ကျွန်တော် ပြောသော စင်္ကပူ - အပိုင်း ( ၂၃ ) ( Henry Aung )
မင်္ဂလာပါ။ ကျွန်တော်၏ မပြီးပြတ်သေးသော စင်္ကပူလုပ်ငန်းခွင် အတွေ့အကြုံ အကြောင်း ဆက်ပါအုံးမည်။ ယခင်ဆောင်းပါးတွင် ကျွန်တော်တို့ ၇ ရက် အလုပ်မဆင်းရဟူသော ပြစ်ဒါဏ် အကြောင်း ဖေါ်ပြခဲ့ပြီး ဖြစ်ပါသည်။ မိမိတို့ အမှား မဟုတ်သည့် အတွက် မည်သူမျှ လည်း ဝမ်းမနည်းကြသလို ၇ ရက် အနားရသည်ဟူ၍ ပင် ပျော်နေကြပါသေးသည်။
ထို့ နောက် ပထမဆုံး အနားယူသောရက်တွင် ဘာလုပ်ကြမည်နည်း ဟု တိုင်ပင်ကြပါသည်။ အချို့ကလည်း မြို့ထဲသွား၍ လျှောက်လည်မည် ၊ အဆောင်တွင် အိပ်နေကြမည် ဟု ပြောကြသော်လည်း ကျွန်တော်အပါအဝင် ၊ မွန်လေး ၊ ဇမ်ကြီး နှင့် ကို ကရင်တို့ကတော့ မိုးလင်းသည်နှင့် ငါးမျှားထွက်ရန် ပြင်ဆင်နေကြပါသည်။
အမှန်တော့ ငါးမျှားထွက်ရန် နေရာမှာ စင်္ကပူ Chinese Garden ဟူသော အတော်ကြီးသည့် ပန်းခြံ အတွင်းရှိ ရေအိုင်တွင် ဖြစ်ပါသည်။ ပန်းခြံ ကြီးသလောက် ရေအိုင်လည်း အတော်ကြီးသလို ရှည်လျား ကွေ့ကောက်၍ နေသော ရေအိုင်ဖြစ်ပါသည်။ အမှန်တော့ ထိုရေအိုင်တွင် ငါးမျှားခွင့်မရှိပါ။
သိသိကြီးနှင့် ကမြင်းကြောထ၍ ငါးခိုးမျှား ကြခြင်း ဖြစ်ပါသည်။ အဆောင်မှ ပေးသော ထမင်းထုပ်အားကျောပိုးအိတ် အတွင်းထည့်၍ ဦးစွာ shopping mall သို့ သွားကြပါသည်။ ငါးမျှားရန် ငါးမျှားကြိုး ၊ ငါးမျှားချိတ် များ ငါးစာ အဖြစ် ပုဇွန် သေးသေးလေးများ ဝယ်ယူကြပါသည်။ ငါးခိုးမျှားသည် ဖြစ်၍ ငါးမျှားတံ တော့ မဝယ်ပါ။
ဒီအတိုင်း ငါးမျှားကြိုးအား ငါးမျှားချိတ် တပ် ငါးစာတပ်၍ ခဲ သီး ခံပြီး လက်ထွန်ပစ်သကဲသို့ ငါးမျှားကြခြင်း ဖြစ်ပါသည်။ ငါးမျှားတံ တကားကားနှင့် ဆိုလျင် ဖမ်းခံရမည်ကတော့ သေချာပါသည်။ ဆိုခဲ့သည့် အတိုင်း ကျွန်တော်တို့ လည်း ရေကန် ပတ်လမ်း အတိုင်း လျှောက်၍ အတော် ဂျောင်ကျ သောနေရာ CCTV လွတ်သော နေရာ တွင် ငါးခိုးမျှားကြပါသည်။
တနေကုန် စကားပြောလိုက် ၊ ငါးမျှားလိုက်ဖြင့် အချိန်ဖြုန်းနေသော်လည်း ငါးတကောင်မှ မရပါ။ ထိုပန်းခြံ အတွင်း ၌ ဖွတ်နှင့် လိပ်များ အလွန်ပေါ သော်လည်း လိပ်သားတော့ မစားဝံ့ပါ။ ကိုကရင် ကတော့ ဖွတ် ဖမ်း၍ ချက်ပြီး အရက်ဖြင့် မြည်းကြရန် အကြံပေးပါသည်။ သို့ သော် ကျွန်တော်တို့ နေသော အဆောင်တွင် ချက်စားခွင့် မရှိပါ ။
