တရုတ်တစ်ကောင်၏ ဘဝင်

in #myanmar8 years ago (edited)

image
မင်္ဂလာပါခင်ဗျာ ကျွန်တော့်ကိုယ် ကျွန်တော်မိတ်ဆက်ပေးပါရစေ ကျွန်တော်ကတော့ တရုတ်လူမျိုးတစ်ယောက်ပါ။ တရုတ်လူမျိုးဆိုသော်ငြားလည်း မြန်မာပြည်နဲ့ တရုတ်နယ်စပ်ကြားက စက်ရုံလေးတစ်ခုမှာ ကျွန်တော့်ကိုမွေးဖွားခဲ့ပါတယ်။ မွေးပြီးပြီးခြင်းရက်ပိုင်းမှာပဲ ကျွန်တော့်ကို မြန်မာပြည်ကို ခေါ်ဆောင်သွားကြတယ် အဲနောက် ကျွန်တော့်ကိုမှတ်ပုံတင်ပြီးတဲ့နောက် အခုတော့မြန်မာပြည်သားဖြစ်သွားပြီပေါ့ဗျာ။ အော် ဒါနဲ့ ကျွန်တော့်နာမည် မိတ်ဆက်ပေးရဦးမယ် ကျွန်တော့်နာမည်ကတော့ Kenbo တဲ့ခင်ဗျ။
image
နှင်းမဝေတဲ့ဆောင်းတစ်ခုရဲ့ မနက်ခင်းမှာ ကျွန်တော့်ရဲ့ အဖေ အကျောက်က ကျွန်တော့်ကို ဖန်တီးမွေးဖွားခဲ့ပါတယ်။ ကျွန်တော့်မှာသူငယ်ချင်းတွေရှိသေးတယ်ခင်ဗျ။ သူတို့နာမည်ကတော့ Luojia နဲ့ Yinxiang လို့ခေါ်တယ်။ စိတ်တိုင်းကျ ကျွန်တော်တို့ကို စစ်ဆေးပြီးတဲ့နောက် ကျွန်တော့ကျောပေါ်မှာ Luojia နဲ့ Yinxiang တို့နှစ်ယောက်ကို တင်လို့ မြန်မာပြည်ကို သခင်ရှာထွက်ခဲ့ရပါတော့တယ်။ အဲဒီလိုနဲ့မြန်မာပြည်ကို Visa မလိုပဲရောက်ခဲ့ရပါတော့တယ်။ ရောက်ရောက်ခြင်း ကျွန်တော့်တို့ကို ရေချိုး ဆီလိမ်းပြီးတဲ့အခါမှာတော့ ခေါင်းကိုမော့လို့ သခင်ကို စောင့်မျှော်ရပါတော့တယ်။ သိပ်မကြာခင်မှာပဲ Luojia နဲ့ Yinxiang ကတော့ သခင်ကိုယ်စီရသွားကြပါပြီ။ ‘’ သွားပြီ သူငယ်ချင်းရေ ကံကောင်းပါစေကွယ် ‘’ ကျွန်တော့်လဲ သခင် လူ့ဂွစာ ဦးစိတ်တို အိမ်ကိုရောက်ခဲ့ရပါတော့တယ်။ ကျွန်တော့်ကို တစ်ပါတ်တစ်ခါရေချိုးပေးတယ် kix လို့ခေါ်တဲ့ မွှေးတေးတေးဆီလေးနဲ့ ဖွဖွလေးသုတ်ပေးသေးတာ ကျွန်တော့်သခင်က။ ကျွန်တော်သခင်ရကံကောင်းတယ် ပေါ့ဗျာ။ သူကလဲသဘောကျတယ် ဘယ်လောက်အထိသ၀န်တိုလဲဆို ‘’ဆိုင်ကယ် မငှားပါ ‘’ ဆိုတဲ့ စတေကာ လေးတောင်ကပ်ပေးထားတယ်။ သူတစ်ယောက်ပဲစီးမယ်ပေါ့နော် ကျွန်တော်လဲ သဘောကျပါတယ်။ ညညဆို့ ကျွန်တော့ကို အိမ်ထဲမှာခေါ်သိပ်တယ်။ ကျွန်တော်ကလဲ သူသွားချင်တဲ့နေရာတိုင်းကို စိတ်ချမ်းမြေ့စွာ ပို့ဆောင်ပေးခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။ သူနဲ့အတူ ခရီးတွေ အများကြီးထွက်ခဲ့ကြတယ်။ တရုတ်တို့ထုံးစံ အတိုင်း ချောင်းဆိုးနှာစေး ဖြစ်တဲ့အခါကျရင်တော့ ဆရာထော့ကျိုးရဲ့ ၀ပ်ရှော့ကို သွားရတာပေါ့။ဘိနပ်တွေပါးလာရင် အသစ်လဲပေးတယ်၊ ကျွန်တော့်ကိုယ်တွင်းကလီစာများ ကောင်းစွာအလုပ်လုပ်ဖို့အတွက် ချောဆီအသစ်လဲပေးတယ်။ ဒီလိုနဲ့နေလာရင်း ကျွန်တော့သခင်ရဲ့စီးပွားရေး တွေတစ်စ တစ်စ အဆင်ပြေလာတာတွေ့ရတယ် ကျွန်တော်လဲဝမ်းသာတာပေါ့ ကျွန်တော့်အတွက်တဲ့ ဖန်စီ ပြောင်ပြောင်လေးတွေတောင် ဆင်ပေးထားသေးတယ်။ လူတွေကတော့ ရွှေတွေဝတ်ကြတယ် ကျွန်တော်ကတော့ ဖန်စီကာလာလေးတွေဆင်ပေးထားရင် ကျွန်တော့်ကိုယ်ကျွန်တော် အရမ်းခန့်တယ်ထင်တာပဲ။ တစ်နေ့မှာတော့ ဦးစိတ်တိုရဲ့ သားလေး မျောက်ရှုံး ကျောင်းတက်ရတော့မယ်လို့ ပြောသံကြားတယ်။
