Weekend Movie :: Alpha
Weekend Movie :: Alpha
ဘ၀ဆိုတာ အမြဲတမ်း အဆင်ပြေ ချောမွေ့နေတာ မဟုတ်ပါဘူး။ အဲ့လိုပဲ အမြဲတမ်းလည်း ခက်ခဲ မနေပါဘူး။ တချို့အခက်အခဲ ဒုက္ခတွေက မိမိရဲ့ စွမ်းဆောင်နိုင်စွမ်းနှင့် ခံနိုင်ရည်တွေကို တက်လာစေပါတယ်။ ဒုက္ခနှင့် ကြုံတိုင်း ညည်းညူ နေရင် ကိုယ်ပဲ ရှုံးမှာပါ။ ဘယ်လို အခက်အခဲမျိုး ဖြစ်နေပါစေ ကျော်ဖြတ်နိုင်အောင် ကြိုးစားကြည့်။ မဖြစ်နိုင်ဘူးဆိုတာ မရှိပါဘူး။ သင့်ကိုယ်သင် ယုံကြည်ပြီး ရှေ့ဆက်လျှောက်လှမ်းပါ။
လွန်ခဲ့သော နှစ်ပေါင်း (၂၀၀၀၀) ကျော်လောက်လောက်က ဥရောပမှာ မျိုးနွယ်စု တစု နေထိုင်ပါတယ်။ ထိုမျိုးနွယ်စုကို ကာကွယ် အုပ်ချုပ်ပေးတဲ့ ခေါင်းဆောင်က Tau (Johannes Haukur Johannesson) ဖြစ်ပါတယ်။ သူ့မှာ သိပ်ချစ်ရတဲ့ ဇနီးနှင့် သားတယောက် ရှိပါတယ်။ သူ့သား နာမည်က Keda (Kodi Smit-McPhee) ဖြစ်ပါတယ်။ Tau ရဲ့ ဇနီး နာမည်က Rho (Natassia Malthe) ဖြစ်ပါတယ်။ မကြာမီ ရောက်ရှိလာတော့မည့် ဆောင်းရာသီအတွက် သူတို့ မျိုးနွယ်စု အလုပ်ရှုပ်နေကြပါတယ်။ ဆောင်းရာသီ အတွက် သူတို့ အစားအသောက်တွေ ကြိုတင် ရှာဖွေ စုဆောင်းထားဖို့ လိုပါတယ်။
ဒါနှင့်ပဲ ပထမဆုံး နှင်းမကျလာခင် သူတို့ အမဲလိုက်ထွက်ဖို့ ပြင်ဆင်နေကြခြင်း ဖြစ်ပါတယ်။ ဒီနှစ်မှာတော့ မျိုးနွယ်စုထဲမှ အရွယ်ရောက်ပြီးသား လူငယ် အချို့ကို အမဲလိုက်ရာသို့ ခေါ်ဆောင်သွားမှာ ဖြစ်ပါတယ်။ မည်သူဆို လိုက်ခွင့် မရှိပါဘူး။ လိုက်ခွင့် ရမရကို စစ်ဆေးပါသေးတယ်။ တခြား မဟုတ်ပါဘူး။ ကျောက်ဓါးသွား တခု စီ လုပ်ခိုင်းပြီး ထို မိမိ လုပ်လိုက်သည့် လက်နက်ရဲ့ အရည်အသွေးပိုင်း၊ သေသပ်လှပမှု ပေါ်မူတည်ပြီး အမဲလိုက်ခွင့် ရမည့်သူကို ရွေးချယ်ပါတယ်။ အကြီးအကဲ Tau ရဲ့ သားဖြစ်တဲ့ Keda လိုက်ခွင့် ရခဲ့ပါတယ်။ ဒါပေမယ့် Keda ရဲ့ အမေ Rho ကတော့ စိတ်ပူနေခဲ့ပါတယ်။ သူမ စိတ်ထဲမှာတော့ Keda ဟာ အမဲလိုက်ဖို့ အဆင်သင့် မဖြစ်သေးဘူး ဆိုပြီး စိတ်ပူနေခဲ့ပါတယ်။
ဒါကြောင့်ပဲ Tau တယောက် Rho ကို အကျိုးသင့် အကြောင်းပြ ပြောပြပြီး Keda သည် သူ့သူ စောင့်ရှောက်နိုင်နေပြီ ဖြစ်ကြောင်း၊ မိမိ တယောက်လည်း သူ့အနားမှာ ရှိနေမည် ဖြစ်ကြောင်း စိတ်သက်သာရာ ရစေရန် ပြောဆို အားပေးနှစ်သိမ့်ခဲ့။ ဒီလိုနှင့် သူတို့ အမဲလိုက် ထွက်လာခဲ့၏။ အမဲလိုက်ရာ နေရာသည် သူတို့ မျိုးနွယ်စု နေထိုင်ရာ နေရာနှင့် အတော်လည်း ဝေး၏။ ရှေးဘိုးဘေးများ ချန်ထားခဲ့သည့် အမှတ်အသား၊ လမ်းကြောင်း ခြေရာများအတိုင်း အမဲလိုက်ရန် သူတို့ ထွက်လာကြ၏။
