ကျွန်တော်နှင့် စာဖတ်ခြင်း ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်တို့ ၏ MSC promotion ကလည်း ဝေဝေဆာဆာ ဖြင့် ပြန်လည် အသက်ဝင်လာသည်ကိုကြည့်၍ ကြည်နူးရပါသည်။ ယခင်ကဲ့သို့ ချောက်တီး ချောက်ချက် မဟုတ်တော့ပါ။ post များကလည်း ကော်မန့် များ ဝေဝေဆာဆာဖြင့် အားရစရာ ကောင်းနေပါသည်။ စာရေးအား ကောင်းလာကြသလို ရေးကွက်လည်း လှကြပါသည်။

အချစ် ၊ သုတ ၊ ရသ စသည် စသည်တို့ကို ကြိုးစား၍ ရေးထားကြသည်မှာ အားရစရာကောင်းပါသည်။ ကျွန်တော့ အနေဖြင့် ဤ steemit platform ဖြင့် မတွေ့မှီ ဤကဲ့သို့ စာ ၊ ဆောင်းပါးများ ရေးသာ ရန် စိတ်ကူးမရှိခဲ့ပါ။ စာဖတ်ဝါသနာ တော့ပါခဲ့ပါသည်။ ကျွန်တော့ တသက်တာတွင် စာမေးပွဲတွင် ဖြေရသော စာစီစာကုံး မှ လွဲ၍ ကိုယ့်စိတ်ကူး စိတ်သန်း ဖြင့် ရေးသောစာမှာ ရည်စားစာ ဖြစ်မည်ဟု ထင်ပါသည်။ သို့သော် တမျက်နှာပြည့်အောင်ပင် မရေးဘူးပါ။ ဒီအထဲ ဟိုစာအုပ်ထဲက ကူးချ ဒီစာအုပ်ထဲက ကူးချ ဖြင့် ပင်ပြီးရပါသည်။

( သက်ကိုဇော် ကတော့ ဗလာစာအုပ် ၃ အုပ် ကုန်အောင် ရေးဘူးသည်ဟု ပြောပြဘူးပါသည်။ ဒီလူကြီး အရင်ကတည်းက စာရေးကောင်း ပုံရသည်။ ဤကာစကားချပ်) ဆိုတော့ ကျွန်တော့ တွင် တနေ့ဤသို့ စာ ၊ ဆောင်းပါးများ ရေးရမည်ဟူ၍ စိတ်ကူးထဲတွင် နည်းနည်းလေးမှ မရှိခဲ့ပါ။

ကျွန်တော့ အတွက်တော့ steemit Platform တွင် စာ၊ ဆောင်းပါးများ ရေးသားနိုင်ခြင်းမှာ စာဖတ်ထားသော အခံရှိခြင်း တနည်းအားဖြင့် စာဖတ်ဝါသနာပါခြင်းကြောင့် ဖြစ်ဟန်တူပါသည်။ ကျွန်တော့ မိဘများ မှာ ပညာရေး ဝန်ထမ်းများ ဖြစ်သောကြောင့် လောမသိ အဖေ ကော အမေပါ စာဖတ်ပါသည်။ ကျွန်တော်သိသလောက် အမေကတော့ မဂ္ဂဇင်း များ ဖတ်၍ အဖေကတော့ ကျွန်တော်မှတ်မိသလောက်တော့ သတင်းစာ အဖတ်များပါသည်။ ယခုထိလည်း တနေ့လျင် အနည်းဆုံး သတင်းစာ ၂ စောင်နှင့် ဂျာနယ် ၁ စောင် လောက်တော့ ဖတ်နေသေးသည်။

01.jpg

ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ မောင်နှမများ စာဖတ်တတ်သော အရွယ်သို့ ရောက်လာသော အခါ အမေက တပါတ်တခါ ရွှေသွေးစာ စောင် ဝယ်ပေးပါသည်။ ထိုအချိန်တုန်းကတော့ အိမ်နှင့် မြို့ဈေးမှာ ဝေးလွန်းလှ၍ တပါတ်တခါ ဈေးသွားသော အချိန် မှ ရွှေသွေးဖတ်ရပါသည်။ ထို့နောက်တော့ မင်္ဂလာမောင်မယ် ၊ တေဇ ၊ မိုးသောက်ပန်း စာစောင်များ ဝယ်လာတတ်ပါသည်။

