ကျွန်တော် ပြောသော စင်္ကပူ - အပိုင်း ( ၂၄ ) ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော်၏ မပြီးဆုံးနိုင်သေးသော စင်္ကပူ လုပ်ငန်းခွင် အတွေ့အကြုံများအား ဆက်ပါအုံးမည်။ သည်းခံ၍ သာဖတ်ကြပါကုန်။ ယခင်ဆောင်းပါးတွင် ကျွန်တော်တို့ အားလပ်ရက်တွင် ဂုံးကောင်များ ချက်၍ အရက်နှင့်မြည်းကြကြောင်း ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။
ဤကဲ့သို့ ထိုပန်းခြံ အတွင်းမှ ရေအိုင်အတွင်းရှိ ဂုံးကောင်များ နှိုက်ယူ ဟင်းချက်စားကြ၍ ကျွန်တော်တို့ ကောင်းမှုကြောင်း အခြား မြန်မာများကလည်း ကြုံလျင်ကြုံသလို ဂုံးကောင်များ သွားနှိုက်ကြပါသည်။ သို့သော် ဘယ်နေရာရောက်ရောက် နောက်လူများအတွက် မကြည့်ပဲ မိမိတို့ လုပ်ချင်ရာသာလုပ်တတ်ကြသော မြန်မာတို့မှာ ထိုဂုံးကောင်များ နှိုက်ယူပြီး အခွံခွာ အသားထုတ်ယူပြီးနောက် အခွံများအား လက်စ မဖျောက်ပဲ ဒီအတိုင်း ကမ်းစပ်တွင် ဖြန့်ကျဲထားခဲ့သဖြင့် ပန်းခြံတာဝန်ရှိသူများ ရိပ်မိသွားကြပါတော့သည်။
ထို့နောက် ထို ဂျောင်ကျသော ရေစပ် အနီးတဝိုက်တွင် CCTV များ တပ်ဆင်ထားလိုက်ကြပါတော့သည်။ ဤသို့ CCTV များ တပ်ဆင်လိုက်တော့မှသာလျင် ထိုရေအိုင် အတွင်းရှိ ဂုံးကောင်များလည်း အသက်ချမ်းသာရာ ရသွားကြပါတော့သည်။ ဆိုခဲ့သည့် အတိုင်း အားလပ်ရက် ဒုတိယနေ့တွင် ကျွန်တော်တို့ကလည်း ဘယ်သွား ဘယ်လာကြမည်ကို ထပ်တိုင်ပင်ကြပါသည်။
နေ့တိုင်းလည်း အရက်သောက်နိုင်ကြသည်မဟုတ်၍ ဂုံးသွားနှိုက်ရန်လည်း စိတ်ကူးမရှိပါ။ ဇမ်ကြီး၏ အကြံပေးချက်အရ ဒီအတိုင်း ရောက်ချင်သည့် နေရာရောက် လမ်းလျှောက်၍ လေ့လာရေး ခရီးထွက်ကြရန် ပြင်ဆင်ကြပါတော့သည်။ အမှန်ဆိုလျင် စင်္ကပူ နိုင်ငံတွင် လည်ပတ်စရာ နေရာ အများအပြားရှိသော်လည်း ထိုနေရာသို့ ရောက်ရန် ကားစီး၊ ရထားစီး သွားရသဖြင့် ပိုက်ဆံ မကုန်သော လမ်းလျှောက် လေ့လာရေး ထွက်ရန် တိုင်ပင်ကြခြင်း ဖြစ်ပါသည်။
ကျွန်တော်တို့ လေးယောက်လည်း အဆောင်တွင် ခွေနေရန် မည်သူမျှ စိတ်မကူးကြပါ။ လက်အငြိမ် မနေနိုင် ခြေအငြိမ် မနေနိုင်ကြသူ များ ဖြစ်ကြသည့် အတိုင်း ယခင်နေ့ကဲ့သို့ပင် ထမင်းထုပ်များ ကျောပိုးအိတ် အတွင်းသို့ ထည့်၍ အဆောင်မှ ထွက်ပြီး ကားလမ်းအတိုင်း ရောက်တက်ရာရာ လျှောက်သွားကြပါသည်။