လမ်းတွင် သူတို့ လိုပဲ အမဲလိုက်ထွက်လာသည့် အခြား မျိုးနွယ်စု တစုနှင့် တွေ့ဆုံ၏။ ထို့နောက် သူတို့ (၂) ဖွဲ့ အတူ ပူးပေါင်းပြီး အမဲလိုက် ထွက်ကြ၏။ လမ်း၌ ဖမ်းမိသည့် တောဝက် တကောင်၏ အသက်ဇီဝိန်ကို ခြွေပေးရန် Keda ကို Tau စမ်းသပ်၏။ Keda မလုပ်နိုင်ခဲ့ပေ။ Keda အစား Tau ကသာ လက်စသတ်ပေးလိုက်၏။ ထို့နောက် Keda ကို ထိုသို့ မလုပ်ရန် အသေအချာ မှာ၏။ နောက်တနေ့မှာတော့ အမဲလိုက် အဖွဲ့သည် ကျွဲအုပ် တအုပ်ကို တွေ့လေတော့၏။ သို့နှင့် သူတို့ အမဲလိုက်ဖို့ ပြင်ဆင်တော့၏။ ကျွဲအုပ်ကို အမဲလိုက်ရင်း Keda တယောက် ကျွဲတကောင်၏ တိုက်ခိုက်မှုကြောင့် ထိုကျွဲနှင့် အတူ ခြောက်ကမ်းပါး သို့ကျသွားခဲ့၏။ Tau တယောက် ဖြေဆည်မရနိုင်စွာ ကြေကွဲရ၏။ Keda ကို သေပြီ အထင်နှင့် သူတို့ ထားခဲ့ရ၏။
Keda သည် ချောက်၏ အောက်ဆုံးသို့ ကျသွားသည်လည်း မဟုတ်ပေ။ ချောက်၏ တ၀က် ကမ်းပါးစွန်းလေးမှာ တင်နေခြင်း ဖြစ်၏။ ထို့ပြင် မလှုပ်မရှုပ် အနေအထားကြောင့် သူ့ကို သေပြီထင်ပြီး ထားခဲ့ကြခြင်း ဖြစ်၏။ အမှန်တော့ သူက မေ့မြောနေခြင်းသာ ဖြစ်၏။ အမှန်တကယ်ဆိုလျှင် ထိုအမြင့်ကနေ ကျသူအဖို့ အသက်ရှင်စရာ လမ်း လုံးဝ မရှိပေ။ ကံကောင်းထောက်မစွာ Keda တယောက် မသေခဲ့ခြင်း ဖြစ်၏။ သူ့အဖေနှင့် အဖွဲ့တို့ ပြန်သွားပြီးမှ Keda တယောက် သတိရလာတော့၏။ သူ သတိရလာချိန်မှာတော့ မည်သူမှ မရှိတော့ပေ။ တောအတွေ့အကြုံ လမ်းခရီးအတွေ့အကြုံများ မရှိသေးသူ Keda တယောက် သူ့အိမ် ပြန်ဖို့ အခက်အခဲနှင့် ကြုံရတော့၏။ မကြာမီ ပထမဆုံး နှင်းကျပြီး ဆောင်းဝင်တော့မည် ဖြစ်၏။ ဆောင်းဝင်ပြီး နှင်းများကျလျှင် အပြန်လမ်း နှင်းဖုံးသွားနိုင်၏။ လမ်းမကျွမ်းသော Keda အဖို့ တော့ အခက်ပင်။
Keda တယောက် အိမ်ကို ပြန်ရောက် နိုင်ပါ့မလား၊ တယောက်ထဲ တောကြီးထဲမှာ ရှင်သန်နိုင်ပါ့မလား၊ သူ့ကို ကူညီမယ့် အဖော်အပေါင်း တယောက်ယောက်များ ရောက်လာ၊ ရလာ မလား ဆိုတာကိုတော့ ပိတ်ကားထက်မှာ ဆက်လက် ရှုစားကြည့်ပါ။
ဒီကားလေးဟာ ဇာတ်လမ်း ဇာတ်အိမ် ရိုးရိုးလေးပါ။ အဓိက ဇာတ်ဆောင် Keda နေရာမှ သရုပ်ဆောင်တဲ့ မင်းသားကလည်း ပျော့တိပျော့်ဖတ်နှင့် လူပျော့ပုံလေး ဖြစ်နေပါတယ်။ ဒါပေမယ့် ရိုးရိုးလေးကပဲ ဆန်းသွားတာပါ။ အခက်အခဲတွေ ဘယ်လို ကျော်ဖြတ်ပြီး အိမ်ကို ပြန်ခဲ့ရတယ် ဆိုတာကို စိတ်ဝင်စားဖွယ် ရိုက်ပြထားတာပါ။ ဇာတ်ကားက သိပ်အကောင်းကြီး မဟုတ်ပေမယ့် အားလပ်ချိန်အချို့ကို ဖြုန်းပစ်ဖို့ ဆိုလျှင်တော့ ဒီကားလေးကို ကြည့်ကြည့်ပါလို့ အကြံပြုပါရစေ။
Director
Albert Hughes
Cast
Kodi Smit-McPhee, Johannes Haukur Johannesson, Natassia Malthe, Leonor Varela, Jens Hulten, Mercedes de la Zerda
Don Jaun
MSC 31
Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word
STOPDo not miss the last post from @steemitboard:
ကြည့်မယ် အခွေဆိုင်မှာသွားရှာလိုက်အုံးမယ်
link ပေးပါ့မယ်။ downကြည့်ပေါ့။
အား တော်တော်ထည့်ရေးထားတာဘဲ။ လေးစားပါတယ်။
နည်းနည်းပါ အကိုရယ်
ဇာတ်ကားတွေံ ကြည့်ကြမယ် ဟီး ။
ကြည့်ပါ