သီတဂူဆရာတော်ဘုရားကြီး သဲကုန်းသို့ ကြွလာခြင်း

in #myanmar6 years ago

image

30.8.2018 ( ကြာသာပတေးနေ့  ) ကျက်သရေမင်္ဂလာအပေါင်းနှင့် ပြည့်စုံသော နေ့ လေးတစ်နေ့ ဟုသာ ဆိုချင်ပါသည် ။ ဘာလို့ လဲဆိုတော့ သာသနာဥသျှောင်ဆရာတော်တစ်ပါး မိမိတို့ မှီတင်းနေထိုင်ရာ သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဖြစ်တော်မူသော သီတဂူဆရာတော်ဘုရားကြီးအား ဖူးမြော်ခွင့်ရသောနေ့ ဟု ဆိုနိုင်ပါသည် ။ ဆရာတော်ကြီးမှာ သက်တော် ၈၀ ကျော်နေပြီဖြစ်ပေမဲ့လည်း အေးဆေးသက်သာစွာ နားနေရသည်ဟူ၍ မရှိပေ ။ အချိန်တိုင်း အလုပ်လုပ်နေတော်မူသည် ။ ယမန်နေ့  ရုရှားမှ ပြန်ကြွလာသည် ။ မနေ့ ကတော့ သုံးဆယ်မြို့ ညတရားပွဲဟောပြောပေးရပြန်သည် ။ ယနေ့ အဖို့ ကတော့ မိမိတို့ တပည့်များကို ဆုံးမသြဝါဒများမိန့် ကြားဖို့ အတွက် သဲကုန်းမြို့လေးသို့  ကြွရောက်လာခဲ့ခြင်းဖြစ်သည် ။ ဆရာတော်ကြီး၏ မျက်နှာတော်မှာ အလွန်နွမ်းနယ်နေဟန် ထင်ပေါ်နေပါသည် ။ သို့ ပေမဲ့လည်း ပင်ပန်းလို့ အနားယူဦးမယ်ဆိုတာမျိုး ဘယ်သောအခါမှ မကြားမိပါချေ ။

image

နောက်ထပ်ထူးခြားမှုတစ်ခုရှိသည် ။ ဆရာတော်၏ ကပ္ပိယ ဒကာ ဒကာမများသည် တစ်ဦး နှစ်ဦးမဟုတ်ပါချေ ကားသုံးစီးစာမျှ ပါရှိကြသည် ။ အကုန်လုံးလိုလို ဆရာတော်ကြီး ဘယ်ခရီးစဉ်ကိုကြွသည်ဖြစ်စေ ဆရာတော်နည်းတူ အပင်ပန်းခံ၍ အနီးကပ်ကြည်ညိုကြသော ဥပါသကာများပင် ဖြစ်ကြသည် ။ ထိုအဖွဲ့အစည်းတွင်ဆရာဝန်ပါသည် ။ သူဌေး သူကြွယ်များပါသည် ။ သူတို့ ၏ ဆန္ဒကား ဆရာတော် နှုတ်ဖျားမှ ထွက်လာသမျှ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းနိုင်ဖို့  နောက်ပါးကနေ တကောက်ကောက် လိုက်နေကြခြင်းပင်သည်ဟု ဆရာတော်က မိန့် ပါသည် ။ မိမိတို့ ကိုလည်း ဆုံးမသည် ။ " မင်းတို့ ကောင်တွေ ပညာတတ်အောင်သင် အပြောအဆို အနေအထိုင်တွေ ယဉ်ကျေးအောင်နေ နောက်တစ်ခုက အများအတွက်အလုပ်လုပ် ဒါဆို ငါ့လိုပဲ ဒကာ ဒကာမတွေ ချစ်ခင် ကြည်ညိုလာလိမ့်မယ် ။ အေး သူတို့ တွေ ချစ်ခင် ကြည်ညိုပြီဆိုတာနဲ့ လိုတိုင်းတရနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်သွားမယ် ။ ငါဆိုရင် မလိုက်ပါနဲ့ မလှုကြပါနဲ့လို့  ပြောလို့ မရတော့ဘူး ။ ပြောလေ ပိုကြည်ညိုလေ ပိုလှုလေပဲကွ ခုတခြားမြို့တွေမှာ ငါတက္ကသိုလ်ဖွင့်ဖို့  စိတ်ကူးရုံရှိသေးတယ် သူတို့ တစ်တွေက သင့်တော်တဲ့နေရာမှာ မြေတောင်ဝယ်ထားပေးပြီးပြီးကွ ဒါကြောင့် ဒကာဒကာမတွေ ချစ်ခင် ကြည်ညိုအောင် နေကြပါ " ဆိုပြီး ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်နိုင်သည့် အရည်အချင်းများကို မွေးမြူဖို့  ဆုံးမပေးခဲ့ပြန်သည် ။

