ကျွန်တော်နှင့် ဧရာဝတီအတွေးများ - အပိုင်း(၅) ( Henry Aung )

in #myanmar6 years ago

henry Aung.jpg

မင်္ဂလာပါ။ ကျွန်တော်၏ ဧရာဝတီ မြစ်အတွေးများအား ဆက်ပါအုံးမည်။ ယခင်ဆောင်းပါးများတွင် ဧရာဝတီ မြစ်ရေကျချိန်နှင့် ရေကြီးချိန်တို့တွင် ငါးဖမ်းခဲ့ရသည့် အကြောင်းများ ဖေါ်ပြပေးခဲ့ပြီးဖြစ်ပါသည်။ ဧရာဝတီ မြစ်အတွင်းရှိ နောက်ထပ်စား၍ ရသော အကောင်ပလောင်များအား ဆက်လျက်ဖေါ်ပြပေးပါမည်။

မြစ်ရေတက်ပြီးနောက် ပြန်ကျလာချိန်တွင် မြစ်အတွင်း၌ အကောင်တမျိုး ရှိပါသည်။ ထိုအကောင်နာမည်အား မပြောပြတတ်ပါ။ ထိုအကောင်ကလေးမှာ dragon fly ခေါ် ပုစဉ်း ကောင် ဖြစ်လာမည့် အကောင် ဖြစ်ပါသည်။ နုစဉ် အခါက ရေထဲတွင် ရှိ၍ အချိန်တန်အရွယ်ရောက်လာလျင် မြစ်ရေအောက်မှ ထိုးထွက်နေသော သစ်ပင်များ ကိုင်းပင်များ ပေါ်သို့ တက်၍ ထိုအကောင်လေးမှ ပုစဉ်ကောင် ဖြစ်သွားပါသည်။

ပိုးတုံးလုံးဘဝမှ လိပ်ပြာကောင် ဖြစ်သည်နှင့် ဆင်တူပါသည်။ ဖေါ်ပြပါ ထိုပုစဉ်းဖြစ်မည့် ရေပိုးကောင်လေးမှာ အလွန်စား၍ ကောင်းပါသည်။ ရေကျချိန်တွင် ဇာခြင်ထောင်များဖြင့် တိုက်လိုက်လျင် အများအပြားရတတ်ပါသည်။ ကြော်စားလျင် ပုရစ်စားရသည်နှင့် တူ၍ အလွန်စိမ့်ပါသည်။ ထိုအကောင်ကလေးများမှာ ရေထဲတွင် ငါးများကဲ့သို့ လျင်မြန်စွာ ကူးခတ်တတ်သည့် အကောင်များမဟုတ်၍ ဖမ်းရလည်း လွယ်ပါသည်။

ထိုအကောင်လေးများမှာ ကျန်သည့် အချိန်တွင် ဖမ်း၍ မရပါ။ မြစ်ရေကြီး ပြီးနောက် ရေတဖြေးဖြေး ပြန်ကျလာသည့် အချိန်တွင်သာ ငါးသေးငါးနုပ်များနှင့် အတူ ဖမ်းရတတ်ပါသည်။ နောက်ထပ် ဧရာဝတီ မြစ်နှင့် ပါတ်သက်၍ စား၍ရသော အင်းဆက်တမျိုးမှာ အင်ဘူဘာ ဟူသော အကောင် ဖြစ်ပါသည်။

