မျောက်နှင့်တူသော လူ့ စိတ်

in #myanmar6 years ago

image

လူ့ စိတ်ဆိုသည်ကလည်း အခက်သား ။ ဒါကြောင့် လူ့ စိတ်ဟာ မျောက်နဲ့ တူတယ် ဆိုပြီး ရှေးလူကြီးတွေ ဆုံးမခဲ့ရာ ဖြစ်ဟန်တူပေသည် ။ မျောက်ဆိုသည်က ငြိမ်ငြိမ်မနေ ဟိုသစ်ကိုင်းမှ ဒီသစ်ကိုင်းသို့  ခုန်ကူးနေသလို လူ့ စိတ်ကလည်း ဧကဂ္ဂတာ တည်ငြိမ်မှု သမာဓိမရှိ ဟိုအာရုံ ဒီအာရုံကူးပြောင်းနေတတ်ပြန်သည် ။ ဒါကြောင့် မဂ်လမ်း ဖိုလ်လမ်း လျှောက်လှမ်းဖို့ ဆို သမာဓိကို အဓိကဆောက်တည်နိုင်ကြရမည်ဟု ဘုရားရှင် ဟောထားခဲ့ခြင်းဖြစ်ပေမည် ။ ခုလည်းရေးလိုသည့်အကြောင်းအရာသို့ မရောက်သေးပေ ။ ဟိုရောက် ဒီရောက်ဖြစ်နေပြန်သည်ကို သတိထားမိပြန်သည် ။ယခုအချိန်က စာမေးပွဲကာလမို့  စာအုပ်နှင့်မျက်နှာ မခွာနိုင်အောင်ပင် လေ့လာကြိုးစားနေရသည် ။ သို့ သော် စာအုပ်နှင့် နည်းနည်းလေး ဝေးသွားသည်နှင့် steemit ကိုသတိတရ ဖွင့်ကြည့်မိပြန်သည် ။ ထို့ ကြောင့် စာကျက်ပြီဆို ဖုန်းပါ သော့ခတ်ပြီး သိမ်းထားရသည် ။ အာရုံကို ထိန်းချုပ်နိုင်ဖို့  အမျိုးမျိုး ကြံစည်နေရတော့သည် ။

image

ယခုလည်း စာတစ်ပုဒ် သို့  စာတော်တော်များများရေးချင်စိတ်ဖြစ်နေပြန်သည် ။ ဒါကြောင့် အာသာပြေသည့်အနေဖြင့် စာရေးလိုက်ရသည် ။ ဘာအကြောင်းရေးမလဲဆိုတော့ ခေါင်းထဲမှာ တန်းစီလို့ နေသည် ။ စာကျက်ချိန် ဖုန်းကို သော့ခတ်သိမ်ထားပေမဲ့ အာရုံကို သော့ခတ်မသိမ်းထားသောကြောင့် steemit ပေါ်တွင် ပိုစ့်တစ်ခုတော့ တင်ရပေပြန်သည် ။ မိမိတို့ လေ့လာကျက်မှတ်နေရသည်ကား ဇာတ်တော်များ ပါဠိ အဌကထာ များဖြစ်သည် ။ ဒီတော့ စာကျက်ခဏနားသည်နှင့် ထိုဇာတ်တော်များကို မိမိအမြင်မိမိရှုထောင့်ဖြင့် သုံးသပ်လိုစိတ်က ပေါ်လာပြန်သည် ။ ခေါင်းထဲမှာပင် စကားလုံးတွေစီရီနေမိပြန်သည် ။ ထိုအာရုံနောက် လိုက်သွားမိသည်နှင့် စာတစ်ပုဒ်က စိတ်ကူးထဲတွင် ရေးမိသွားပြန်သည် ။ အဆုံးသတ်တွင်တော့ မဖြစ်သေးပါဘူးဆိုကာ စာကျက်သည့်ဘက် အာရုံပြန်လှည့်ရပြန်သည် ။ ဒီလိုနဲ့ အတွေးထဲ စာစီလိုက် စာပြန်ကျက်လိုက်နှင့် ထင်သလောက် ခရီးမပေါက်ပြန်ပေ ။ ဒီတော့ ကိုယ့်ကိုကိုယ် ဒဏ်ပေးရသည် ။