ကျွန်တော် မှတ်မိသလောက် ကျွန်တော်၏ ငယ်ပေါင်းကြီးဖေါ် ကာတွန်းဇတ်ကောင်များ ပြောပြရလျင် အလွန်များပါသည်။ အစောဆုံး ကာတွန်းဇတ်ကောင် ကိုပြောရလျင် နှင်းနှင်းလေး နှင့် ရေမြင်းလေး ဖြစ်မည်ထင်ပါသည်။ ထို့နောက် ကာတွန်းသူရ ၏ ဘယ်ကျော် ( ယခုထိကြိုက်ပါသည် ) မောင်တီထွင် ၊ ဘဲဥ ၊ ဖိုးဆိတ်ဖြူ စသည် တို့ ဖြစ်မည်ထင်ပါသည်။ ကျွန်တော် ၄ တန်းနှစ် လောက်ရောက်သော အခါ ကာတွန်းစာအုပ်ကို အတော်စွဲနေပါပြီ။

ပထမဆုံး သဘောကျခဲ့သော ကာတွန်းစာအုပ်မှာတောပျော်လေး ဟူသော တာဇံ ကာတွန်းစာအုပ်ဖြစ်ပါသည်။ ကာတွန်းဆရာကို တော့ မမှတ်မိတော့ပါ။ ထို့နောက် တွတ်ပီ၊ ဦးပြောင်ရှင်း ၊ မောင်ပူစီ၊ ပျံလွား ၊ နောက်ချန်ထားခဲ့၍ မရသော ဇာတ်ကောင်တခုမှာ သမိန်ပေါသွပ်ဖြစ်ပါသည်။

ကာတွန်း ဖေသိန်း၏ ပုံပမာ ကာတွန်း များ အားလည်း စွဲလမ်းခဲ့ပါသည်။ ထို့နောက် တဆင့်တက်၍ အခြားသော ကာတွန်းများလည်း ဖတ်တတ်လာပါသည်။ ထိုအချိန်တုန်းကတော့ အဓိက ကာတွန်းစာအုပ်ငှား ဖတ်သူမှာ အစ်မကြီး ဖြစ်၍ ကျွန်တော်တို့ အငယ်များ အတွက်လည်း ကာတွန်းစာအုပ်များ ငှားလာပေးတတ်ပါသည်။ ကျွန်တော်မှတ်မိနေသေးသော ကာတွန်းစာအုပ်တခုမှာ ကာတွန်းသော်က ၏ အရိုင်း ဇာတ်ကောင်နှင့် အမေ ဟူသော အထူးထုတ် ကာလာကာတွန်း ဖြစ်ပါသည်။

02.jpg

ဆိုခဲ့သည့်အတိုင်း ကာတွန်းပိုးမှာ မောင်နှမလေးယောက်လုံးတွင် ပါသည်ဖြစ်ရာ တယောက်ပြီးမှ တယောက် စောင့်၍ ဖတ်ရ ၊ လု၍ ဖတ်ရသည်မှာ ပျော်စရာကောင်းပါသည်။ ထို့နောက် ကျွန်တော့အစ်မများ၏ ကျောင်းလွယ်အိတ်မှ ကာတွန်းစာအုပ်များ ခိုးဖတ် တတ်လာပါသည်။

သူတို့ ဖတ်သည်ကတော့ အများအားဖြင့် ရုပ်ပုံ လှလှလေး ပါသော အချစ် ကာတွန်းများ ဖြစ်၍ စိတ်ဝင်စားစရာမကောင်းပါ။ အဆိုးဆုံးမှာ ကာတွန်းစံရွှေမြင့် ဖြစ်ပါသည်။ ဇာတ်ကောင်မှာ ခေါင်းလောင်း ဘောင်းဘီ ဝတ်၍ အမြဲတမ်း အသဲကွဲနေသူ။ သို့သော် မောင်နှမအားလုံး ဝေမျှ ဖတ်ကြသော ကာတွန်းမှာ ဒီရဲဂျာနှင့် တွတ်ပီ ဖြစ်ပါသည်။

