြန်ရလျင် " နင့်ယောနိကို ဆေးသုတ်ချင်လို့လား " ဟူသော အဓိပ္ပါယ်သက်ရောက်သွား၍ သူဌေး မိန်းမ မှ စိုးမိုးအား မိုက်ရိုင်းသည်ဟူ၍ ဒေါသထွက်သွားရခြင်း ဖြစ်ပါသည်။

005.jpg

ကျွန်တော်လည်း သူဌေး မိန်းမအား ထိုအသံထွက် အကြောင်းနှင့် စိုးမိုး အနေဖြင့် drum ပုံး အား မခေါ်တတ်သောကြောင့် သာ ဖြစ်ရကြောင်း သေချာ ရှင်းပြရပါတော့သည်။ ထို့နောက် သူဌေးမိန်းမက ပြုံး၍ သွား သွား အလုပ်သွားလုပ်ကြဟူ၍ မောင်းထုတ်ပါတော့သည်။ ထို့နောက် သူဌေးမိန်းမက workshop တွင် သတင်းစာအဟောင်းများရှိကြောင်း နှင့် တမံတလင်း မညစ်ပတ်စေရန် သေချာဆေးသုတ်ရန် မှာကြားပါသည်။

ရုံချုပ်အပြင် ဘက်ရောက်မှ သက်ပြင်းချနိုင်ပါတော့သည်။ စိုးမိုးအောင် အားလည်း မည်သို့ စိတ်ဆိုးရမှန်း လည်းမသိပါ။ ရယ်ချင်နေပါတော့သည်။ ထို့ နောက်စိုးမိုးအား " မင်း စကားအများကြီး မပြောနဲ့ ဆေးသုတ်ပြီးရင် သင်္ဘောကျင်း စတို ပြန်လာခဲ့ " ဟုသာ မှာကြားထားခဲ့ပါသည်။ စိုးမိုးကတော့ မျက်လုံး ကလယ်ကလယ်နှင့်။

နောက်တနေ့ အစည်းအဝေးတွင် မြန်မာ အလုပ်သမားများအား စိုးမိုးအောင် ၏ အဖြစ်အပျက်အကြောင်း ရှင်းပြ၍ မိမိမသိ သော စကားလုံးများဖြင့် စကားပြောဆင်ခြင်ရန် သတိပေးရပါတော့သည်။ " စည်ပိုင်း " ဟူသော စကားအသုံး အနှုန်းကို သိသူများကတော့ ဝါလုံးကွဲ ရီကြပါတော့သည်။ စိုးမိုးအောင်လည်း ထိုနေ့က စပြီ စိုးမိုးအောင်ဟူ သော အမည် ပျောက်၍ " စည်ပိုင်း " ဟူသော အမည်ပြောင် တခု ရသွားပါလေတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

I also want to paint စည်ပိုင်း for ဘယ်သူ့ လက်ဆောင်ပေးရင်ကောင်းမလဲ ။

ဆေးသုတ်ပြီး ကိုယ့်ဖာသာကိုယ် သိမ်းထားပါကွယ်။ ရေ ထည့်လို့ရတာပေါ့။

အဟီးဟီး ကိုစိုးမိုးရဲ့ စည်ပိုင်း ဇာတ်လမ်းလေးတော့ စွဲသွားပီဗျို့ ။ ဒီလို အရပ်တကာက ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တွေ့ကြရာမှာ သံတူကြောင်းကွဲတွေ ဖြစ်တတ်တာ မှတ်သားရပါတယ်ဗျာ။