သို့ သော် ကိုကရင် က အပြင် တွင် တိုက်ခန်း ငှားနေသော သူတို့ ဆွေမျိုးများ ရှိကြောင်း ၊ ဖွတ်သာ ရအောင် ဖမ်း ပါရန် နှင့် ဖွတ်သားအား သူ အပြင်တွင် ချက်ပြုတ်၍ အဆောင်သို့ ယူလာမည် ဖြစ်ကြောင်း ပြောပြပါသည်။ ကျွန်တော် ၊ ဇမ်းကြီး နှင့် မွန်လေး တို့လည်း ဖွတ်ဖမ်းရန် ပြင်ဆင်ကြပါသည်။ ဖွတ်များ ကတော့ ကမ်းစပ် မျက်ခင်း ပြင်တွင် နေပူ စာလှုံနေကြသော်လည်း လူကပ်လာသည်နှင့် ရေထဲ သို့ ဆင်းပြေကြပါသည်။
ကျွန်တော်တို့ ကလည်း ခဲနှင့် ပစ်ဖမ်းကြရန်သာ တတ်နိုင်သဖြင့် ဖွတ်ဖမ်းမည့် အကြံအား လက်လျှော့ ရပါလေတော့သည်။ အမှန်တော့ လောက်လေးခွ သို့ မဟုတ် အခြား လက်နက် တခုခု ပါလျင်တော့ ထိုဖွတ်များအား ဖမ်း၍ ရလောက်ပါသည်။ သို့သော် စင်္ကပူတွင် လောက်လေးခွ ကိုင်ခွင့် မရှိပါ။ လက်နက် ကိုင်ဆောင်မှုဖြင့် ဖမ်းဆီးခံရနိုင်ပါသည်။
ကျွန်တော်တို့လည်း ကြံရာမရသည့် အဆုံး နေ့လည်စာ ထမင်းထုပ်များ ဖြည်စားကြ၍ ရောက်တက်ရာရာ များ ထိုင်ပြောနေကြပါသည်။ ငါးမျှားသည်ကလည်း တကောင်မျှ မရ၍ ညနေ ၂ နာရီခန့်တွင် အဆောင်သို့ ပြန်ရန် ပြင်ကြပါတော့သည်။ ထိုအချိန်တွင် ကိုကရင်မှ ရေအိုင်စပ်သို့ ဆင်းပြီး ခြေလက် ဆေးကြောနေပါသည်။ ကျွန်တော်လည်း ဝတ်ထားသော ဂျင်းပန်အား ဒူးဆစ်အထိ ခေါက်တင်၍ ရေထဲဆင်းပြီး ခြေလက်ဆေးရန် ဆင်းလိုက်သောအခါ ရေစပ်ဖြစ်၍ သဲမြေနှင့် နှုန်း များ ရောနေသော နေရာ ဖြစ်သောကြောင့် ရေကြည်လင်နေပါသည်။
သို့ သော် နှုန်းထဲတွင် ကျောက်စရစ်ခဲများ နင်းမိသလို ခံစားရသဖြင့် ဘာရယ်မဟုတ် ကျောက်စရစ်ခဲ တခု ကောက်ယူကြည့် မိပါသည်။ ထို အရာမှာ ကျောက် စရစ်ခဲမဟုတ်ပါ ။ စိမ်းပုပ် ရောင် အခွံရှိသော ဂုံး ကောင် ဖြစ်ပါသည်။ ကျွန်တော်လည်း ကိုကရင်အား " ကိုကရင် နှုန်းထဲမှာ ဂုံးကောင်တွေ အများကြီးပဲ" ဟု ပြောပြလိုက်သောအခါ ကိုကရင်လည်း စမ်းကြည့်၍ ဂုံးကောင်အား ကြည့်ကာ " ကချင် ၊ ဒီဂုံးကောင်တွေ စားလို့ ရတယ် " ဟူ၍ ပြောလာပါတော့သည်။
ကျွန်တော်လည်း မသင်္ကာ၍ " ကိုကရင်ရာ ဟုတ်မှ လည်း လုပ်ပါ အစာအဆိပ်သင့်ပြီး သေကုန်ပါအုံးမယ် " ဟူ၍ အငေါ်တူးလိုက်ပါသည်။ ကိုကရင်ကလည်း သေချာ ကြောင်း သူတို့ရွာတွင် စားကြကြောင်း ရေချိုဂုံး ကောင် ဖြစ်၍ စားလို့ ကောင်းကြောင်း သူကောင်း ကောင်း ချက်တတ်ကြောင်း ပြောပြပါလေတော့သည်။
ကျွန်တော် ကလည်း " ကိုကရင် ချက်မလား ၊ ကျွန်တော်တို့ အရက်နဲ့ မြည်းရအောင် " ဟု ဆွယ်တရားဟောလိုက်သောအခါ " မလုပ်ပါနဲ့ကွာ ၊ မကောင်းပါဘူး" ဟု ငြင်းသူတယောက်မှ မရှိပါ။ အလုပ်လုပ်လျင်သာ အရိုးများသည် ချေးခါး သည်ဟု အတွန့်တက် ကြသော်လည်း အရက်သောက်ကြမည် ဆိုသောအခါ ဇောင်းထဲမှ လွတ်လိုက်သော မြင်းများကဲ့သို့ တက်ကြွလန်းဆန်းလာကြပါသည်။
