ကျတော်နှင့် သေးသေးလေးများ

in #myanmar7 years ago

တနေ့က ခင်မင်ရသော အကိုတယောက်၏ မိတ္တူဆိုင်သို့ ရောက်၏။ ထိုဆိုင်သို့ ကျတော် မကြာမကြာရောက်ဖြစ်၏။ သင်တန်းအတွက် လိုသော သင်ထောက်ကူ စာရွက်တွေ၊ မေးခွန်းစာရွက်တွေ print လုပ်ဖို့ copy ကူးဖို့ ဖြစ်၏။ အကိုက မည်သူ့ကိုမဆို စိတ်ရှည်လက်ရှည်နှင့် စေတနာထားပြီး လုပ်ပေး၏။ ကျတော့် စာရွက်အတွက် စာပြန်စီရင်း ဟိုအကြောင်းဒီအကြောင်း ပြောပေါ့။ စကားပြောရင်း စားပွဲပေါ်တင်ထားသည့် ဓါးစက် မတင်ရသေးသော လိပ်စာကဒ် စာရွက်လေးတွေစီ မျက်စိရောက်သွား၏။ ကားစင်းလုံးငှားနိုင်ကြောင်း Phone နံပတ်နှင့် ကားပုံလေး ပါ၏။ ရိုးရိုးရှင်းရှင်းလေးနှင့် ကြည့်ကောင်း၏။ လိပ်စာကဒ်ကို ကြည့်ပြီး ကျတော် စကားစလိုက်၏။

“ လိပ်စာကဒ်က မိုက်တယ်ဗျနော်။ ကျတော့်အတွက် လိပ်စာကဒ် လုပ်ဖို့ကတော့ တမျိုးပဲ၊ မလိုလို့လည်း ပါမပေါ့။ တခုခုဆို Phone နံပတ်ပေး၊ Social media Account ပေးနဲ့၊ အဲ့လိုပဲ များနေတယ်။ လိပ်စာကဒ်ကြီး လုပ်ဖို့ကို ကိုယ့်တကိုယ်ရည်စာအနေနဲ့တော့ တမျိုးပဲ”

ထိုအခါ အကိုက စာရိုက်နေရာမှ

“ အဲ့လိုလည်း ဘယ်ဟုတ်မလဲ ဆရာသက်ရဲ့။ တချို့ တမြို့တနေရာစီက လာကြတယ်။ တခါတလေ စကားပြောဆိုကြဖို့ အချိန်ရပေမယ့်။ တခါတခါ အချိန်လေးတောင်မရတဲ့ အခါမျိုးမှာ ခုလို လိပ်စာကဒ်လေး ရှိတော့ အပြန်အလှန် ပေးခဲ့လို့ရတော့ နောက်ပိုင်း ပြန်ဆက်သွယ်လို့ လွယ်တာပေါ့ဗျာ။ ဆရာသက်ပြောတဲ့ Social media တွေက အချိန်တခုထိပြောဆိုရှာဖွေဖို့ လိုသေးတာကိုးဗျာ။ နောက် .. လူအတော်များများက နည်းပညာတွေနဲ့ သိပ်မရင်းနှီးကြသေးဘူးလေ။ ကဲ … ခု ဒီ ကားစင်းလုံးငှားလို့ ရတဲ့ ကဒ်ပဲကြည့်လေ။ ကြုံတုန်း ဆုံတုန်းလေး ပေးခဲ့ပြီး လိုရင် Phone ဆက်နော့်လို့ မှာခဲ့လိုက် ပြီးပြီ။ ဒီတရွက်လုံးမှ (၇၀၀) လောက်၊ ကဒ်အသေးလေး တခုမှ (၅၀) လောက်တောင် မကျတော့ဘူး။ Coustmer တယောက်လောက်ကများ အကိုရေ ဘယ်နား၊ ဘယ်မြို့သွားမလို့ ဆို တရက် (၇၀၀၀၀) ၊ (၁၀၀၀၀၀) ပဲပေါ့ဗျာ ဟုတ်ဘူးလား”

အကိုက လိပ်စာကဒ်နှင့် ပတ်သက်၍ သူစဉ်းစားမိတာလေးကို အထက်ပါအတိုင်း စီကာပတ်ကုံး ပြန်ပြောပြ၏။ အကို ရှင်းပြလိုက်တော့လည်း ဟုတ်နေသည်။ လိပ်စာကဒ်သေးသေးလေး တခုက အဆင်ပြေမှု အများကြီးကို ဖန်တီးပေးနိုင်သည်။ တခြားမပြောနှင့် ခု ကားစင်းလုံးငှားလို့ ရတဲ့ လိပ်စာကဒ်ပဲ ကြည့်။ တနေရာ တမြို့သို့ သွားလိုသူအတွက် အချိန်ကုန် သက်သာစွာ လျင်မြန်ချောမွေ့စွာ ရောက်နိုင်သလို ပို့ပေးသူအတွက်လည်း ထိုက်သင့်သည့် အခကြေးငွေရရှိမှုကြောင့် အကျိုးများလှ၏။ သေးသေးလည်းက အများကြီး စွမ်းဆောင်ပြလိုက်ပြီး သူ၏ အရေးပါမှုကို ဖော်ပြလိုက်၏။