ဒီလိုပဲ ကိုရွှေဘိုရေ... ပြသနာတက်ချင်ရင် ကြံဖန်ပြီး ပြသနာတက်တာရယ်။

သားလုပ်ခဲ့ရတာတွေလည်း မလွယ်ပါလား
ကိုယ့်မှာလည်း မောင်လေးတယောက်ထဲရှိတာ နိုင်ငံခြားနေတာ B Pyae တသက်ရှိတော့မယ် ။ အစစ အရာရာ သတိထားလုပ်ပါကွယ် ။ မိမိစုမိတဲ့အတိုင်းအတာတခုရရင် ကိုယ့်ဆီပြန်လာ လုပ်ကိုင်စားသောက်ပါလို့ လဲ မခေါ်ရက်ဘူး ။ ကိုယ့်နိုင်ငံဖွံဖြိုးမှုက အားမရ ။

take care my son

အဲလိုပဲ အန်တီရေ.... ကိုယ်နိုင်ငံ တိုးတက်မဲ့ အချိန်စောင့်ရင်း စောင့်ရင်း စင်္ကပူမှာ ၁၅ နှစ်ပြည့်တော့မယ်

တခါတည်း မရိုက်လိုက်တာကံကောင်းတယ်မှတ်ရမယ်

စင်္ကပူမှ အလုပ်သမားတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခွင့် မရှိလို့ သက်သာသွားတာပေါ့။ မဟုတ်ရင်တော့ သေချာပေါက် ရိုက်ခံရမှာ။

တော်​​သေးလို့​ပေါ့ ကိုစိုးမိုး​အောင်​​​ရေ ကိုဟင်​သာရှင်းမပြရင်​​သေပြီ😂😂

မရှင်းပြလို့ကလည်း မရဘူးလေ... ပြသနာက သေးသေးလေး မှမဟုတ်တာ.. ပြန်ပို့မယ် လုပ်နေပြီဆိုတော့။

အင်း ကိုယ်ကအကောင်းပြောပေမဲ့ ဘာသာစကားမတူတော့ ဝေါဟာရ ကွဲလွဲတာက နားလည်မှုလွဲကုန်တာပေါ့ သတိထားစရာတွေပေါ့

ယောက်ျားလေး တယောက်လာမေးရင် ပြသနာ မဖြစ်နိုင်ပေမယ့် လာမေးတဲ့ သူက အမျိုးသမီး ဆိုတော့ ....

ဟားးးတော်သေးတာပေါ့ သူဌေးမက လက်ခံသွားလို့ မဟုတ်လို့ကတော့ ကိုစည်ပိုင်းကတော့ မြန်မာပြည်တန်းပြန်ရမှာ။သူများနိုင်ငံမှာ အလုပ်လုပ်ရတာ လွယ်တော့ မလွယ်ဘူးနော်

ပြသနာတက်ချင်တော့လည်း ကြံဖန်တက်တာပေါ့။

ဟားး သူ့စည်ပိုင်း ဆေးသုတ်မလား မေးခံရတော့ သူဌေးကတော်တင်းပြီပေါ့ ဖတ်ရင်း ခွီးနေရတယ် ကိုဟင်ရာ။

ယောက်ျားလေး တယောက်လာမေးရင် ပြသနာ မဖြစ်နိုင်ပေမယ့် လာမေးတဲ့ သူက အမျိုးသမီး ဆိုတော့ ....

ကိုဟင်တို့ များ အတွေ့ အကြုံတွေကို ဗဟုသုတရော ဟာသရော အစုံအလင်ရေးတတ်ပဗျာ

အဲဒီတုန်းကတော့ ခုလို steemit မှာ ဆောင်းပါးရေးရအောင် ကုန်ကြမ်း ရနေတယ်လို့ မထင်ဘူးပေါ့။ ပြသနာပေါင်း သောင်း ခြောက်ထောင်။

Broken english မှာ အခန့်မသင့်ရင် နားလည်မှု လွဲနိုင်သော်လည်း
E skill မကျွမ်းသူအချင်းချင်း အတွက် အသုံးဝင်လှပေသည်။

တကယ်ကို အသုံးဝင်တာပါ။ broken English လောက်မှ မပြောတတ်ရင်လည်း အလုပ် လုပ်လို့ကို မရတာရယ်။

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63402.76
ETH 2554.52
USDT 1.00
SBD 2.66