နေတက် ရေတက်ဖွားများ ( ၂ )

in #myanmar6 years ago

image

တင်သိန်းကား နှစ်ခြိုက်စွာ အိပ်မောကျနေလေသည် ။ မီးဖိုချောင်ထဲက မိခင် ဖြစ်သူမှာတော့ ချက်ပြုတ်ရင်းမှ တင်သိန်းအပေါ် စိုးရိမ် သင်္ကာမကင်းဖြစ်နေရသလို တစ်ချက် တစ်ချက် လှမ်းလှမ်းကြည့်နေမိသည် ။ ယခုလိုပူပန်နေရသည်ကား တစ်နေ့ လည်း မဟုတ် တစ်ရက်လည်းမဟုတ်သာ ။ တင်သိန်းကား ဒုတိယကောင် သူ့ အထက် အကြီးဆုံးကောင်က တင်မြင့် စနေသားချည်းပင် ။ တင်သိန်း အောက်က ယောကျာ်းလေး ငါးယောက်သည်လည်း စနေသားများပင် စနေသားချည်း ခုနှစ်ယောက်ဖွားပြီး ထိုအောက်တွင်မှ မြီးကောင်းပေါက်စ ကလေးမလေးမွေးသည် သမီးက အင်္ဂါနေ့ တွင်မွေးပြီး အထွေးဆုံးပင်ဖြစ်သည် ။

ဒေါ်ညာသူခမျာ သမီးအတွက် မပူပင်ရသော်လည်း နေတက် ရေတက်ဖွား စနေသားများအတွက်တော့ အမြဲလိုလို ပူပင်နေရသည် ။ ပြန်လာတိုင်း ပြသနာတစ်ခုမဟုတ် တစ်ခုပါလာကြသည် ။ ယခုလည်းကြည့် တင်သိန်းမသေဘူးဆိုပြီး အိမ်ပြန်ရောက်လာပြီ ။ စက်တော်ပင် ခေါ်နေသည် ။ ကျန်သည့် ညီနောင်ဖွားတွေက ဘယ်အလေလိုက်နေကြမှန်းမသိ ။ သွားချင်ရာ သွားကြသည် ။ လာချင်ရာ လာကြသည် ။ ယောကျာ်းဖြစ်သူ ဆုံးပါးသွားကတည်းက ကလေးရှစ်ယောက်အတွက် ဒေါ်ညာသူရုန်းကန်ခဲ့ရသည် ။ သားအကြီးဆုံးပင် အသက် ၂၀ ကျော်ခဲ့ပြီ ။ အိမ်ထောင်တော့မပြုကြသေးပေ ။ မိဘကို ဒုက္ခပေးလို့  အားမရသေးဘူးဟုပင် ထင်မိသည် ။ မည်သို့ ဖြစ်စေ သားသမီးအပေါ် အချစ်ပျက်ခဲ့ခြင်းမရှိ ။ ဒုက္ခကို ခါးစည်းခံရင်း အားတင်းခဲ့ရသည် ။ ခေတ်ပျက်ကြီးနှင့်ကြုံတွေ့ရသည့်အထဲ ကလေးတွေကို ပညာလည်းကောင်းစွာ မသင်ကြားပေးနိုင်တော့ သားသမီးတွေက တွေ့ကရာပေါင်းသင်းပြီး သောက်စားရမ်းကားနေကြသည် ။ အကြီး ငါးယောက်က ပြောမနိုင်ဆိုမနိုင် ဖြစ်ပေမဲ့ အငယ်သုံးယောက်ကတော့ လိမ်မာပါသေးတယ်ဟု တွေးရင်း ဖြေသိမ့်ခဲ့ရပေါင်းလည်း များလှပြီဆိုတော့ ဒေါ်ညာသူအဖို့ သားသမီးတွေ ဆိုးသွမ်းနေသည်ကိုက ဖြစ်ရိုးဖြစ်စဉ်တစ်ခုမျှသာ ။

ညနေစောင်းတော့ တင်သိန်းတစ်ယောက် လူးလွန့် ရင်း အိပ်မှုံစုံမွှားဖြင့် ထလာလေသည် ။ ဒေါ်ညာသူလှမ်းမြင်တဲ့ အခါမတော့ မီးဖိုချောင်ထဲကပင် လှမ်းအော်သည် ။