ကျွန်တော်နှင့် ကိုကရင်က နုန်းထဲမှ ဂုံးကောင်များနှိုက်၍ ကုန်းပေါ်သို့ပစ်တင်ပေး ပြီး မွန်လေး နှင့် ဇမ်ကြီးကတော့ ကျွန်တော်တို့ ပြစ်ပေးသော ဂုံးကောင်များအား ခွဲကာ အထဲမှ အသားများထုတ်ယူကြပါသည်။ ကျွန်တော်နှင့် ကိုကရင် ကလည်း လက်သုံးလုံး ခန့်ရှိသော ဂုံးကောင်ကြီးများသာ နှိုက်ယူကြပါသည်။ ဤသို့ တက်ညီ လက်ညီ လှုပ်ရှားလိုက်ကြသည်မှာ နာရီဝက်ခန့်ကြာသောအခါ ဂုံးသား 1 KG ခန့် ရရှိပါလေတော့သည်။
ကျွန်တော်တို့ လည်း ခွဲထားသော ဂုံး ခွံများအား ရေအိုင်အတွင်းသို့ ပြန်လွင့်ပြစ်၍ လက်စလက်န ဖျောက်ပြစ်ကြပါလေတော့သည်။ ထို့နောက် ဂုံသားများအား ကျွတ်ကျွတ်အိပ် အတွင်းထည့်၍ ကိုကရင်အား ဟင်းချက်ရန် လွတ်လိုက်ပါတော့သည်။ ကျွန်တော်တို့ သုံးယောက်လည်း အဆောင်ပြန်၍ မဲခေါင် အရက်တလုံး ဝယ်၍ ကိုကရင်အား ထိုင်စောင့်နေကြပါလေတော့သည်။
ညနေစောင်းသော် ကိုကရင် ဂုံးသားဟင်းထည့်ထားသော ဘူးနှင့် အဆောင်ပြန်ရောက်ချလာပါတော့သည်။ ကျွန်တော်တို့လည်း အဆောင်မလှမ်းမကမ်းရှိ မြက်ခင်းပြင်တွင် ကျကျနနထိုင်၍ စင်္ကပူ ဂုံးသားဟင်းနှင့် အရက်သောက်ရန် ပြင်ကြပါလေတော့သည်။ ကျွန်တော်လည်း ဂုံးသားဟင်း မြည်းကြည့်သောအခါ အနည်းငယ် ဒိုက်စော် နံသည်မှ လွဲ၍ စားလို့ ကောင်းပါသည်။
ကျွန်တော်လည်း ကိုကရင်အား " ဟင်းက ရွှံ့စော်နံတယ်ကော " ဟူ၍ အတွန့်တက်လိုက်သောအခါ ကိုကရင်က " ရွှံ့ထဲ နေတဲ့အကောင် တွေကောက်ချက်ထားတာ ရွှံ့ စော်မနံလို့ ဘာစော်နံရမှာလည်း ၊ စားမှသာ စားပါ ကချင်ရာ သေစရာရှိလည်း လေးယောက်လုံး အတူတူသေကြတာပေါ့ " ဟူ၍ ပြန်ပက်ပါလေတော့သည်။
ဤသို့ ဖြင့် ဂုံးသားဟင်းနှင့် အရက်မြည်းကြရာ အရက်ပုလင်းဝက်ခန့် ကျိုးသော အခါ ရွှံ့စော် နံသည် ဆိုသော ဂုံးသားဟင်းကလည်း " ရွှံ့နံ့ မွှေးတေးတေးလေးနဲ့ စားလို့ကောင်းလိုက်တာ" ဟူ၍ ဖြစ်လာကြပါတော့သည်။ အရက်တပုလင်းလုံးကုန်သောအခါ ဂုံးသားဟင်းလည်း ပြောင်၍ ဟင်းအနှစ်များအား လက်ညှိုးဖြင့် ကလော်စားကြသော အဖြစ်သို့ ရောက်ကြပါလေတော့သည်။