01.jpg
ပုစဉ်းမဖြစ်မှီ ရေထဲ၌ ရှိသောပိုးကောင်ပုံ Original Source

02.jpg
ပုစဉ်းကောင်အဖြစ် ဖြစ်ပေါ်လာစဉ် Original source

အင်ဘူဘာ ဟူသည်မှာ ကချင်စကား မဟုတ်ပါ။ မည်သည့်ဘာသာစကားမှန်း မသိပါ။ သို့သော် ထိုအကောင်အား အင်ဘူဘာ ဟုသာ ခေါ်ကြပါသည်။ ရေထဲတွင် နေသော အကောင်မဟုတ်ပါ။ အကောင်၏ ပုံစံမှာ ပိုးစိမ်းကောင် ပုံစံဖြစ်၍ အခွံမာသော အတောင်ရှိပါသည်။ ယခင်ဆောင်းပါးများတွင် ဖေါ်ပြခဲ့သော ဧရာဝတီ မြစ်လယ်ရှိ မြေနုကျွန်းတွင် ညနေ နေဝင်ရီတရော အချိန်တွင် အများအပြား ဖမ်းယူရရှိတတ်ပါသည်။

February လနှောင်းပိုင်း ကိုင်းကျွန်းများမှ သီးနှံများ ဆွတ်ခူး ပြီးချိန်တွင် ထိုအကောင်အား ဖမ်းယူရရှိတတ်ပါသည်။ တနှစ်လုံးတွင် ထိုတချိန်တည်း တပါတ် နှစ်ပါတ်ခန့် ထိုအကောင်များ မိတ်လိုက်ချိန်တွင် ဖမ်းယူရပါသည်။ ဆိုလိုသည်မှာ ညနေနေဝင်ရီတရော အချိန်တွင် မြေနုကျွန်း၏ ကိုင်တောများတွင် ထိုအကောင်လေးများ ကိုင်းပင်များပေါ်တွင် အစုလိုက်အပြုံလိုက်မိတ်လိုက်ကြ၍ ဒီအတိုင်းပင် ကောက်ယူကာ ရေဖြည့်ထားသော ပုံးထဲတွင် ကောက်ယူထည့်ရပါသည်။

ပျံသန်းနေသော အကောင်များအားလည်း သစ်ကိုင်းများဖြင့် ရိုက်ချယူနိုင်ပါသည်။ ထို အင်ဘူဘာကောင်များ ထွက်သော အချိန်တွင် ထိုမြေနုကျွန်းတွင် အင်ဘူဘာဖမ်းသူများဖြင့် စည်ကားနေလေ့ရှိသည်။ တဖက်ကမ်း မိုင်းနားရွာမှ ရှမ်းများလည်း လှေဖြင့်ကူးလာ၍ ဖမ်းကြပါသည်။ ညနေ ၆ နာရီခန့်မှ စဖမ်းလိုက်သော အင်ဘူဘာမှာ ည ၈ နာရီခန့်တွင် ဖမ်း၍ မရတော့ပါ။ အကြောင်းမှာ မိတ်လိုက်ပြီးသွားလျင် သဲ အတွင်းသို့ ပြန်တိုးဝင်သွားသောကြောင့် ဖြစ်ပါသည်။

ရလာသည့် အင်ဘူဘာ ကောင်များအား ကိုကင်တိုက်လှော်၍ တံစို့ထိုးကာ နေခြောက်လှန်း ပြီး ရက်ရှည် စားကြပါသည်။ ထိုအကောင်များအား ဒီအတိုင်း အကောင်လိုက်စားကြသလို အများအားဖြင့်တော့ ငရုတ်သီး ထောင်းစားကြပါသည်။ ကျွန်တော် ဗီယက်နမ် နိုင်ငံရောက်စဉ်က ထိုအင်ဘူဘာ ကောင်များအား လမ်းဘေး ဈေးတွင် ရောင်းနေသည်ကို တွေ့ခဲ့ရပါသည်။ အောက်ပြည်အောက်ရွာတွင်တော့ ရှိသည်လားမသိပါ။