ထိုအချိန်တုန်းကတော့ ကာတွန်း ဒီရဲဂျာ နှင့် ကာတွန်း ကျော်အောင်မော်ကို အလွန်သဘောကျပါသည်။ ကျွန်တော်တို့ မောင်နှမများအားလုံး ကြိုက်သော နောက်ထပ်ကားတွန်း တခုရှိပါသေးသည်။ မိုးကြိုး အရိန္ဒမာ ၏ ချက်ကြီး ဖြစ်ပါသည်။ ထိုမိုးကြိုး အရိန္ဒမာ ၏ ကာတွန်းများအား နောက်ပိုင်းတွင် ရှာမတွေ့တော့ပါ။ စာအုပ် အဟောင်းတန်းများတွင်ပင်ရှာမရတော့ပါ။

ဆိုခဲ့သည့် အတိုင်း ထိုအရာများမှာ ကျွန်တော်၏ ငယ်ဘဝ ဖြတ်သန်းခဲ့ရသော ငယ်ပေါင်းကြီးဖေါ်များ ဖြစ်ကြပါသည်။ ထို့ နောက် ၇ တန်း နှစ်ခန့် ရောက်လာသောအခါ ဝတ္ထု စာအုပ်စွဲလာပါတော့သည်။ ထိုအချိန်တုန်းကတော့ သိုင်းဝတ္ထုများ ခေတ်စားနေသည် ဖြစ်ရာ သိုင်းဝတ္ထု ၅ အုပ်တွဲ ၆ အုပ်တွဲ တခါတရံ ၁၂ အုပ်တွဲ များအထိ အရူးအမူ ဖတ်ခဲ့ပါသည်။

03.jpg

ကျွန်တော် ရန်ကုန် ရောက်၍ ၈ တန်းနှစ် ကျောင်းတက်သောအခါ ပထမဦးဆုံး စုံထောက် ဝတ္ထု ဖတ်ဖြစ်ပါသည်။ အိုင်အို နန်းထိုက်နှင့် ပရောဖက်ဆာ ဒေါက်တာထင်ရှား ဖြစ်ပါသည်။ ထို့ နောက် ထိုကာတွန်း အငှား ဆိုင်မှပဲ မင်းသင်္ခဖြင့် မိတ်ဆက်ပေးပါသည်။ ကျွန်တော် ပထမဦးဆုံး ဖတ်ရသော မင်းသင်္ခ ဝတ္ထုမှာ ဆားပုလင်း နှင်းမောင်နှင့် မမင်းဖြူမှန်မှန်ပြော... ကြိုက်လိုက်သည်မှာ ဘယ်နှစ်ခါပြန်ဖတ်မှန်းမသိ။

ထို့နောက်တော့ မင်းသင်္ခ စာအုပ်များသာ အရူးအမူး ရှာဖတ်ပါတော့သည်။ မြေလျှောက်ဝိဇ္ဇာ ရွှေမြသာ နှင့် ပုဏ္ဏား ဘကွန်း ဖတ်ပြီးနောက်ပိုင်းတော့ မှန်သည်ကို ဝန်ခံရလျင် ကျွန်တော့ ဘဝတွင် မင်းင်္သခ ၏ ဇာတ်ကောင်စရိုက်များ က လွမ်းမိုးထား ပါတော့သည်။

မဟုတ်မခံ စိတ် ၊ အမှန်တရားကို မြတ်နိုးသော စိတ်၊ ကြိုးစားရုန်းကန်လိုစိတ် ၊ စူးစမ်းလေ့လာလိုသော စိတ် စသည်စသည် ဖြင့် အတော်လေး လွမ်းမိုးထားခဲ့ပါသည်။ ကျွန်တော် ၁၀ တန်းနှစ် ရောက်သောအခါ ကျွန်တော့ အစ်မများက Top English, Light English, English for All စသော အင်္ဂလိပ်စာ လေ့လာသော မဂ္ဂဇင်း များဖြင့် မိတ်ဆက်ပေးပါသည်။

အင်္ဂလိပ်စာ လေ့လာရင်း ဖြင့် ကျွန်တော့ အတွက် အမြတ်ထွက်ခဲ့သည်မှာ ဘာသာပြန်စာပေဖြစ်ပါသည်။ ပထမဆုံး ဖတ်ဖြစ်သည်မှာ ရော်ဘင်ဆင် ကရူးဆိုး ဖြစ်၍ ထို့နောက်တော့ ဆရာမြသန်းတင့် နှင့် ဆရာ ရွှေဥဒေါင်းတို့ ၏ လွမ်းမိုးမှုကို ခံရပါတော့သည်။ အထောက်တော် လှအောင် ၊ မောင်ထွန်းသူ တို့ပါ အဆစ်ပါလိုက်သေးသည်။