" ဟဲ့ ငတင် အိပ်ရာနိုးပြီမလား ငိုင်မနေနဲ့ ရေမိုးသွားချိုး ထမင်းစားရအောင် "

" ထမင်းမစားချင်သေးပါဘူး အမေရာ ဗိုက်မဆာသေးဘူး " ဆိုပြီး တင်သိန်း ရေချိုးသွားလေသည် ။

ဒေါ်ညာသူ အံ့သြမိလေသည် ။ ငတင် ကားမနက်ဆိုပြန်လာ တစ်နေကုန်အိပ်ပြီး အိပ်ရာနိုးလို့ စားစရာမရှိရင် အမြဲဆူပူအော်ဟစ်နေကြ။ ယခု ဗိုက်မဆာဟူ၍ပင် ငြင်းလေတော့ ဒေါ်ညာသူ သံသယဝင်မိသည် ။ " အေးပေါ့ ဗိုက်ဆာရင် စားလိမ့်မယ် ဆိုပြီး " အတွေးစကိုဖြတ်လိုက်ရသည် ။

ထို့ နေ့ လည်း တင်သိန်း ထမင်းမစားချေ ။ နောက်နေ့ လည်း ဗိုက်မဆာလို့  ဟူ၍ မစားပေ ။ တခြား မုန့် ပဲ သရေစာ စားလို့ နေမှာပါ ဟူ၍ တွေးသော်လည်း တင်သိန်းထမင်းမစားသည်မှာ လေးရက်ကျော်နေပြီ ။ ထမင်းစားဖို့ ပြောတိုင်း ရင်ပြည့်နေလို့  ဗိုက်မဆာလို့ ဆိုပြီး အမြဲငြင်းလေ့ရှိသည် ။ အနေအထိုင် ကလည်းသံသယဖြစ်စရာ တစ်ခုမှ မတွေ့ ။ ပုံမှန်အတိုင်း သွားမြဲ လာမြဲပင် ထမင်းမစားတာတစ်ခုက ဒေါ်ညာသူစိတ်ထဲ ထူးဆန်းနေလေသည် ။ တဖြည်းဖြည်းစိတ်လဲ ပူလာသည် ။ " မလိုသူတွေများ ငါ့သားကို အပင်းဖြစ်အောင်လုပ်လိုက်တာများလား ဒါမှမဟုတ် အာဟာရသိဒ္ဓိများ ပြီးနေတာလား " သို့ လော သို့ လော တွေးရင်း ဒင်းကိုငါ သေချာမေးမှ ဖြစ်တော့မယ်ဆိုပြီး တင်သိန်းညဘက် ငါးရှာမထွက်ခင်

" ငတင် နင့်ကိုအမေ မေးစရာရှိတယ် ငါချက်တာ ဟင်းမကောင်းလို့  နင်က မစားချင်ဘူးငြင်းနေတာလား အမေ့ကို စိတ်များဆိုးနေတာလား "

" မဟုတ်ပါဘူး အမေရယ် သားတကယ် ဗိုက်မဆာလို့ ပါ "

" အမေ့ကို မှန်မှန်ပြောစမ်း ဒါဆိုဘာလို့  ဗိုက်မဆာတာလဲ ဘာလို့  ထမင်းကျွေးတိုင်း ငြင်းနေရတာလဲ " ဆိုပြီး မေးတော့မှ

" တင်သိန်းလည်း မငြင်းသာ ဘေးဘီကို မလုံမလဲ ကြည့်ရင်း အမေ ရွာထိပ်က ကုက္ကိုပင်ကြီး သိတယ်မလား "

" သိတယ်လေ အဲ့ဒီနေရာကို နင်ငါးသွားမြှားလို့ တောင် ငါစိတ်ပူနေရတာ နင်မှ ပြောစကားနားမထောင်ဘဲ " ဆိုပြီး ဒေါ်ညာသူ ဖြေသံကြားတော့မှ တင်သိန်းလည်း ဘေးဘီကြည့်ရင်း တိုးတိုးလေး ပြောပြလေသည် ။

" ဘာ " ဆိုသော အာမေဋိတ်အသံကြီးနဲ့ အတူ ဒေါ်ညာသူ ခေါင်းနပန်းကြီးသွားလေသည် ။

ဆက်ရန် . . .

MSC-181
Author @gunapeya

Coin Marketplace

STEEM 0.16
TRX 0.13
JST 0.027
BTC 60535.76
ETH 2598.15
USDT 1.00
SBD 2.54