image

ဆရာတော်၏ နောက်ထပ် အံ့ဖွယ်တစ်ခုရှိပါသေးသည် ။ သက်တော် ၈၀ ကျော်နေပါသော်လည်း အသံတော်မှာ တုန်ယင်ခြင်း အလျဉ်းမရှိပေ ။ တောသုံးထောင် အစိုးရသည့် ကေသရာဇာခြသေ့်မင်းတို့ ၏ အသံတော်ကဲ့သို့  သြဇာအပြည့်ရှိသည် ။ ကြားရသူအပေါင်း၏ နှလုံးသားကို ဖျစ်ညှစ်ဆုပ်ကိုင်ထားသကဲ့သို့  ထိုအသံတော်မှ တစ်ပါး တခြားသို့ အာရုံမရောက်နိုင်တော့ပေ ။ နိုင်ငံတကာပွဲများတွင် ဆရာတော်ကြီး စာတမ်းဖတ်သည်နှင့် နားထောင်သည့်ပရိတ်သတ်များ ငြိမ်ကြသွားသည် ။ ဤသည်က ထူးခြားချက်ပင် ။ ပရိတ်သတ်မည်မျှပင်များစေကာမူ ကြောက်ရွံ့ခြင်း အလျင်းမရှိ ပညာရဲရင့် ပွဲလယ်တင့်သကဲ့သို့ ပင် ဖြစ်တော့သည် ။ အနီးစပ်ဆုံး ဥပမာပေးရလျှင် ရွှေတိဂုံစေတီတော် နှစ်၂၆၀၀ ရာပြည့်ပွဲတော်၌ သတိထားမိကြမည် ထင်ပါသည် ။ သိန်းချီသော လူအုပ်ကြီး၏ အသံကား ဆူညံပွက်နေပေမဲ့ ဆရာတော်၏ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ခြသေ့်ဟိန်းသံကြောင့် ပုန်းကွယ်နေရသော ယုန်သူငယ်များသဖွယ် တိတ်ဆိတ်ငြိမ်သက်သွားကြသည် ။ ဒါကိုကြည့်ခြင်းအားဖြင့် ဆရာတော်၏ အသံတော်သည် ပါရမီထူးသောကြောင့် ဖြစ်မည်ဟု ခံစားမိသည် ။

ဆရာတော်ကြီး၏ဂုဏ်ရည်များနှင့် သြဝါဒများ ဆက်လက်ဖော်ပြပေးပါ့မည် ။

မိမိအား ချစ်သူ မုန်းသူ ထိုထိုလူအပေါင်း သီတဂူစန်းလပမာ ချမ်းမြသာယာရှိကြပါစေ ။

MSC-181
Author @gunapeya
image

Sort:  

ဆရာတော်ကြီး သက်တော်ရာကျော်ရှည်စေချင်ပါတယ်ဘုရား သာသနာ့ဥသျောင်ဆရာတော်ကြီးလည်းဖြစ်ပါတယ်ဘုရာ့