03.jpg
အင်ဘူဘာကောင်များ Original Source

ကချင်ပြည်နယ်တွင်ပင် မြစ်နှင့်နီးသော ကိုင်းကျွန်းရှိသည့်နေရာတွင်သာ ထိုအင်ဘူဘာကောင်များ အားတွေ့ရလေ့ရှိပါသည်။ အခြားစား၍ ရသော နောက်ထပ် အင်ဆက် တမျိုးမှာ ပုရစ်ဖြစ်ပါသည်။ ဧရာဝတီ မြစ်ကမ်း တောက်လျှောက် ကမ်းဘားများ သောင်ပြင်များ တွင် ပုရစ်တွင်းများ အများအပြား ရှိပါသည်။

ပုရစ်တူးရသည်မှာ ခက်ခက်ခဲခဲမဟုတ်ပါ။ မြေကျင်းဆိုလျင် ရေခပ်ထည့် ၊ သဲကျင်းဆိုလျင် တူရွင်းငန်းပြားဖြင့် တူးယူရပါသည်။ ရေကလည်း ဝေးဝေးလံလံ သွားခပ်စရာမလိုပါ။ ဧရာဝတီ မြစ်အား ရေပုံး၊ ဂါလံပုံးဖြင့် သွားခပ်ယူရုံသာ။ ကျွန်တော့အနေဖြင့် ပုရစ်ကြိုက်သူ ဖြစ်သဖြင့် ဈေးတွင် ရောင်းသော ပုရစ်များအား ဝယ်ယူ စားဘူးပါသည်။

သို့သော် ဧရာဝတီ မြစ်ကမ်းဘေးရှိ မြေအောင်းပုရစ်များလောက်စားမကောင်းပါ။ မြေအောင်း ပုရစ်များမှာ အကောင်လည် ပိုကြီးသလို အသားလည်းပို ကျစ်၍ နီကျင်ကျင် အရောင်ရှိပါသည်။ နောက်တမျိုးမှာ ဝါးပိုးကောင် ဖြစ်ပါသည်။ ဝါးပိုးဟု ခေါ်ရာတွင် ဝါးဆစ်အားခွဲလိုက်၍ ထွက်လာသော ပိုးတုံးလုံး သေးသေးရှည်ရှည်မြော များ အထွေးလိုက်ကို မြင်ယောင်မိပါလိမ့်မည်။ ထိုဝါးပိုး မဟုတ်ပါ။ ကျွန်တော် ပြောသော ဝါးပိုးမှာ ဝါးနု အထိပ်ပိုင်းတွင် ရှိနေသော ဝါးညွန့် အတွင်းမှ ပိုးတုံးလုံး တုတ်တုတ်ကြီး ဖြစ်ပါသည်။

လူကြီး လက်မခန့် ရှိသော ထို ဝါးပိုးမှာ အလွန်စား၍ ကောင်းပါသည်။ ဖမ်းယူနည်း မှာ ဝါးနု ( လူသုံး လေးရပ် ခန့်သာ ရှိသေးသော ဝါးပင် ) အား ပင်ခြေရင်းမှ ကိုင်လုပ်လိုက်လျင် ထိပ်ပိုင်းမှ ဝါးညွန့် လေး တပေခန့်လောက် ကျိုးကျလာပါသည်။ ဝါးပိုး စားထားသောကြောင့် ကျိုးကျလာခြင်း ဖြစ်ပါသည်။ ဝါးပိုးမရှိပါက မည်မျှ ကိုင်လှုပ်လှုပ် မကျိုးကျပါ။ ထိုကျိုးကျလာသော ဝါးညွန့်အား ခွဲကြည့်လိုက်လျင် အထဲတွင် ပိုးတုံးလုံး ဝါးပိုးကောင်အား တွေ့ရပါသည်။ ဤကဲ့သို့ ဝါးနု များလိုက်ကိုင်လှုပ် ၍ ဝါးပိုး များရှာရာတွင် တခုသတိထားရသည်မှာ ကျိုးကျလာသော ဝါးညွန့် မိမိ ခေါင်းပေါ်သို့ မကျစေရန် သတိထားရခြင်း ဖြစ်ပါသည်။