image

စာရေးချင်စိတ်ဖြစ်နေပြီလား ။ ဒါဆို တစ်နာရီအတွင်း စာမေးပွဲဆိုင်ရာ ပြဌာန်းစာကို ဤ၍ ဤမျှ ကျက်ပေတော့ ။ စာရပြီဆိုမှ ဖုန်းပြန်ကိုင် ရေးချင်တဲ့စာရေးဆိုပြီး ကိုဟ့်ကိုကိုယ် ပြန်ခိုင်းရတော့သည် ။ ဒီနည်းလမ်းက မိမိအတွက် အဆင်ပြေသွားသည် ။ ခရီးလည်းတွင်သည် ။ စာရေးခြင်းဝါသနာ စွဲကပ်နေသည်မို့  စာကို သတ်မှတ်ထားသည့်အချိန်အတိုင်း စူးစိုက်ကျက်လိုက်သည် ။ သတ်မှတ်ချိန်ထက်ပင် စောပြီး ကျက်မှတ်နိုင်ခဲ့သည် ။ ဒါဆို ဖုန်းကိုင်စာရေးလို့ ရပြီဆိုပြီး ယခုလို တတောက်တောက်နှင့် စာစီနိုင်ခြင်းဖြစ်ပါသည် ။ ဒါနဲ့ ရေးဖို့ စာက တွေးထားပြီးသားများ ရှိပါသည် ။ ဥပ္ပလဝဏ်ထေရီ ရဟန္တာမအကြောင်းရေးရမလား ။ သူအကုသိုလ်ကံကြောင့် ရဟန္တာထေရီမဖြစ်သည့်တိုင်အောင် ယုတ်မာသော ယောကျာ်း၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည် ။ ဒါမရုန်းကန်နိုင်လို့ ဖြစ်မည် ။ သူ့ နေရာမှာ ဆင်ပြောင်ငါးစီးအား ဆောင်နိုင်သော ခွန်အားကြီးမားသည့် ဝိသာခါ ကျောင်းအမကြီးဆို ဖျက်ဆီးခြင်းခံရပါ့မလား ဆိုပြီး မိမိအတွေးဖြင့် version အသစ်တွေ လုပ်ခဲ့ပေမဲ့လည်း ယခုမရေးနိုင်သေးပေ ။ မုသားပြောရုံမျှဖြင့် မြေမျိုခံရသည့် စေတိယမင်းကြီးအကြောင်းရေးရင်ကောင်းမလားဆိုပြီးလည်း စာစီထားသေးသည် ။ ဆုတ်ကပ်ဖြစ်နေသည့်မိမိတို့ ကာလမှာ မိဘစော်ကားတာတောင် မြေမျိုသည့်သတင်း မိုးကြိုးပစ်သည့်သတင်းမကြားရတော့သည်မှာ ကြာခဲ့သည် ။ မိမိအထင် နောက်ဆုံးမြေမျိုခံရသူက မရင်ရွှေဆိုလား ၂၀၀၂ ခုနှစ် ဝန်းကျင်လောက်က ဖြစ်မည် ။ နောက်တစ်ယောက်က ဖိလစ်ပိုင်လား အင်ဒိုနီးရှားလား မကွဲပြားတော့ပေ ။ မိဘကို ဆိုင်ကယ်အသစ်မဝယ်ပေးလို့  စော်ကားခဲ့သူ မိုးကြိုးမသေမချင်းလိုက်ပစ်ခံရပုံတွေ ပြန်တွေးတိုင်းကြောက်ရွံ့မိပါသေးသည် ။ ယခုခေတ်ကာလတွင် မိဘကို စော်ကားသူတွေ ယခင်ကထက် များပြားလာသည် ။ ဘာကြောင့်မြေမျိုခြင်း မိုးကြိုးပစ်ခြင်းတွေ မရှိတော့တာလဲ ဆိုတဲ့အကြောင်းတရားတစ်ချို့ကို မိမိအမြင်ဖြင့်တွေးထားတာတွေလည်းရှိပါသေးသည် ။ အဲ့အကြောင်းတွေ ရေးဖို့ ဆိုပြီး ဖုန်းကိုင်စာစီပေမဲ့ ရေးဖြစ်တာက တစ်ခြားဖြစ်နေပြန်သည် ။ ဒါကြောင့်ပြောတာ လူ့ စိတ်က မျောက်လိုပါပဲလို့  စိတ်ကိုသာ သေချာချုပ်တည်းနိုင်လို့ ကတော့ " စေ"တစ်လုံးပိုင်ရှင်ဖြစ်တာ ကြာပေတော့မည် ။ အပေါ်က ပြောခဲ့သည့် အတွေးများကတော့ နောက်မှသာ အလျဉ်းသင့်သလို ရေးသားတော့မည် ။ ယခုစာတစ်ပုဒ်ရေးလိုက်ရ၍ အနည်းငယ်မျှတော့ စိတ်ကျေနပ်သွားပေသည် ။ MSC မှ မိတ်ဆွေများလည်း စာရေးခြင်း စာဖတ်ခြင်း ဝါသနာစွဲကပ်၍ စာကောင်းပေကောင်းများ ဖန်တီးနိုင်ကြပါစေဟု ဆန္ဒပြုလျက်. . . .