ထိုနေ့က လျှောက်သွားကြသည်မှာ wet market ဟုခေါ်သော ကုန်စိမ်း ၊ သားငါး များ ရောင်းသော ဈေးသို့ သွားရောက် ငေးမောခဲ့ကြသလို ၊ shopping mall များအတွင်း ဝင်၍ ဈေးမဝယ်နိုင်သော်လည်း ကြေညာတော့ ကြည့်ခွင့် ရှိသည် ဆိုသည့် အတိုင်း လိုချင်သည်များ အား အာသာပြေ ဈေးနှုန်များ လျှောက်ကြည့်ကြပါသည်။
TV ကြီးများ ၊ ရေခဲ သေတ္တာ များ ၊ အဝတ် လျှော် စက်ကြီးများ ။ ရတနာ ပြစ္စည်းများ ရွှေထည်များ ရောင်းသော နေရာ သို့ ရောက်သော အခါ မီးရောင် များ ၊ လက်လက်ထ နေသော အရောင်များကြောင့် မျက်စိကျိန်း၍ ပြန်ထွက်လာကြပါသည်။ ရောက်လေရာ ဆိုင်တိုင်းတွင် ဝယ်ယူနိုင်မည့် ဈေးသည် ပုံမပေါက်သောကြောင့် မည့်သည့် အရောင်းစာရေးမှ ဈေးနှုန်းအကြောင်း ကုန်ပစ္စည်း အကြောင်း လာမပြောပြကြပါ။
ကိစ္စမရှိပါ ကျွန်တော်တို့ကလည်း ငေးမောချင်၍ လာကြသူများသာဖြစ်၍ ဂရုမစိုက်ပါ။ ဤသို့ တဆိုင်ဝင် တဆိုင်ထွက် ငေးမော နေကြရာ Giordano ၊ Heng Ten ၊ Levies တဆိုင်ပြီး တဆိုင်ဝင်ကြည့် ။ ဤ သို့ တဆိုင်ဝင် တဆိုင်ထွက် လျှောက်ကြည့် နေရာ မွန်လေး မှ အမျိုးသမီး အတွင်းခံများ ၊ ဘော်လီ များ ရောင်းသော ဆိုင်အတွင်းသို့ ဝင်သွား၍ လိုက်ဆွဲထုတ် လာရသည်လည်း ရှိခဲ့ပါသည်။
စင်္ကပူနိုင်ငံတွင် တော့ ငေးမောစရာ များလွန်းလှပါသည် ။ ဈေးဝယ် စရာ နေရာတွင် ငေးမည်လား ၊ ကုန် ပစ္စည် များကြည့်၍ စိတ်ကူး ယျဉ်နေမည်လား ၊ အဆောက် အဦးများ ကြည့်၍ အားကျ နေမည်လား ၊ လမ်းမပေါ်တွင် သွားလာနေကြသော ကားအကောင်းစားများအား ငေးနေမည်လား ၊ ဘားမှ ငေးစရာ မရှိလျင် တနေရာတွင် ထိုင်၍ လမ်းသွားလမ်းလာ ချောမောလှပသော အမျိုး သမီး များအား ငေးနေမည်လား .... ငေးစရာများလွန်းလှပါသည်။
အမျိုး သမီးများအားငေးသည်ဟု ဆိုရာတွင် နှာဘူးကျ၍ ခေါတော တသိန်းအား ရှိသော မျက်လုံး များဖြင့် ငမ်းကြောလွတ်သည်ကို ဆိုလိုချင်း မဟုတ်ပါ။ ကျွန်တော်ဆိုလိုသည်မှာ မြန်မာပြည်တွင် ကြည့်လိုက်လျင် အများအားဖြင့် အမျိုးသမီးများ ထဘီ ၊ လုံချည် ဝတ်ကြမည် ဖြစ်၍ အားလုံ တပုံစံတည်းသာ ရှိကြသလို အရောင်အဆင်းသာကွာခြားကြပါလိမ့်မည်။