ဖြစ်နိုင်ရင် ဦးဇင်းသက်တမ်းတစ်ဝက်တောင် လှုလိုက်ချင်ပါရဲ့

အဲ့လိုသာ ရရင် တပည့်တော် ခုအချိန် အသက်မရှိလောက်တော့ဘူးထင်ပါတယ် ။

ဆရာတော်ကြီးကိုလေးစားကြည်ညိုကန်တော့လျှက်ပါဘုရား

ဟုတ်ကဲ့ တူတူပါပဲ

ဆရာတော်ကြီးကို ဖူးချင်လှပါတယ်

ဖူးခွင့်ရမှာပါကွယ်

ဆရာကောင်းကို အတုယူနိုင်ပါစေ ဘုရား

ဟုတ်ကဲ့ ကြိုးစားနေပါတယ်

တင်ပါ့ဘုရား ဆရာတော်ကြီးအသံတော်က ထူးခြားပြီးသြဇာရှိလှပါတယ်

ဆရာတော်ကြီးတရားတွေဆို နားထဲစွဲနေတယ်

သီတဂူဆရာ‌တော်‌ဘုရားကြီးရဲ့ ဂုဏ်‌‌တွေကို‌ရေးသားရရင်‌ ကျမ်းတစ်‌‌စောင်‌‌တောင်‌ ‌ရေးလို့ရပါတယ်‌။တစ်‌‌ခေတ်‌မှာ တစ်‌ပါးလို့ ဆိုရ‌လောက်‌‌အောင်‌ သာသနာ ပြုလုပ်‌ငန်း‌တွေ လုပ်‌‌ဆောင်‌‌နေတာပါ ။ဦးခိုက်‌လိုက်‌ပါတယ်‌ အရှင်‌ဘုရား။

ဟုတ်ပါတယ် ကမ္ဘာကပင်သိအောင် စွမ်းဆောင်နိုင်သူပါ

မှန်လှပါဘုရား။ငယ်စဉ်ကတည်းက ဆရာတော်၏တရားပွဲ အသံကြားရင် အရမ်းထူးခြားပြီး အသံသြဇာ ပါရမီနဲ့ပြည့်စုံသောဆရာတော်ကြီးလို့ စိတ်ထဲမှာ မှတ်ခဲ့ရတာယနေ့တိုင်ပါပဲဘုရား။ဆရာတော်ကြီး၏ဂုဏ်ရည်များ ဆက်လက်မျှဝေပေးမည်ဆိုတော့ ဝမ်းသာပီတိဖြစ်ရပါတယ်အရှင်ဘုရား။စာရေးသူအရှင်ဘုရားလည်း ကျန်းမာ ချမ်းသာ ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

ဟုတ်ကဲ့ တတ်နိုင်သလောက်တော့ ရှာဖွေရေးသားပေးပါ့မယ်

မပြင်မှာ မိနစ်ပိုင်းလေး ဖူးတွေ့လိုက်ရဘူးပါတယ် သာသနာ့ဦးသျှောင်ဆရာတော်ကြီးတစ်ပါးပါဘဲ

ဟုတ်ပါ့မတ်စုရေ ကြည်ညိုစရာကြီးပါ

သီတဂူဆရာတော်ကို နောက်တခေါက်လောက် ဖူးတွေ့ချင်မိပါသေးတယ်။ ဆရာတော် သက်တော်ရာကျော်ရှည်ပါစေ

မိမိလည်း အမြဲဆုတောင်းပေးမိပါတယ်

ဆရာတော်ကြီးရဲ့ဗုဒ္ဓဝင်တရားတော်တွေ
နာကြားရတာတကယ်ပီတိဖြစ်မိတယ်

ထပ်တာပါပဲကွယ်

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63931.73
ETH 2663.43
USDT 1.00
SBD 2.84