image
မကြာပါဘူး ကျွန်တော်လဲသူနဲ့ကျောင်းလိုက်တက်ရတော့တာပေါ့ တက္ကသိုလ်ရောက် Kenbo တစ်ယောက် ဂေါ်ပြီလေဗျာ။ ဒါပေမယ့် သူနဲ့နေရတာ ခတ်လန့်လန့်ရယ် ကျွန်တော့ကို ပတတ်ရပ်ပြီး ပြေးခိုင်းလို့ပြေး၊ ပလာတာရိုက်တယ်ဆိုလား ဘာဆိုလား မြွေလိမ်မြွေကောက်တွေ ပြေးခိုင်းလို့ပြေးနဲ့။ သူနဲ့နေရတာ ကျွန်တော့်အတွက်တော့ အမြဲတမ်းပွန်းရာပဲ့ရာတွေနဲ့ လောကငရဲပါပဲ ဦးစိတ်တိုလို လစဉ် ချောစီလဲ မလဲပေးဘူး kix ဆိုတာဝေလာဝေးပေါ့ဗျာ။ အပေါင်ဆိုင်မှာ ညညအိပ်ရတဲ့နေ့တွေကိုလည်း အရမ်းမုန်းတာပဲ။ တစ်နေ့ပေါ့ မိုးလေးတစ်ဖွဲဖွဲကျနေတဲ့နေ့၊ မိုးဖြူမဆဲ မိုးမည်းမရွာဆိုလားပဲ အဲဒီနေ့က မိုးတွေမည်းမနေခဲ့ပါဘူး မျောက်ရှုံးလေး သဲချောင်းကနေ ထန်းရည်သောက်ပြီးအပြန် Accident တစ်ခုဖြစ်ခဲ့ပါတယ် အသက်သေလောက်အောင် မဖြစ်ခဲ့ပေမယ့် ကျွန်တော့အတွက်တော့ အသည်းခိုက်အောင်နာကျင်ခဲ့ရပါတယ်။ ဆရာထော့ကျိုးဆေးခန်းမှာ တစ်ပါတ်ခန့် ကုသမှုခံယူပြီးခဲ့တဲ့နောက်မှာတော့ မတွေ့ရတာကြာတဲ့ ကျွန်တော့်ဆရာသခင် ဦးစိတ်တို ကိုယ်တိုင်လာခေါ်ပါတော့တယ်။ ဝမ်းသာလိုက်တာဗျာ အရင်လိုဂရုစိုက်မှုလေးတွေ ပြန်လိုချင်လှပြီလေ။ ဒါပေမယ့် အိမ်ရောက်တဲ့အခါမှာတော့ ကျွန်တော့အသည်းတွေတစ်စ စီကွဲကြေခဲ့ရပါတယ်။ အိမ်ဝင်ဝင်ခြင်းမှာပဲ တရုတ်စကားမတတ်တဲ့ ယိုးဒယားကျွဲမတစ်ကောင် မခန့်ပြုံး ပြုံးရင်း အခန့်သားနေရာယူနေလေရဲ့။ ကျွန်တော့အထင်နဲ့အမြင်တွေလည်း ပါစင်အောင်လွဲခဲ့ပါပြီလေ။ရတဲ့ဈေးနဲ့သာ ရောင်းပါ ဆိုတဲ့ အသံ နားထဲမှာမယုံနိုင်အောင် ထပ်ခါတစ်လဲလဲ ပဲ့တင်နေတယ်။နောက်ဆုံးမှာတော့ ပွဲစားဆိုသူရဲ့လက်ထဲကနေ ပွဲရုံတစ်ခုမှာ ငရုတ်သီး အိတ်လေးကြီးတွေသယ်ရတဲ့ဘဝကိုရောက်ခဲ့ပါပြီ။ တစ်ချိန်ကရွှေထီးဆောင်းခဲ့တဲ့ ရှင်ပြုပွဲတွေ ကျန်ခဲ့ပါပြီ။ ဘယ်သူခိုင်းခိုင်း တတ်နိုင်တဲ့အင်အားနဲ့ စွမ်းစွမ်းတမံ ကြိုးစားသယ်ပိုးနေမှာပါ။
image
ခင်ဗျားတို့လူသားတွေ ကျွန်တော်တို့ တရုတ်ဘီးတွေကို မကောင်းဘူး၊ မကြံ့ခိုင်ဘူးပြောကြတယ်နော် ဒါပေမယ့် တစ်နေ့တစ်နေ့ ကီလိုထောင်ပေါင်းများစွာစီးနင်းနေကြတယ်။ မကောင်းဘူးလဲပြောသေးတယ် မကင်းအောင်လဲမနေကြဘူး။ အဓိကပြဿနာ အလုံးစုံသည် ခင်ဗျားတို့ရဲ့မဆင်မခြင် မောင်းနှင်မှုပေါ်မှာသာ အဓိကကျတာကို မြင်အောင်ကြည့်ပေးပါ။ စည်းကမ်းလိုက်နာပြီး တရုတ်ဘီးကို တရုတ်ဘီးလိုသာစီးပါ ခင်ဗျားတို့အတွက် ကျွန်တော်တို့ဟာ အကောင်းဆုံးဆိုင်ကယ်တွေ ဖြစ်မယ်ဆိုတာ မလွဲပါဘူး။ ကျွန်တော်ပြောချင်တာကတော့ ဆိုင်ကယ် အချင်းချင်း မခွဲခြားပါနဲ့ အားလုံးဟာ သူ့တန်ဖိုး သူ့နေရာနဲ့သူ အသုံးဝင်တယ်လို့ ဟောဒီ steemit ရောက် ကျွန်တော် Kenbo က ဆန္ဒဖော်ထုတ်လိုက်ရပါတယ် ခင်ဗျာ။