စင်္ကပူ ရှိ အမျိုး သမီးများမှာ အဝတ်အစား ဒီဇိုင်း ရွေးချယ် ဝတ်နိုင်ခွင့် ရှိကြသူများ ဖြစ်သောကြောင့် ဘယ်ကြည့်ကြည့် အဆင်အယင် မတူသော ရောင်စုံ အမျိုးသမီးများအား ငေးမောကြေည့်နိုင်သည်ကို ဆိုလိုရင်းဖြစ်ပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့လည်း shopping mall တွင် ငေးမော၍ ဝပြီးနောက် အဆောင်သို့ မပြန်ချင်ရသေးကာ ခြေဦးတည့်ရာ စကားတပြောပြောဖြင့် လျှောက်သွားနေကြပါသည်။
ဤတွင် ကြုံ၍ စင်္ကပူရှိ လူနေတိုက်ခန်းများ အကြောင်းကို အနည်းငယ် ဖေါ်ပြပေးလိုပါသည်။ စင်္ကပူတွင် သာမန်လူတန်းစားများနေသော HDB တိုက်ခန်းများမှာ အထပ် ၁၅ ၊ ၂၀ အမြင့်ရှိ၍ လူနေတိုက်ခန်း တိုက်တတိုက်တွင် လူနေ အိမ်ခန်း ရာ နှင့် ချီ၍ ရှိပါသည်။ တခု ထူးခြားသည်မှာ ထို HDB တိုက်များ၏ အောက်ဆုံး အထပ်မှာ အခန်း မဖွဲ့ထားပါ။ ဟာလာဟင်းလင်း ဖြစ်၍ ထိုင်ခုံများ နားနေစရာများ စီစဉ်ထားပေးပါသည်။
ထို တိုက်တွင် နေသော အိမ်ထောင်စု တခုခု မှ သာရေး ဖြစ်စေ နာရေး ဖြစ်စေ ပေါ်လာလျင် ထို တိုက်အောက်ဆုံး ထပ် ဟာလာဟင်းလင်း နေရာတွင် ပြုလုပ်ကြပါသည်။ ထို့ အပြင် တိုက်တတိုက် နှင့် တတိုက် ခြံဝင်းများ ခတ်ထားခြင်း မရှိသဖြင့် ထိုတိုက်အောက်ခြေမှ ဖြတ်သန်း သွားလာနိုင်သလို တနေရာနှင့် တနေရာ သွားလို လျင် ဖြတ်လမ်း အဖြစ်လည်း အသုံးပြုနိုင်ပါသည်။
ကျွန်တော်တို့ လည်း ထို HDB တိုက်ခန်း အောက်ခြေ မှ ဖြတ်၍ တနေရာပြီး တနေရာ လျှောက်သွားကြပါသည်။ ကျွန်တော်တို့ ထိုလူနေအိမ် တိုက်ခန်းဘက်သို့ လျှောက်သွားသည်မှာ အကြောင်းရှိပါသည်။ ထို တိုက်ခန်း အောက်တွင် စင်္ကပူ နိုင်ငံသားများက သူတို့ အသုံးမလို တော့သော အိမ်ထောင်ပစ္စည်းများ ၊ မီးဖို ချောင်သုံး ပစ္စည်း များ ဒီအတိုင်း ပုံထားကြပါသည်။
လိုချင်သူ များ ရွေးချယ် ကောက်ယူနိုင်သလို မည်သူမျှ မယူလျင် အမှိုက်သိမ်းသမားက ကောက်ယူ လွင့်ပြစ်မည် ဖြစ်ပါသည်။ စင်္ကပူ နိုင်ငံ ၏ အလွန်ကောင်းမွန်သော အမှိုက်သိမ်း စနစ်အား နှောင်အလျင်သင့်လျင် ဖေါ်ပြပေးပါမည်။ ဆိုခဲ့သည့် အတိုင်း ထိုတိုက်အောက်တွင် TV များတွေ့ရသလို ၊ ထမင်းပေါင်းအိုးများ ၊ တခါ တရံ ရေခဲ သေတ္တာများ ၊ အိုးခွက် ပန်းကန်များလည်း တွေ့ရတတ်ပါသည်။