04.jpg

ကျွန် တော် ၁၀ တန်းအောင်၍ အဝေးသင်တက်ရင်း အလုပ်လုပ်နေသောအခါ ဗုဒ္ဓစာပေနှင့် တွေ့ရပါသည်။ ထိုယခင်ကတော့ ဆရာပါရဂူ ၊ ဆရာချစ် ဦးညို တို့၏ ဗုဒ္ဓဝင် နောက်ခံ ဝတ္ထုများကို ဖတ်နေခဲ့သော်လည်း ဗုဒ္ဓ ဘာသာ ၏ အနှစ်သာရဖြစ်သော တရားတော်များကို မဖတ်တတ်ခဲ့ပါ။ ပါဋိ များပါ၍ ဖြစ်ဟန်တူပါသည်။

ကျွန်တော့ မန်နေဂျာ ဖြစ်သူ " ဦးဇော်ညွန့် " ဆိုသူမှာ ကျွန်တော်အားလျင် စာအုပ် တကိုင်ကိုင် ဖြင့် စာဖတ်ဝါသနာပါသည်ကို သိသောကြောင့် တရက်တွင် ကျွန်တော့အား " ကချင် ၊ သားသည်စာအုပ်ကြိုးစား ဖတ်ကြည့် အရမ်းကောင်း တယ် " ဟူ၍ စာအုပ်တအုပ်ပေးပါသည်။ ထိုစာအုပ်မှာ ဆရာဦးရွှေအောင်၏ ဓမ္မပဒ ဖြစ်ပါသည်။

ဆရာဦးရွှေအောင်၏ အရေးအသားကောင်းပုံမှာ ဗုဒ္ဓ တရားတော်များအား ကျွန်တော်ကဲ့သို့ လူဗြိန်းများပင် အလွယ်တကူ နားလည် နိုင်ပါသည်။ ထို ဓမ္မပဒ စာအုပ်မှ အခြေခံပြီး ဒါနကထာ ၊ သီလကထာ၊ သဂ္ဂကထာတို့ကို နားလည်လာရပါသည်။ ထို့နောက်တွင်တော့ အခြားသော ဗုဒ္ဓဘာသာ စာပေများအား အခက်အခဲမရှိ ဖတ်လာနိုင်ပါတော့သည်။

ထို့နောက်တော့ ဦးရွှေအောင် ၏ စာအုပ်များနှင့် ဓမ္မာစရိယ ဦးဌေးလှိုင် ၏ စာအုမ်များ က ကျွန်တော့ စာအုပ်စင်တွင် နေရာယူလာကြပါတော့သည်။ ဤ တွင် စာဖတ်သူ မိတ်ဆွေ အနေဖြင့် ခရစ်ယန်ဘာသာ ဝင်တယောက်က ဗုဒ္ဓ ဘာသာ စာပေ များ ဖတ်နေသည်ကို အံ့သြ ကောင်း အံ့သြနေပါလိမ့်မည်။

မအံ့သြပါနှင့်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက မင်္ဂလာမောင်မယ် စာစောင်နှင့် ထိတွေ့ခွင့်ရခဲ့သဖြင့် " ကောသလ အိမ်မက် ၁၆ ချက် ၊ အောင်ခြင်း ရှစ်ပါး နှင့် ဗုဒ္ဓဝင် ဇာတ်တော်များအား ငယ်ငယ်ကတည်းကပင် ရင်း နှီးနေပြီး ဖြစ်သည့် အပြင် ကျွန်တော့ မိဘများကလည်း ဗုဒ္ဓဘာသာ စာပေ ဖတ်ခြင်းကို မတား မြစ်ပါ။

05.jpg

ခရစ်ယန်ဖြစ်သည့် အလျောက် ကျွန်တော်တို့ အိမ်တွင် ညစဉ် မိသားစု စုံညီ ဘုရားရှိခိုးရပါသည်။ ဘုရားရှိခိုးပြီးနောက် ညအိပ်ယာမဝင်ခင် ကျွန်တော့ အမေဖတ်သောစာအုပ်မှာ ကျွန်တော်ဝယ်ထားပေးသော မေတ္တာရှင် ရွှေပြည်သာ၏ " ယုံမှတ်၍ ပုံအပ်ကြသူများ " ဟူသော စာအုပ်ဖြစ်ပါသည်။

