အမှတ်မထင်တွေ့ဆုံခဲ့သော ခဏတာလွမ်းချင်း (၂)

in #myanmar7 years ago

IMAG5232.jpg

ဒုတိယနေ့အစ မိုးလေးဖွဲဖွဲရွာနေတယ်ဗျာ၊၊ မနက်စာကို မိုးရေတွေထဲပြေးပြေးလွှားစားခဲ့ရတယ်၊၊ထုံးစံအတိုင်း လူစစ်ဖို့ တန်းစီကြရတယ်၊၊အဲနေ့မှာတော့ ပြန်သွားတဲ့ဆရာဝန်တွေဝန်ထမ်းတွေလျော့တော့ကျွန်တော်တို့ အဖွဲ့လည်း လူမစုံတော့ဘူးဗျ ဒါပေမဲ့ သူကတော့ ကျောင်းသူဆိုတော့ ရှိနေသေးတယ်၊၊ မြင်းမထိတောင်ကို စတင်ပြီးတော့ထွက်ခွာလာခဲ့ကြတယ်ဗျ၊၊ လမ်းမှာ ရထားလမ်းဘေးတွေကဖြတ်၊ နေရာမြင်ကွင်းစုံကိုဖြတ်ပြီး လျှောက်နေတုန်း မိုးလေးက တဖွဲဖွဲရွာလာပြန်တယ်၊၊ မိုးကာထုတ်ပြီးဝတ်တဲ့ လူတွေရှိသလို မဝတ်တဲ့အထဲမှာ သူကောကျွန်တော်ကော အတူတူပေါ့ဗျာ၊၊ မြင်းမထိတောင်ကိုရောဖို့ ကြားထဲမှာ တောင်ခြေစန်းတစ်မှာနားသေးတယ်ဗျ ၊၊ တစ်ခါနားတဲ့ စခန်းကိုမရောက်ခင် လမ်းကဆိုးတယ်ဗျ ၊၊ ဗွက်တွေထဲမှာရုံးရကန်ရသွားရတာ ပျော်ဖို့်ကောင်းသလို ပင်လည်းပင်ပန်းတယ်ဗျ ၊၊ရုံးကန်ပြီး ခဏနားတဲ့ တောင်ခြေကိုသွားရာစခန်းကို ရောက်လာခဲ့တယ်၊၊ ဓာတ်ပုံတွေရိုက်ကြ မုန့်တွေစားကြ၊ ပျော်ဖို့ကောင်းတယ်ဗျ ၊၊

ခဏနားပြီးတောင်ခြေကိုရောက်ဖို့ ဆက်လက်လမ်းလျှောက်လာခဲ့ကြတယ်ဗျ ၊၊လမ်းမှာ ခရမ်းချုဉ်သီးစိုက်ခင်းတွေကို ဖြတ်လျှောက်ရင်း မြင်းမထိတောင်ကြီးကို မြူတွေကြားမှာ မြင်လာခဲ့ရတယ်ဗျ ၊၊ တောင်ထိပ်ကလေးက မြူတွေရစ်ဆိုင်းလို့ လှနေတယ် ၊၊ အဲမှာသူနဲ့ ကျွန်တော်ပြန်တွေ့တယ် လမ်းလျှောက်ရင်းနဲ့ သူက အရင်တုန်းကအတွေ့အကြုံတွေ ပြောပြတာကို နားထောင်ရင်း သူမျက်နှာလေးကိုကြည့်ရင်း လမ်းလျှောက်လာတာ မောလို့မောမှန်းတောင် မသိပါဘူးဗျာ ၊၊
တောင်ခြေရောက်တော့ ဓာတ်ဆားထုတ်ကိုကျန်တဲ့ရေလေးနဲ့ သူကိုယ်တိုင်ဖျော်တယ်ဗျာ ၊၊ သူဖျော်ပေးလို့ ပိုကောင်းတာလို့ ပြောရင်း ကျွန်တော်တို့အဖွဲ့ထဲက ညီတစ်ယောက်၊ညီမတစ်ယောက်နဲ့အတူ မျှဝေသောက်ရင်း ခရမ်းချဉ်သီးသုတ် စားဖို့လမ်းစရှာကြတယ်ဗျ ၊၊ တောင်ခြေက ဓမ္မာရုံထဲမှာ ခရမ်းချဉ်သီးသုပ်က ကျွေးနေတာဗျ ၊၊ ကျွန်တော့်ထမင်းဘူးကိုထုတ် (ထမင်းဘူးကအလွတ်ထည့်လာတာဗျ) သွားပြီးတော့ တန်းစီရင်း ရလာတဲ့ခရမ်းချဉ်သီးသုပ် တစ်ဘူးလုံးကို အားရပါးရစားကြတော့တယ်၊၊ သူကမေးတယ် မြေပဲဆံ မကြိုက်ဘူးလားတဲ့ ကျွန်တော်ကငယ်ငယ်လေးကတည်းက စားလာတာလေ မြေပဲဆံဆိုတာ အကြိုက်ပေါ့လို့ ပြောရင်း ဆက်စားနေကြတယ် ၊၊ ခရမ်းချဉ်သီးသုတ်ထဲက မြေပဲဆံတွေ ဇွန်းနဲ့ခတ်ပြီး ခွံကျွေးတယ် ခင်ဗျားက ကြိုက်တယ် ဒါဘဲစားလို့တဲ့ .....ကောင်းလိုက်တဲ့မြေပဲဆံအရသာပါဗျာ ၊၊ တကယ်စားလို့ကောင်းတာပါ ၊၊