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူ သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

တပည့်တော် မှတ်ထားပါမယ်ဘုရား ... အလျှင်းသင့်တဲ့အခါ စာမေးပွဲတွေ ပြီးတဲ့အခါ အရှင်ဘုရားရဲ့ list တွေ တင်ဖို့ သတိလာပေးပါ့မယ်ဘုရား... ဖတ်ချင်လို့ပါ။

ဘယ်သန်လားအရှင်ဘုရား

မဟုတ်ဘူး ပုံထဲမှာ ဘယ်သန်ပေါ်နေတာ

အယ် ဖုန်းကိုသော့ခတ်ထားရတဲ့အဆင့် ရောက်နေပြီးလား ဆရာတော်

တခြား social တွေကြောင့်မဟုတ်ပါဘူး steemit ကြောင့်ပါ

ဦးဇင်းေ ပြာတဲ့‌ကြောင်းအရာ‌လေး‌တွေ‌ရေး‌ပေးပါဦးဘုရား။အားမှပါ။

ရေးပေးပါ့မယ် အဲ့အကြောင်းလေးတွေ သိသင့်တယ်လို့ လည်း ထင်တယ်လေ

ဒီလိဘဲ​ပေါ့ အရှင်​ဘုရား​ရေ့ အပုဒ်​​ပေါင်း​မြောက်​များစွာအ​ရေးကြင့်​​နေရင်​ တပုဒ်​​ကောင်းနှစ်​ပုဒ်​ ​ကောင်းက​တော့ထွက်​လာမှာပါ

ဒါပေါ့ ရေးနေဖို့ သာလိုတာပါ

သမာဓိထူထောင့်လို့အကောင်းဆုံး ကမ္မဌာန်းက ဘာဖြစ်မလဲ ဦးဇင်းရေ။ ကြားဖူးတာကတော့ ဖားအောက်မှာတော့ ဓာတ်ကြီး (၄)ပါးကမ္မဌာန်းကို ပေးပါသတဲ့။

ကမ္မဌာန်းက အပါး ၄၀ ရှိပါတယ် ဓာတ်ကြီး ၄ ပါးကမ္မဌာန်းကတော့ လူတိုင်းနဲ့ သင့်တော်တဲ့အတွက် ရှုမှတ်နိုင်ပါတယ် ဒါကြောင့် ဖားအောက်က အဲ့ကမ္မဌာန်းသာ ရှုခိုင်းတာပါ တခြားသော လယ်တီ ဝေဘူ စွန်းလွန်း မိုးကုတ် မဟာစည် စတဲ့ ရိပ်သာတွေဟာလည်း သူ့ နည်းသူ့ ဟန်နဲ့ တရားပြပေးကြတယ် ဒါပေမဲ့ ဒီကမ္မဌာန်း ၄၀ ထဲက မထွက်ပါဘူး ဘယ်ကမ္မဌာန်းက သမာဓိထူထောင်ကောင်းလဲဆိုတော့ မိမိသန္တာန်ကို ကြည့်ပြီးဆုံးဖြတ်ရတာပါ မိမိက တဏှာရာဂ အားကြီးသူဆိုလျှင် အသုဘ ကမ္မဋ္ဌာန်း လောဘ အားကြီးသူ ဒေါသအားကြီးသူ စတဲ့ သူတွေအတွက်လည်းသင့်တော်တဲ့ကမ္မဌာန်းတွေ သတ်မှတ်ပေးထားပါတယ် ဘုရားရှင်လက်ထက်က ရွှေပန်ထိမ်သည် သူဌေးသားကို အသုဘ ကမ္မဌာန်းမှားပေးမိလို့  တရားထူးမရ သမာဓိမရတဲ့အပြင် စိတ်ပျက်သွားလို့  လက်ကိုင်ပဝါလေးကို လုံးချေရင်း ရှုမှတ်ရတဲ့ ကမ္မဌာန်းမျိုး ပြောင်းပြီးပေးခဲ့ရဖူးပါတယ် အကျဉ်းချုပ်ဆိုရရင်တော့ မိမိသန္တာန်မှာ အားကြီးတဲ့ ကိလေသာကို တိုက်ဖျက်ဖို့  လိုက်ဖက်တဲ့ ကမ္မဌာန်းသာ အဓိကကျပါတယ် ဓာတ်ကြီး ၄ ပါးကမ္မဌာန်းကတော့ ဘုံပေါ့ သူက လူတိုင်းနဲ့ သင့်တော်တယ် ဒါပေမဲ့ ကိုယ့်သန္တာန်နဲ့ ကိုက်ညီမဲ့ ကမ္မဋ္ဌာန်းကို ရှုမှတ်နိုင်လျှင် ပိုပြီး အဆင်ပြေပါတယ် သမာဓလည်း ထူထောင်နိုင်ပါတယ်ဟုသာ ဖြေဆိုလိုက်ပါရစေ

စာရေးကျင့်ဖြစ်နေတော့ တော်တော်နဲ့ဖျောက်ပစ်ဖို့ ခက်ပါတယ် ဘုရား

ဟုတ်တယ် မတ်စုရေ မအားဘူးဆိုကာမှ ရေးစရာတွေ တန်းစီပေါ်လာနေလေရဲ့

ရေးပါ ဘုရား
နိပတ်တော်တွေကို အရှင်ဘုရားရဲ့ version လေးနှင့်ဆိုရင် တမျိုးတော့ ဆန်းမပေါ့။

မိဘကို မသေမချင်း လုပ်ကျွေးပါ့မယ် ဦးဇင်း😊

ရေးပါဘုရား ဆက်ရေးပါ စောင့်မျှော်ဖတ်ရှုပါမယ်

Coin Marketplace

STEEM 0.17
TRX 0.14
JST 0.028
BTC 58097.21
ETH 2581.79
USDT 1.00
SBD 2.41