ဂုံးသားဟင်း စားကောင်းမှန်း သိသဖြင့် နှောင်တွင်လည်း ကြုံလျင် ကြုံသလို ဂုံးသွားနှိုက်၍ ကိုကရင်အား ချက်ခိုင်းပြီး အရက်ဖြင့် မြည်းကြပါလေတော့သည်။ ဤနည်းဖြင့် လီကွမ်ယု တိုင်းပြည်အတွင်းရှိ ရေအိုင်တွင် အနှောက်အယှက်ကင်းစွာ ကြီးချင်တိုင်းကြီး ထွားချင်တိုင်းထွား ပွားများချင်တိုင်း ပွားများနေကြကုန်သော ဂုံးကောင်များကလည်း ငတ်ကြီးကျသောကျွန်တော်တို့ နှင့်တွေ့မှ ဟင်းအိုးထဲ ရောက်ရရှာလေတော့သည်။
ဆက်လက်ဖေါ်ပြပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001
စတော့ဈေးကွက်မှာ စင်္ကပူကလည်းအကြီးမားဆုံးပါဝင်နေတာ ရေးတင်ပေးပါဦး။
စတော့ ဈေးကွက်က cryptocurrency ဈေးကွက်နဲ့ မတူဘူးဆရာ။ သူက broker တွေနဲ့ ဝယ်ရောင်း ကစားရတာ။ ကျွန်တော်လည်း အများကြီးတော့ နားမလည်ဘူး။
ကျွန်တော်လည်းဘာသာပြန်ရေးတာဆိုတော့ သူပြောသလောက်ပဲသိတာ
အတွေ့အကြုံတွေက များတော့ steemitအတွက် ကုန်ကြမ်းမရှားတော့ဘူးပေါ့အစ်ကိုရာ။
အဲဒီ အချိန်တုန်းကတော့ steemit အတွက်ကုန်ကြမ်းစု နေတာလို့ ထင်ကို မထင်ခဲ့တာ။ ပေါက်ကရ လုပ်ဖို့လောက် အားသန်နေတော့။
တက်ညီလက်ညီရှိကြပါကွယ် မျက်စိထဲကိုမြင်ပါရော
သောက်လိုက်ကြ မြည်းလိုက်ကြ အိုဇိမ်ကျနေမယ်ဖြစ်ခြင်း
အေးပါဆို။ အလုပ်လုပ်ရင်သာ တက်ညီ လက်ညီ မရှိတာ။ ဒါမျိုးဆို... ၂ ခါ ညှိစရာကို မလိုတာ။
ဂုံးကောင်လေးတေ ကုန်တော့မယ် ထင်တယ်
မကုန်ပါဘူး။ မကုန်တဲ့ အကြောင်း နောက်ဆောင်းပါး မှာဖေါ်ပြပေးပါ့မယ်။
ငါး မရ ရေချိုးမပြန်ခဲ့ရဘဲ ဂုံး အမြည်းရခဲ့တယ်ပေါ့
ကောင်းပါလေ့ဗျာ
Posted using Partiko Android
ကျွန်တော်တို့ကံကောင်းသလို ဂုံးကောင် တွေ အတွက်တော့ ကံဆိုးတာပေါ့။
Your article is very sweet. This is a great presentation.
thanks you .
စလုံးကို ခါးစောင်းတင်ခဲ့တယ်ပေါ့လေ။
CCTV လွတ်တဲ့နေရာကို ရအောင်ရှာနိုင်တဲ့ skill က နည်းနည်းနောနောတော့ မဟုတ်ဘူး
ဒီလိုပဲလေ... ပေါက်ကရလုပ်မယ်ဆိုရင် ညာဏ်နီ ညာဏ်နက်တွေ ထွက်ထွက်လာတာ
ရပြီရပြီ ဒီတစ်ခါပြန်လာရင် မြန်မာမယ် ကြံစည်ရအောင် ။
ငရုတ်သီး စိမ်းလေးပါထည့်ချက် စားကောင်းတယ်
ငရုတ်သီးစိမ်းပါ ဘယ်ကမလဲ ၊ စပါးလင် လည်းပါတယ်။ ဟင်းကျက်တဲ့ အခါ ပင်စိမ်းရွက် လေးပါ အုပ်လိုက်တော့။ ကွန်မန့် ရေးရင်းတောင် သွားရည် ယိုလာပြီ။
ခရီးထွက်နေတော့ ရေးစရာလေးတွေကအများကြီး အားကျပါတယ်။ မှတ်ချက်ဂုံးသားမစားဖူးသေးပါ။ဖတ်ရင်းဗိုက်ဆာလာသည်😝
Posted using Partiko Android
ဆာဟင်က ပျော်အောင်နေတတ်ခဲ့တယ်လို့ပဲပြောရမှာပဲဗျို့ အပေါင်းအသင်းကောင်းတွေနဲ့လည်း ဆုံနေရတယ် ပျော်စရာကြီးပေါ့ ☺