ထို့အတူ ကျွန်တော် စင်္ကပူရှိ ချမ်းမြေ့ ကျောင်းတိုက်တွင် တပါတ်တခါ တရားအားထုတ်နေကြောင်း ကျွန်တော့ အစ်မလတ် သိသောအခါ စာအုပ်တအုပ် ဝယ်ပေးပါသည်။ "အနာဂါဏ် ဆရာသက် " ဟူသောစာအုပ်ဖြစ်ပါသည်။ ကျွန်တော် စင်္ကပူရောက်ပြီး သင်္ဘောကျင်းတွင် အလုပ်လုပ်နေသောအခါ စာဖတ်အားကျသွားသော်လည်း သင်္ဘောကျင်းမှ ထွက်ပြီး ကုမ္ပဏီ အလုပ်လုပ်သောအခါ စာဖတ် မပျက်သွားခဲ့ပါ။

ကျွန်တော့ဘဝတွင် အလုပ်မှ ခွင့်ယူပြီး ဖတ်ခဲ့ရသော စာအုပ် ၂ အုပ်ရှိပါသည်။ တအုပ်မှာ ဆရာရွှေဥဒေါင်း ၏ " ဘဝတသက်စာ မှတ်တမ်း " ဖြစ်၍ နောက် တအုပ်မှာ " မင်းဒင်၏ သက်ခိုင် " လေးအုပ်တွဲ ဖြစ်ပါသည်။ စဖတ်ပြီးနောက် မပြီးမခြင်း လက်ပေါ်မှ ချ၍ မရသဖြင့် အလုပ်မှ ခွင့်ယူပြီး ဖတ်ခဲ့ရခြင်း ဖြစ်ပါသည်။ ယခုနောက်ပိုင်းတွင်တော့ အင်တာနက်မှ ဒေါင်းလုပ် လုပ်ယူထားသော PDF စာအုပ်များ အများအပြား ရှိသော်လည်း လက်မှ တရွက်ချင်းလှန်ဖတ်ရသော စာအုပ်လောက် မနှစ်သက်မိပါ။

တနေ့ နေ့ တချိန် ချိန် Steem ဈေးကောင်းလာလျင် တော့ စာလေး ဖတ်လိုက် စာလေး ရေးလိုက် ဖြင့် အေးအေးလူးလူး နေနိုင်မည်ဟု စိတ်ကူးယဉ်မိပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original source

Author : Henry Aung ( Kachin )
MSC : 001

Sort:  

မင်းဒင်၏သက်ခိုင်မှာ ဆရာ့အကြောင်းတစ်ပိုင်းတစ်စပါနေမှာပါ၊ အကောင်းတော့မဖြစ်နိုင်ပါ။

ကိုဟင် စာတွေ အများကြီး ဖတ်ဖြစ်တာဘဲ ကျွှန်တော်တို့ ဖတ်ဖြစ်တာ အတော်နည်းတယ် ။ ကိုဟင်နောက်ဆုံးပြောသလို စာလေးဖတ်လိုက် ကိုယ်ရေးချင်တာလေး ရေးလိုက်နဲ့ steem ဈေးတွေ ကောင်းပါစေ ။

အစ်ကို့ အိမ်မက်က ကိုယ်ပိုင် အိမ်တလုံး ပိုင်နိုင်ဖို့ ရယ် ကိုယ်ပိုင် စာကြည့်ခန်း တခု ပိုင်ဆိုင်နိုင်ဖို့ရယ်....

စာဖတ်ခြင်းအစ ရွှေသွေးကဆိုလည်း မမှားပါဘူး ကိုဟင် ကျမတို့ငယ်ငယ်က ရောင်စုံလေးတွေ ဝေဝေဆာဆာနဲ့ ရွှေသွေးစာစောင်လေးတွေကို နှစ်သက်ခဲ့ဖူးပါတယ်။ အရွယ်ရောက်လာတော့ ဒဂုန်ရွှေများ ရွှေဥဒေါင်း မင်းသိင်္ခ ဂျာနယ်ကျော် မမလေးနဲ့ ဘာသာပြန်စာပေထဲက လေရူးသုန်သုန် နေပြည်တော် မျှော်တိုင်းဝေးစသဖြင့် စုံနေအောင်ကို ဖတ်ဖြစ်ပါတော့တယ်