Photo credits google
Author by
@htinyarsai(12:02am)
MSC 203

Sort:  

ဆိုင်ကယ်အကြောင်းရေးသွားတာလည်းမိုက်ပဗျာ
ခံစားချက်တွေ ဗဟုသုတတွေပါထည့်သွားတယ်

ဟီး Pro ပြန်တင်ရမယ်ဆိုတော့ အမြန်လှုပ်ရှားလိုက်တာ

အမြန်လှုပ်ရှားချက်က တော်လိုက်တာ
သိပြီးသားအရာတွေအတွက် ရေးရတာမြန်တယ်ဆိုတာ ပိုပိုသိလာရပြီဗျာ

တရုတ်ဘီးတွေ ရှိနေလို့သာ လူတန်းစေ့နီးပါး စီးနိုင်ကြတာ စည်းကမ်းတကျစီးရင်တော့ အဆင်ပြေနိုင်ပါတယ်။

ဟုတ်တယ် bro ရေ မရှိမဖြစ်ပဲ

ညီး​ဟောင်​..အကြမ်းခံတယ်​​လေ kenbo

ဟုပ အဲဒီအချိန်တုန်းကတော့ သူက မင်းသားပဲ

တွေးထားတဲ့အမြင်လေး အရမ်းကောင်းတာဘဲ့

ကျေးဇူးပါ bro ရေ

ဆိုင်​ကယ်​​လေးရဲ့ဘဝပုံစံ​လေးကို​ရေးသားထားတာအရမ်းပဲ​ကောင်းပါတယ်​ပစ်​ကို​ရေ

ဟုတ်ကျေးဇူးပါဗျာ တွေးမိတွေးရာလေး

ဟ ဟား goodတယ်​​ဟေ့ ကြံဖန်​ပြီး​ရေးထားတာ ဖက်​လို့ပရမ်း​ကောင်းတယ်

ဒီလိုပဲ လံကျုပ်ရတာပေါ့ bro ရယ်

အရမ်းကောင်းပါတဲ့ဆောင်းပါလေးပါ

ကျေးဇူးပါ bro ရေ

မှန်တယ် bro စီးသူပေါ်မူတည်ပါတယ်

သတိလေးနဲ့စီးကြရင် အန္တရာယ်နည်းပါတယ်

ကျန်တော့်အချစ်တော်လည်း kenbo ပါ

Shake bro ရေ စီးလို့ကောင်းတယ်

ချစ်သဲလေးက ခေါင်းခါတယ် ဂျပန် ဘီးမှစီးချင်သတဲ့ကွယ်

ဟဲဟဲဒီလိုလဲရှိတာပဲ

Coin Marketplace

STEEM 0.13
TRX 0.33
JST 0.034
BTC 111624.13
ETH 4299.03
SBD 0.85