04.jpg
ဝါးပိုးကောင် Original Source

ရရှိလာသော ဝါးပိုးများအား ကြော်စားရသည်မှာ အလွန်အရသာရှိပါသည်။ သို့သော် ယခု အချိန်တွင်တော့ ထိုဝါးပိုး တုတ်တုတ်ကြီးအား ကြည့်ရုံသာ ကြည့်၍ ပါးစပ်ထဲ မထည့်ရဲ တော့သည်ကတော့သေချာပါသည်။ ဆိုခဲ့သည့် အတိုင်း ဧရာဝတီ မြစ်တောက်လျှောက် ကမ်းပါးများတွင် ဝါးရုံပင်များ ရှိကြရာ ဝါးရုံများလည်း တခုနှင့် တခု ဆက်နေ၍ တောတခုသဖွယ် ဖြစ်နေလေ့ရှိပါသည်။ ကျွန်တော်တို့ အိမ်တွင်လည်း မျိုးမတူသော ဝါးရုံ အများအပြားရှိပါသည်။ ထိုဝါး အမည်ပေါင်းစုံအား မရေးပြတတ်ပါ။

ဤ ဝါးရုံများ မည်မျှ ထူထပ်သနည်း ဆိုလျင် တောကြောင် များ ပင်ရှိပါသည်။ ဧရာဝတီ မြစ်သို့ အသွား ဝါးရုံပင်များကြားမှ ကောက်ညှင်း ပေါင်းနံ့ရလျင် သေချာပေါက် ထိုဝါးရုံးတွင် ကြောင် နံ့သာ ရှိနေပါပြီ။ အိမ်သို့ ပြန်သွား ။ သူငယ်ချင်းများ သွားခေါ် ။ လက်နက်ကရိယာ ယူ ။ လက်နက်ဟု ဆိုရာတွင် လောက်လေးခွအား ဆိုလိုပါသည်။

ကျောင်းတက်လျင် စာအုပ် ခဲတံထည့်သော လွယ်အိတ်မှာ ကျောင်းပိတ်လျင် လောက်စာလုံးထည့်သော အိတ်ဖြစ်သွားပါတော့သည်။ ဆိုခဲ့သည့် အတိုင်း သူငယ်ချင်း သုံးလေးယောက် နှင့် အိမ်ရှိ ခွေးသုံးကောင် ခေါ် ထို ကောက်ညှင်းပေါင်း နံ့ရသော ဝါးရုံသို့ လစ်ကြပါလေပြီ။ အိမ်တွင် ရှိသော ခွေးသုံးကောင်ကလည်း ခေါ်စရာပင်မလိုပါ။ သခင် လောက်လေးခွ အိတ် ကိုင်လိုက်သည်နှင့် အနောက်မှ အမြီး တနှံနှံနှင့် လိုက်လာပါတော့သည်။

ထို ကြောင်ရှိသော ဝါးရုံသို့ ရောက်လျင် ခွေးသုံးကောင်မှာ ဝါးရုံ ကို ပါတ်ဝိုင်း၍ ထိုးဟောင်ပါတော့သည်။ ကြောင်ကလည်း ခွေး ကြောက်၍ ဝါးရုံပင် ထိပ်ဖျားသို့ ပြေးတက် ပါတော့သည်။ ဤ ကြောင်ဖမ်းနည်းမှာ ကြောင်အား နောက်ဆုံး ဝါးရုံ ပင် အထိ မျှား ခေါ်ရပါသည်။ အောက်တွင် ခွေးရှိ၍ ဆင်းမလာတော့ပါ။