မှန်တယ် ညီမလေး.... အစ်ကိုက အိမ်က ရွှေသွေးတွေ တင်မကဘူး ကျောင်းစာကြည့်တိုက်ကပါ သွား လှန် လှော်ဖတ်တာ။ နောက်တခုက ကျောင်းစာကြည့်တိုက်က သုတစွယ်စုံလို စာအုပ်ငှားပေးတာပဲ။ အခုတော့ အဲ စနစ်ရှိသေးလားမသိဘူး။

အစ်‌ကိုဖတ်‌ခဲ့တာ‌တွေက မြန်‌မာစာ‌ပေ‌လောကရဲ့ အ‌ကောင်းဆုံး‌တွေချည်‌ပါဘဲ။ဖတ်‌အား‌ကောင်း‌တော့ အ‌တွေးအ‌ခေါ်‌တွေ ‌ကောင်းတာမဆန်း‌တော့ပါဘူး။

ဒီလိုပဲ ကိုမဟော်... အခုနောက်ပိုင်းတော့ စာအုပ်ဖတ်ရင် အမှာစာ အရင်ကြည့်တာပဲ။ အမှာစာ မှာကြိုက်မှ ဖတ်ဖြစ်တော့တယ်။

စာဖတ်တဲ့သူဟာ..ဘယ်ဘာသာဝင်ဘဲဖြစ်ဖြစ်..အခြားသောသူများရဲ့ယုံကြည်ခြင်းတွေကိုနားလည်ပေးတတ်လာတယ်..အမှန်တရားကိုလက်ကိုင်ပြုလာခြင်းနှင့်အတူ..ရိုးသားမူ့တွေ..ကြိုးစားအားထုတ်မူ့တွေ..ဆိုတာ..ယှဉ်တွဲပါလာတယ်...ဒါကြောင့်လေ..အခုခေတ်ကလေးတွေကို.စာအရမ်းဖတ်စေချင်တယ်..စာဖတ်လား..မဖတ်လားဆိုတာ.
စကားပြောကြည့်လိုက်တာနဲ့အရမ်းသိသာတယ်..

မှန်တယ် အန်တီ.... ဒီဘက်ခေတ် ခလေးတွေ စာအုပ်တွေနဲ့ ဝေးလာကြလို့များ ဒုစရိုက်၊ ဆေးသမား တွေပေါလာကြသလား တောင်ထင်မိတယ်။

ကျွန်တော်လည်း ဆယ်တန်း အထိ စာစီစာကုံးရေးတာ သုံးမျက်နှာရခဲ့ရင် ထီပေါက်သလောက် ပျော်ရပါတယ် ရေးဟန်ကတော့ မူလတန်း အဆင့်သာသာရယ်ပါ အခုတော့ ဘယ်က ဘယ်လိုရေးမိမှန်း မသိဘူး စာပုဒ်တွေထွက်လာတာ မနည်းဘူး ရေးလက်စတွေရော အတွေးစ တွေရော ရှုပ်နေတာပဲ 😊 @aggamun

ဒီလိုပါပဲ... ရေးရင်းရေး ရင်းနဲ့ လက်သွက်လာကြတာပဲ...

ဟုတ်ကဲ့

ယခင်က ဆရာကြီးမင်းသင်္ခ၊ မြသန်းတင့် ၊ ဒဂုန်ရွှေမြှား၊ ဘာသာပြန်တွေ ဖတ်ခဲ့ရာမှ လွန်းထားထား၊ နွမ်ဂျာသိုင်း၊ နီကိုရဲ၊ အကြည်တော်၊ တာရာမင်းဝေ...နောက်တော့ ဆရာညီညီနိုင်နှင့် အောင်မြင်ရေးတတ်ကျမ်း ဘာသာပြန်ပေါင်းစုံ ဖတ်ဖြစ်ခဲ့ပါတယ်။ တတ်ကျမ်းတွေ
ဖတ်ပါများလာတော့ စာရေးဆရာ ဖြစ်ချင်စိတ်၊ စာရေးချင်စိတ်ပဲ
ရှိနေခဲ့ပါတယ်။ အချိန်ရတိုင်းလည်း စာဖတ်စာရေးပဲ လုပ်နေခဲ့မိတယ်။
ခုတော့... Steemit စသုံးစွဲကတည်းက စာအုပ်တွေ ဖတ်တာ မရှိ
သလောက် ဖြစ်ခဲ့ပါတယ်။ steemit ပေါ်က စာတွေ ဖတ်ရင်း
မန့်ရင်းဖြင့် အချိန်ကုန် ၊ အချိန်လုနေခဲ့ရပါတယ်။ ခုချိန်ထိလည်း
စာအသစ်များ သိပ်မရေးဖြစ်ခဲ့ပါ...ရေးပြီးသား အဟောင်းများသား
ရေးတင်နေခဲ့ပါသည်။ မိမိထက်သာသော ရသစာပေ ရေးအားကောင်းသော သူများကိုလည်း MSC တွင် တွေ့မြင် ဖတ်ရှုနေရသည်ကိုတော့ ဝမ်းသာမိပါသည်။