အများအားဖြင့် တရုတ် နှစ်သစ်ကူး နီးလာလျင် အများစုမှ အိမ်သန့်ရှင်းရေး လုပ်ကြသဖြင့် ထိုပစ္စည်းများ ပိုတွေ့ရတတ်ပါသည်။ ကျွန်တော်တို့လည်း မိမိတို့ ကြိုက်နှစ်သက်ရာများ ရွေးချယ် ကောက်ယူကြပါသည်။
တနေရာတွင် ပစ္စည်း တော်တော်များများ တွေ့ရ၍ ကျွန်တော်ကတော့ ကြွေပန်းကန် အထပ်လိုက် ( ၁၅ ချပ်ခန့် ) ကောက်ယူခဲ့ပါသည်။ အခြားသူများကလည်း DVD စက်များ ၊ အခြားသော လျပ်စစ်ပစ္စည်း များ ကောက်ယူ ခဲ့ကြပါသည်။ ဤသို့ ပစ္စည်းများ မိမိတို့ ကြိုက်ရာ ရွေးချယ်ကောက်ယူ နေစဉ် မွန်လေးက ခေါင်းလိမ် ဆီတဘူး အသစ်ကြီး ရှိသေးကြောင်း ပြောလာပါသည်။ ခေါင်းလိမ်းဆီဟူ၍ မည်သူမျှ စိတ်မဝင်စားပါ။
လိုချင်လျင် ကောက်ယူခဲ့ရုံသာ။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ နေသော ဆောင်အခန်းတိုင်းတွင် ဤသို့ ကောက်ယူထားကြသော ပစ္စည်းများ အနည်းနှင့် အများဆိုသလို ရှိကြပါသည်။ ရည်ရွယ်ချက်မှာ မြန်မာပြည် ပြန်လျင် သယ်သွားကြမည် ဟူ၍ စုထားကြခြင်း ဖြစ်ပါသည်။ မိမိတို့မှာ ဆင်းရဲသော တိုင်းပြည်မှ လာကြသူများ ဖြစ်၍ မဆီမဆိုင် စင်္ကပူ နိုင်ငံသားများအား အသုံးအဖြုန်းကြီးကြသူများ အဖြစ် အပြစ်မြင်နေကြပါသေးသည်။
သို့သော် ပိုလျှံနေကြသူများ အဖို့တော့ မလိုအပ်သော ပစ္စည်းများ လွင့်ပြစ်ယုံသာ ရှိပါသည်။ ထိုနေ့ကတော့ ကျွန်တော်တို့လည်း မိမိလိုချင်သော ပစ္စည်း များကောက်ယူ၍ အဆောင်သို့ ပြန်လာခဲ့ကြပါသည်။ မွန်လေးကတော့ ခေါင်းလိမ်းဆီဘူး အသစ်ရလာပြီး နောက်ပိုင်းတွင် အလုပ်သွားလျင်လည်း ခေါင်းလိမ်းဆီလိမ်း ကျော့ကျော့မော့မော့၊ အလုပ်ပြန် ရေမိုးချိုးပြီးလျင်လည်း ခေါင်းလိမ်းဆီလိမ်း ဆံပင် တသသနှင့် ။ သူ့ အနားကပ်လျင် ခေါင်းလိမ်းဆီနံ့ မွှေးကြိုင်နေလေ့ရှိပါသည်။
တရက် ကျွန်တော် တနင်္ဂနွေနေ့ ဘုရားကျောင်းသွားရန် ရေမိုးချိုး ပြင်ဆင်ပြီးနောက် မွန်လေး ထံမှ ခေါင်းလိမ်းဆီ တောင်း၍ လိမ်းပါသည်။ မွန်လေးကလည်း သူဘီရို ထဲတွင် ရှိသည်ဟူ၍ ခေါင်းလိမ်ဆီဘူး ယူကြည့်လိုက်သောအခါမှ မျက်လုံး ပြူးရပါတော့သည်။ ခေါင်းလိမ်ဆီ တဆိပ်မှာ Durex Sensation lubricant ဟူလို။ ထို ခေါင်းလိမ်း ဆီအကြောင်း သိလိုလျင် Google search အတွင်းသာရိုက်၍ ကြည့်ကြပါကုန်။