ကျွန်တော်တို့က ဝါးရုံပင်ပေါ်တက်၍ လောက်လေးခွဖြင့် ပြစ်လျင် နောက်ဝါးရုံ တခုသို့ ခုန်ကူးသွားပါသည်။ ဤ နည်း ဖြင့် နောက်ဆုံး ဝါးရုံ အထိ ခြောက်၍ ခေါ် ။ နောက်ဆုံး ခုန်ကူးစရာ ဝါးရုံ မရှိတော့လျင် ကျွန်တော်တို့က ဝါးရုံပေါ်တက် ။ ဝါးပင်ပေါ်တက်ရသည်မှာ အလွန်လွယ်ပါသည်။ အောက်ခြေတွင် ရှုပ်ထွေးနေသလောက် အပင်မြင့်လာလေ ဝါးပင်တွင်ရှိသော ဝါးဆစ်များမှ ဝါးကိုင်း များပေါ် ခြေနင်း ၍ တက်သွားရုံသာ ဖြစ်ပါသည်။

ဝါးရုံ ပင် ထိပ်ဖျားထိ မတက်နိုင်လျင် တဝက်ခန့်အထိ တက်၍ ကျကျ နန နေရာယူကာ ထို ဝါးရုံထိပ်ဖျားသို့ ရောက်နေသော ကြောင်အား လောက်လေးခွဖြင့် ဝိုင်း ပြစ်ပါတော့သည်။ ကြောင်လည်း ပြေးစရာ ဝါးရုံပင် မရှိတော့၍ ဝါးရုံပင် ထိပ်ဖျားမှ မြေကြီးပေါ်သို့ ခုန်ချပါတော့သည်။ အတော်မြင့်ပါသည်။

05.jpg
Original Source

ထိုကြောင် မြေကြီးပေါ်သို့ ရောက်လျင် ကျန်သည့် တာဝန်ကတော့ ခွေးသုံးကောင်၏ တာဝန်သာ ဖြစ်ပါသည်။ မည်သည့် အကောင်ပလောင်မှ ကျွန်တော့ ခွေးသုံးကောင်၏ ပါးစပ်မှ လွတ်ရိုးထုံစံမရှိပါ။ ကြောင်ရလာလျင် ဧရာဝတီ မြစ်ဘေး ကိုင်းတောများကြား ချောင်ကျသောနေရာ မီးပုံဖို ၍ ကြောင်ဖုတ်စားကြပါတော့သည်။ ခွေးတဝက် လူတဝက်။

ဤ အကောင်ပလောင် သတ် ၊ သားသတ် ငါးဖမ်း နှင့် ပါတ်သက်၍ ငယ်ငယ်က စိတ်ကြမ်းကိုယ်ကြမ်း ဝါသနာ ပါခဲ့သလောက် ကျွန်တော် ရန်ကုန် ရောက်၍ ဗုဒ္ဓဘာသာ စာပေများ ဖတ်တတ်လာသော အခါ ဝဋ် ဟူသော အကြောင်းအရာ များ နားလည် တတ်လာ၍ ထို သားငါး သတ်သော စိတ်ရိုင်းများ အတော် လျှော့ပါးသွားခဲ့ပါသည်။

လွန်ခဲ့သော February လအတွင်းက ကျွန်တော့ မင်္ဂလာဆောင် အကြို နေ့တွင် ဆွေမျိုးများ စုံ၍ ဝက်သတ်စား ကြသောအခါ ကျွန်တော်မကြည့်လို၍ အခြားနေရာသို့ ထွက်သွားခဲ့ပါသည်။ ဝက်သတ်သည်ကို မကြည့် လို၍ ကျွန်တော်ထွက်သွား ကြောင်း ဆွေမျိုးများ သိသောအခါ ဝိုင်းရယ်ကြပါသည်။ အကြောင်း မှာ ကျွန်တော်၏ ငယ်ဘဝအကြောင်း စုံ မည်မျှ သားသတ် ၊ ငါးသတ် ဝါသနာ ပါခဲ့သည်ကို သိ၍ ဝိုင်း ရယ်ကြခြင်း ဖြစ်ပါသည်။

ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png
Author : Henry Aung ( Kachin )
MSC : 001

Sort:  