ဟုတ်တယ်ကို ဟိန်းရေး... စာ ရေးဆရာ မဟုတ်ကြပေမယ့် အရေးအသားကောင်းကြတယ်.. အားကျလိုက်ပါဘိ။

အခုမှ စာအုပ်စင်ကြီးမြင်လိုက်သလိုခံစားရတယ်ဗျာ။ ကျနော်ငယ်ငယ်က သမိန်ပေါသွပ်က အကြိုက် အစွဲ ကာတွန်းစီးရီးပေါ့ဗျာ။ အဲလို ဟာသတွေအဖတ်များလို့လားမသိဘူး ကျနော်ရေးသမျှ ဟာသဆန်ဆန်လေးတွေ ပဲရေးတတ်တော့တယ်။ နောက်တော့အရွယ်နဲနဲရလာတော့ ဖတ်တာတော့အစုံပါပဲ အဲ သိုင်းဝတ္ထုလဲ စွဲလိုက်သေးဗျာ အကြိုက်ချင်းတူတဲ့သူတွေ ဒီစတီးမစ်ပလက်ဖောင်းမှာ လာစုနေလား အောင့်မေ့ရတယ်။ ဒီနောက်ပိုင်းတော့ စာစုံ လိုင်းစုံဖတ်တော့တာပါပဲ စာဖတ်တာ အရှိန်ပျက်သွားတာကတော့ ၈ လေးလုံး သပိတ်ဖြစ်ပီးနောက်ပိုင်း အရှိန်ပျက်သွားတော့တာပဲ။

မှန်တယ်ကို ရွှေ... ကျွန်တော် လည်းစာစုံ ဖတ်ခဲ့တာ... လက်ဝဲ စာပေတွေတောင်ပါ သေး... အခုတော့ စာအုပ်ရွေးဖတ်နေရပြီ။

ငယ်တုန်းကတော့ စံရွှေမြင့်၊ ဒီရဲဂျာ၊ရာမ သူတို့ရဲ့ ကာတွန်းတွေ အရမ်းကြိုက်ခဲ့တာ၊ နောက်တော့ ရွှေဥဒေါင်းဝတ္ထုတွေအသဲစွဲ၊ အခုတော့ သိပ်မဖတ်နိုင်တော့ပါဘူး

မှန်တယ်... အခုနောက်ပိုင်းတော့ စာအုပ်ကို ရွေးပြီး ဖတ်ဖြစ်တော့တယ်။

ကချင်ဖတ်ခဲ့သောစာအုပ်များစွာသည်အမလည်းဖတ်နေကြစာအုပ်များနှင့်တိုက်ဆိုင်စွာတူနေတာများပါသည်စာများများဖတ်ခြင်းသည်အသိဥာဏ်ဗဟုသုတရစေပါသည်

ဟုတ်ကဲ့ ... ကျွန်တော်တို့ ခေတ်က စာအုပ်အငှားဆိုင်တွေ ခေတ်ကောင်းတဲ့ အချိန်ဆိုတော့... ပြီးတော့ အခုလို social media မရှိသေးတဲ့အချိန်ဆိုတော့ စာအုပ်ကို ထွက်ပေါက် တခုအနေနဲ့ ဖတ်ကြတာနဲ့တူပါတယ်။

Coin Marketplace

STEEM 0.28
TRX 0.13
JST 0.032
BTC 60385.11
ETH 2889.75
USDT 1.00
SBD 3.65