ကျွန်တော်တို့်စား အပြီး တောင်ခြေကနေ မြင်းမထိတောင်ပေါ်ကို တက်ဖို့ ပြောကြရင်း စပြီးတက်ခဲ့ကြတယ်ဗျ ၊၊ အစပိုင်းလှေခါးထစ်လေးတွေက နေတက်လာရင်း တစ်ဖြည်းဖြည်းမတ်လာတယ်ဗျ ၊၊ လေးငါးထစ်လောက် တက်လိုက် နားလိုက်နဲ့ တစ်ယောက်ကို တစ်ယောက်စောင့်ရင်းတက်ခဲ့ကြတယ် ၊၊ လှေခါးထစ်တွေဆုံးတော့ မြေလမ်းကနေတက်ရတယ်ဗျ တောင်ပေါ်ဆို လမ်းကကျဉ်း မိုးရွာထားတော့ လမ်းကချော် တစ်ယောက်လက်ကို တစ်ယောက် တွဲရင်း ဆက်တက်လာခဲ့တာ တောင်ခြေကရွာလေးကို သေးသေးလဲမြင်ရတော့မယ် အိမ်ကလေးတွေက လက်သည်းခွံလောက်လေးတွေဘဲ ရှိတော့တာဗျ ၊၊ ရှေ့ကရောက်နေတဲ့လူတွေကလည်း နောက်ကလူတွေကို စောင့်ရင်း စည်းစည်းလုံးလုံးတက်ခဲ့ကြတယ်၊၊လမ်းတစ်လျှောက်မှာ တောင်ခြေကတောင်းလာတဲ့ မုန်လာဥနီတစ်လုံးကို အဖွဲ့ထဲက မောင်မနှမလေးယောက်စားရင်း ဆက်ဖီဆွဲရင်း တောင်ပေါ်ကိုဆက်တက်လာခဲ့တယ်ဗျ ၊၊

received_881147152038705.jpeg

အပေါ်ကို ရောက်ခါနီးပြီလားဟု ပြန်ဆင်းလာတဲ့ အဖွဲ့တွေကို မေးရင်း ရှေ့ တစ်ကွေ့ဆိုရောက်ပြီ ဆိုတဲ့ အားပေးစကား(ဂျင်းစကား)နဲ့ဘဲ ဆက်ပြီးတက်လာခဲ့ကြတယ် ၊၊သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ တောင်ပေါ်ကိုရောက်လာခဲ့ကြတယ်ဗျ ၊၊

တောင်ပေါ်ကိုရောက်တော့ ကျွန်တော်မှာပါလာတာတဲ့ Shark နှစ်ဘူးကိုတစ်ယောက် တစ်ဦးသောက်ဖြစ်ကြတယ် Shark မသောက်ခင် ရွံပေနေတဲ့ခြေထောက်တွေကို ဓာတ်ပုံရိုက်ရင်း Shark ဘူးတွေကိုင်ပြီး ဓာတ်ပုံတွေရိုက်ရင်း ပျော်ခဲ့ကြတယ်၊
IMG_20170717_105059.jpg

ကလောမြို့ကို အဝေးကနေ အပေါ်စီးကကြည့်ရင်း သူငယ်ချင်းတွေနဲ့အတူ ဓာတ်ပုံလည်းရိုက်ဖြစ်တယ် ၊၊
IMG_20170717_104646.jpg