ငယ်ငယ်က အကောင်ပလောက်တွေ သတ်ရာမှာ ကံမပါလာခဲ့တော့ ကိုယ်တိုင် ဖမ်းသတ်စားတာ မရှိခဲ့သလောက်ပဲ။ ကိုဟင်ကတော့ အတော်စုံခဲ့ ထင်ပါ့။ ပုံထဲက အကောင်တွေတော့ အကောင်လိုက် မစားရဲတာတော့ အမှန်ပဲဗျ 😁😁

Posted using Partiko Android

အကောင်လိုက်မစားပဲ ငရုတ်သီးထောင်ကျွှေးရင်တော့ စားမယ်ပေါ့။ အမှန်ကတော့ အဲဒီပိုးကောင်တွေကို အရှေ့တောင်အာရှမှာ တော်တော်လေး စားနေကြတယ်။အထူးသဖြင့် ထိုင်း ၊ ဗီယက်နမ် ၊ ကမ်ဘောဒီးယား

တစ်မျိပြီးတစ်မျိုး မရိုးနိုင်အောင်ဖတ်ကောင်းတယ်ဗျို့။
ဝါးပိုးက ကျွန်တော်တို့ငယ်စဉ် မုန့်ပြားသလက် မုန့်ကြော်ရန် ထင်းဝယ်သည့် ဝါးစည်များအတွင်း မြင်ဘူးပါသည်။ ဖိုးလမင်းကောင်ဟု ကျွန်တော်တို့က
ခေါ်သည်။

ဖိုးလမင်းကောင်ဆိုတာ အင်ဘူဘာကို ပြောတာလား..?

ဝါးကို ဓားနဲ့ ခွဲလိုက်ရင် ဝါးခြမ်းထဲက ထွက်လာတဲ့ ဖြူဖြူတုတ်တုတ် အကောင်းလေးတွေကိုပြောတာ ကိုဟင်

အင်ဘူဘာ က စားလို့ရမှန်း မသိခဲ့ဘူးရယ်။ တောင်ကြီးမှာ တခါတလေ တွေ့မိသလိုပဲ။ နာမည် ဘယ်လို ခေါ်မှန်း လည်း မသိဘူးရယ်။
ဝါးပိုးတော့ စားဖူးတယ်။
ဝါးပိုးနဲ့ ဘီယာဆိုရင် ရှယ်ပဲ
😊

တောင်ကြီးလာရင် တွေ့ပြီလေ... ဝါးပိုးနဲ့ ABC နဲ့။

မယုံဘူးဗျာ မယုံဘူး

အာ့ဒီအကောင်တွေ စားဖို့နေနေ သာသာ မြင်တာနဲ့ကို ကြက်သီး ဖြန်းဖြန်းထတယ်

စားလို့ကောင်းပါတယ်ဆို

ခုတော့ ဖြင့် ကြောက်သင့်တာကို ကြောက်တတ်သွားပြီပေါ့။ :)

Posted using Partiko Android

ကြောက်တာရယ်လို့တော့ မဟုတ်ပါဘူး ၊ အသက်ပါတဲ့ သတ္တဝါချင်းတူ ကိုယ်ချင်းစာ တတ်လာတယ်လို့ပဲ ပြောရမလား .... ရည်ရွယ်သား နဲ့ ပံ့သကူသား ခွဲခြားလာတယ်ပဲ ပြောရမလား ...ကိုယ်တိုင်သတ်ချင်စိတ်မရှိတော့တာကို ဆိုလိုတာပါ။

မုဆိုးအကြီးစားကြီးဟ ကျား​တွေ ဒါ​ကြောင့်​​တော​ပြောင်းကုန်​တယ်​​နေမယ်
ကျ​နော်​ လည်းအတူတူပဲမြင်​သားကြားသားမစားရဲဘူး

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.030
BTC 61180.45
ETH 2409.35
USDT 1.00
SBD 2.62