ဆက်လက်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001
post လေးဖတ်ပြီး သဘောကျမိပါတယ် စင်င်္ကပူကြီးရယ် ဒါနက် ခေါင်းလိမ်းဆီကရော အဆင်ပြေလား
ခေါင်းလိမ်း ဆီက ဆောင်းပါးထဲ ထည့်ရေးဖို့ မသင့်တော်လို့ ဒီလောက်ပဲ ရေးထားတာပါ။ Google ထဲသာ ရှာကြည့် ပေတော့။
မြန်မာတွေ အရှည် တွေးလေ့မရှိတာ တော်တော်ခက်တာပဲ
စနစ်ကောင်းတခုက ဘဝတွေအများကြီးကို သာယာချမ်းမြေ့ စေပါတယ်ဗျာ။ ဒီမှာတော့ တိုက်ခန်း အောက်ထက် လွတ်ဖို့ မပြောနဲ့ တိုက်ခန်းတွေကြားကို လမ်းအဖြစ် သုံးဖို့ဆို ပိုဆိုးသေး
အမှန်ပဲ ကိုဒွန်ရေ.... တကယ်တော့ အဲဒီ စနစ်ကောင်း တခု ဖြစ်ပေါ်လာဖို့ တချိန်တုန်းက စင်္ကပူလည်း တော်တော် ရုန်းကန်ခဲ့ရတယ်။ ရှေ့မှီ နောက်မှီ လူကြီးတွေ ပြောပြလို့။ စိတ်ဝင်စားဖို့ ကောင်းတယ်။ ကြုံရင် ဖေါ်ပြပေးပါ့မယ်။
ဟုတ် အကို
စင်ကာပူကို ရောက်သွားသလိုပဲဗျို့ တိုက်ခန်းအောက်ခြေကို အလွတ်ထားတဲ့သဘောလေး
သာရေးနာရေးအတွက်တဲ့ မိုက်တယ်
ခေါင်းလိမ်းဆီက မှားလိမ်းကြလေသလားဗျာ😁
ခေါင်းလိမ်းဆီက အကောင်းစား ဆိုတော့ စာထဲ ထည့်ရေးဖို့ မသင့်လို့။
ကျွန်တော်တို့ဆီမှာအလုပ်လာလုပ်တဲ့ ဂျပန်အင်ဂျင်နီယာ တစ်ယောက် ကင်မရာ ဖလက်ပျက်သွားတော့ လွှင့်ပစ်ဖို့လုပ်တာ မြန်မာ တစ်ယောက်က ပြင်ဆိုင်အပ်ပေးလိုက်တော အံ့သြနေတယ် သူတိုကတော့ ပစ်ထုတ်လိုက်တာပဲတဲ့
အခုနောက်ပိုင်းတော့ အဲဒီလို လွင့်ပစ်တာမျိုး သိပ်မရှိတော့ဘူး။ ကိုယ် မလိုအပ်တဲ့ ပစ္စည်းတွေကို on line ကနေ ဈေးပေါပေါနဲ့ ချရောင်း ကြတယ်။
စလုံးမှာ Walking Looking Shoping လုပ်ကြတာပဲလား
Posted using Partiko Android
ဒီမှာကတော့ window shopping လို့ ခေါ်ကြတယ်။
ခေါင်းလိမ်းဆီက လိမ်းလို့ကောင်းလားဟင် ။
တခြား မေးစရာ အများကြီးကိုမှ ဒီတခုကို ရအောင် ရွေးပြီး မေးနိုင်တာ နည်းတဲ့ စကေကြလို့
😂
ကတုံးနဲ့ ခေါင်းလိမ်ဆီနဲ့ .... မတော်ပါဘူး ဒိုမီရယ်...
မြန်မြန်ပေါက်ချင်လို့ ဖြစ်မယ် 😁
Your Singapore is very beautiful. You have a wonderful park. That's where we find it. That you live like heaven.
အတော်တော့ ပျော်စရာကောင်းမှာပဲဆာဟင်