မြင်းမထိတောင်ပေါ်ကနေ ဆင်းပြီး မြင်းမထိ လိုဏ်ဂူ ဘုရားကို ခြေလျင်ခရီးဆက်ခဲ့ကြတယ်ဗျ ၊၊ လမ်းတစ်လျှောက်လုံး သူနဲ့ စကားတပြောပြောနဲ့ပေါ့ဗျာ ၊၊ သူ့မှာ ပါလာတဲ့ မြင်းမထိတောင်ခြေက စိုက်ခင်းထဲကတောင်းလာတဲ့ မုန်လာဥနီ တစ်လုံးကို နှစ်ယောက်သား ဗိုက်ဆာဆာနဲ့ တစ်ယောက် တစ်ကိုက်စားလာခဲ့တယ်ဗျ ၊၊ ဗိုက်ဆာနေတဲ့အချိန်ဆိုတော့က အရသာက ကောင်းတယ်ဗျ ၊၊ဆေးမဖြန်းဘဲ သဘာဝမြေသြဇာနဲ့ စိုက်ထားတော့ စားရတာ အရသာရှိပြီး တော်တော်လေးချို တယ်ဗျ ၊၊ခရမ်းချဉ်သီးခင်းနား အရောက် ကျွန်တော် ခရမ်းချဉ်သီးတစ်လုံး ခိုးပြီးခူးပေးလိုက်သေးတယ် ၊၊ ဒါပေမဲ့ ခရမ်းချဉ်က အစိမ်းကြီးဖြစ်နေတာ စားလို့မကောင်းတော့မစားဖြစ်ဘူးဗျ ၊၊
မြင်းမထိလိုဏ်ဂူရှေ့ရောက်တော့ ဖိနပ်တွေကိုချွတ် မြင်းမထိလိုဏ်ဂူထဲကို သူမနဲ့ အတူတူ ကျွန်တော်ဆီမှာပါလာတဲ့ ဓာတ်မီးအလင်းရောင်ကို အားကိုးပြီးဝင်ရင်း ဘုရားတွေရှိခိုး၊ကျောက်စက်ကကျနေတဲ့ ရေတွေပါးစပ်နဲ့ခံပြီးသောက်ပြီး ဆက်လျှောက်လာခဲ့တယ်ဗျ ၊၊ဂူထဲကနတ်သမီးကျောက်ပြင်ကို ရောက်တော့ ရှေ့ကအဖွဲ့ကလူတွေလည်းတစ်ယောက်ကိုတစ်ယောက် သနပ်ခါးသွေးပေးရင်း သနပ်ခါးတွေလိမ်းပေးနေကြတာ ပျော်စရာမြင်ကွင်းတစ်ခုပါဗျာ ၊၊အဲနေရာမှာသူလည်း သနပ်ခါးလိမ်းရင်း သနပ်ခါးတစ်တို့ယူပြီး ကျွန်တော့်ဘယ်ဘက်ပါးပြင်ကို လာလိမ်းပေးတယ် ၊၊ တစ်ဖက်ထဲပါကောဆိုတော့က မရှိတော့လိုတဲ့ ၊၊ သနပ်ခါးတစ်ဖက်နဲ့ဆက်ပြီးလျှောက်လာရင်း ဂူအထွက်ကဘုရားဆီကိုရောက်လာခဲ့တယ်ဗျ ၊၊ဂူအထွက်ကဘုရားကို နှစ်ယောက်သားဦးခိုက်ပြီး ဂူကနေပြန် အထွက် ဈေးလေးကိုဖြတ်လျှောက်ပြီး အဝင်နေရာကိုပြန်ရောက်လာခဲ့တယ်ဗျ ၊၊ အဲဒီအချိန်မှာ မိုးလေးဖွဲဖွဲလေးရွာလာနေပြီဗျ ၊၊ဖိနပ်မြန်မြန်ဝတ်ပြီး အချိန်ကြည့်တော့ အချိန်ရသေးတာနဲ့ တစ်ခုခုစားဖို့ ပြောကြပြီး သူအရင်ဆိုင်ကိုသွားနှင့်တယ်ဗျ ၊၊ပြီးရင်လိုက်ခဲ့တဲ့ ပြောပြီးကျွန်တော့်အနားကနေ ထွက်သွားခဲ့တယ် ၊၊ ဆိုင်ထဲရောက်တော့ ရှမ်းခေါက်ဆွဲရယ် ၊ တိုဟူးနွေးရည်ဘဲ ရတာတဲ့ မစားချင်တာနဲ့ အအေးသောက်ဖို့ နှစ်ယောက်သားထပြီး ဆိုင်ထဲမှာရှာကြတယ် ၊၊ နှစ်ယောက်သားအတူတူ လစ်ပို တစ်ယောက် တစ်ပုလင်းစီဘဲ ရွေးခဲ့ကြတယ် ၊၊ သောက်လို့မကုန်ခင် မိုးတွေသည်းလာခဲ့တယ် ၊၊ မိုးကမိနစ် ၂၀ လောက် ရွာအပြီးပြန်ပြီး တန်းစီကျရတယ် ၊၊ ကလောကိုလိုက်မဲ့ အဖွဲ့နဲ့ မြင်းတိုက်ကိုပြန်မဲ့အဖွဲ့နှစ်ဖွဲ့ခွဲတယ်ဗျ ၊၊ ကိုယ်တိုင်လိုက်ချင်တဲ့ လူတွေကို ကိုယ့်ဆန္ဒနဲ့ကိုယ် ဆုံးဖြတ်ရတဲ့အချိန်မှာ သူကောကျွန်တော်ပါ အတူတူ ကလောကို ဆက်ပြီး လိုက်ဖို့အဖွဲ့ထဲပါဝင်ခဲ့ကြတယ်ဗျ ၊၊နေ့လည် ၂ ခွဲ လောက်စတင်ထွက်ခွာခဲ့ကြတယ်ဗျ ၊၊ မြင်းမထိဂူကနေ ကလောကို မိုးရေတွေထဲ ရွံတွေ ဗွက်တွေထဲမှာ ကျွန်တော်တစ်ယောက်တည်းဖြတ်သန်း လာခဲ့တာ ပထမတစ်ခါနားတဲ့အနားမှာ သူမနဲ့ ကျွန်တော်ပြန်တွေ့ခဲ့ကြတာဗျ ၊၊ ဆက်ပြီးအတူတူလျှောက်လာရင်း ထင်းရူးတောအဝင်ကို ရောက်လာခဲ့ကြတယ်ဗျ ၊၊ ဘေးကလမ်းပြဆီက ကျွေးချင်ဘူးလားမေးပြီး တောင်းစားခဲ့တယ်လေ ၊၊ မုန်လာဥနီ တစ်လုံးကို ထင်းရူးတောထဲမှာ နှစ်ယောက်သား ဆာဆာနဲ့စားရင်း ဓာတ်ပုံရိုက်ရင်း ဖြတ်သန်းခဲ့ကြတယ်ဗျ ၊၊ တစ်ယောက်တစ်လှည် ဓာတ်ပုံရိုက်ပေးရတာ တော်တော်လေးကိုပျော်ဖို့ကောင်းတဲ့ အမှတ်တရတစ်ခုပါဗျာ ၊၊

ဘာလိုလိုနဲ့ ကလောဘူတာကိုရောက်လာတယ်ဗျ ၊၊ နှစ်ယောက်သားနာမည်စာရင်းပေးပြီး ကလောဈေးထဲကို အပြေးအလွှား အချိန် နာရီဝက်နဲ့သွားခဲ့ကြတယ် ၊၊ စထွက်တော့ကိုဘဲ အချိန်က ၂၅ မိနစ်လောက်ဘဲကျန်တော့တယ်ဗျ ၊၊ကလောဈေးကို ရောက်တော့ စစခြင်းအကြော်ဝယ်စားဖြစ်တယ် ၊ အဲဒါကတော့သူဝယ်ကျွေးတာပေါ့ ၊၊ဆက်လျှောက်လာရင်း ပလာတာရောင်းတဲ့တွန်းလှည်းလေးနားရောက်တော့ စားမယ်ဆိုပြီး ရပ်ပြီးစပ်စုကြတယ် ကြာမယ်ဆိုတာနဲ့ ဈေးထဲကိုဘဲဆက်ပြီးဝင်ခဲ့ကြတယ်ဗျ ၊၊ဈေးထဲရောက်တော့ ပြေးပြေးလွှားလွှား ရှမ်းခေါက်ဆွဲဆိုင်ကို သွားပြီး တိုဟူးနွေး တစ်ယောက်တစ်ပွဲမှာစားကြတယ် အဲအချိန်မှာ သူလည်း အချိန်မရဘူးတဲ့ သွားမယ်ဆိုပြီး စားတုန်း တန်းလန်း ထသွားတယ်ဗျ ၊၊ ကျွန်တော်ကတော့ သူရထားမမှီမှာဆိုးလို့ ထပြန်သွားတယ်ထင်ပြီး အေးဆေးပေါ့ဗျာ ၊၊ ရှမ်းခေါက်ဆွဲဆိုင်ကနေ အပြန်လမ်းမှာလိုတဲ့ ရေ၊အအေးတွေဝယ်ပြီးဈေးထဲ ပါတ်ကြည့်ခဲ့တယ်၊၊ ပြန်ခါနီးကလောက အပြန်ဝိုင်ပုလင်း တစ်လုံးဝယ်ရင်း ဘူတာဆီကိုတစ်ယောက်တည်း လမ်းလျှောက်ပြန်လာခဲ့ရတယ်၊၊
ဆက်လက်ဖတ်ရှုရန်.....................

Myanmar Steemit

Written by hpone ko ko myint

Sort:  

Good Article

ဆက်လက်အားပေးနေပါမည်

စောင့်မျှော်လျက်ပါ။ ခရီးသွားဆောင်းပါးတွေဖတ်ရတာ တကယ်သဘောကျပါတယ်။

အရမ်းသွားချင်နေတဲ့နေရာ

Coin Marketplace

STEEM 0.19
TRX 0.14
JST 0.030
BTC 61420.98
ETH 3276.21
USDT 1.00
SBD 2.47