P70810-141727.jpg

သေးသေးလေး ကိစ္စက ထိုမျှနှင့် မပြီးသေးပေ။ နောက်တရက်မှာလည်း ထိုသေးသေးလေးနှင့် ထပ်ကြုံရပြန်သည်။ ကျတော်၏ စီးတော်ယာဉ် Fino(Scooter) လေးကပေးသည့် သင်ခန်းစာ ဖြစ်၏။ ဆိုင်ကယ် ထိုင်ခုံသော့ ပျက်ခြင်းဖြစ်၏။ အနှီ Fino ဘီး cover က အကြားအလပ် မရှိ၊ ဘယ်နေရာကနေ ဘယ်လို နှိုက်ရမည်ကို မသိဖြစ်နေရ၏။ မရသည့် အဆုံး သူငယ်ချင်းတယောက်၏ ဆိုင်ကယ် ၀ပ်ရှော့ သို့သာ သွားရတော့၏။ သူငယ်ချင်းက စစ်ဆေးကြည့်ပြီး

“ သော့ကြိုးပျက်သွားတာဗျ။ ဟိုးဘက်နားက ဆိုင်ကယ်၊ကား သော့ပြင်ဆိုင်သွားကြည့်ပါလား။ ကဲပါလေ မထူးပါဘူး။ မိုးရွာတော့ လူပါးနေတာပဲ။ ကျတော်ပါ လိုက်ခဲ့ပေးမယ်။”

သို့နှင့် ကျတော်တို့ မိုးရွာထဲမှာ သော့ပြင်ဆိုင်သို့ ရောက်၏။ ဟိုရောက်တော့ သော့ဆရာက ဒီအတိုင်းလုပ်မရကြောင်း၊ cover များ ဖြုတ်ပြီးမှ ပြန်လာခဲ့သော် သူ ပြင်ပေးနိုင်ကြောင်းပြော၏။ ကျတော်နှင့် သူငယ်ချင်းလည်း ၀ပ်ရှော့သို့သာ ပြန်လာခဲ့လိုက်၏။ သူငယ်ချင်းက cover ဖြုတ်လို့ရမှာတော့ သူ့နားတောင် သွားစရာမလိုဘူး ကိုယ့်ကို လုပ်လို့ရနေပြီဟု ဆိုင်ကယ် cover ဖြုတ်ဖို့ ပြင်နေရင်းက ရေရွှတ်နေ၏။ နောက်ဆုံးတော့ အချိန် (၂) နာရီ ကျော်ယူပြီးချိန်မှာတော့ ဖြုတ်၍ ရသွား၏။ ချွေးလည်းပြန်သွား၏။ နောက်ဆို Fino တော်ပြီဟု ရယ်သွမ်းသွေး၏။ သူပြောသလိုပင် သော့အုံကအကောင်း ထိုင်ခုံနားက ကလစ်လေးကို လှမ်းဖြုတ်ပေးရန် ချိတ်ဆက်ထားသည့် ကြိုးအရင်းထိပ်ခဲသီးလေးနားက ပြတ်သွားခြင်းဖြစ်၏။ ထိုကြိုးကို ဖြုတ်ပြီး အစားထိုးဖို့ ကြိုးသစ် ၀ယ်ရန် နှစ်ယောက်သား မိုးရွာရွာထဲ တခါထွက်ကြပြန်၏။ တမြို့လုံးက ဆိုင်ကယ်အပို ပစ္စည်းဆိုင်တွေသာ ကုန်သွားတယ် ကျတော်တို့မှာ ကြိုးမရခဲ့။ သို့နှင့် သူငယ်ချင်းက

“ ကဲ … ကိုသက်ရေ ။ ခဲသီး ပြန်ဆော်ပေးတဲ့ ဆိုင်ပဲ သွားရတော့မယ်”
“ ရပါ့မလား ကိုညွှန့်ရဲ့”
“ ရတယ် ကိုသက်ရဲ့ ဒါက ခဲတို့ပြီး ပြန်လုပ်လို့ရတယ်လေ။ သူတို့ လုပ်တတ်တယ်။ ကဲ သွားရအောင်”

မိုးရွာထဲ လမ်းသလားရပြန်၏။ ခဲသီးဆော်ပေးတဲ့ဆိုင်က ချက်ချင်းလုပ်ပေးလိုက်၏။ အမှန်တော့ ထိုဆိုင်က ရေတိုင်ကီ ပြုပြင်ရောင်းဝယ်ရေးလုပ်သည့်ဆိုင်ဖြစ်၏။ သို့ပေမယ့် ယခုကဲ့သို့သော် ခဲဆော်ပေးသည့် ကိစ္စကိုလည်း လုပ်ပေး၏။ ခဲဆော်တဲ့ ဆိုင်ကပြန်လာနေရင်း သူငယ်ချင်းက ခုလိုပြောပြ၏။

P70810-141252.jpg

“ ကိုသက် ! အဲ့တာ .. ကျတော် ပါလို့ ချက်ချင်းလုပ်ပေးလိုက်တာ။ အမှန်တော့ ကိုသက်တယောက်တည်း လွှတ်လိုက်ရမှာ။ ဘယ်လိုဖြစ်မလဲ သိရအောင်လို့။ တနေ့က ဆိုင်မှာလာပြင်တဲ့ ဆိုင်ကယ်မှာ ခဲဆော်ဖို့ လိုနေတာ တခုရှိတာနဲ့ အဲ့ဆိုင်လွှတ်လိုက်တယ်။ သွားတာက နေ့လည် တနာရီလောက်ပေါ့။ ချက်ချင်းရမလားဆို ဆိုင်က ညနေ ၃ နာရီမှာ ပြန်လာယူဖို့ ပြောလိုက်တာဗျာ”

ပြောပြီး သဘောကျစွာ သူက ရယ်နေ၏။ သို့နှင့် ၀ပ်ရှော့ပြန်ရောက်တော့ ကြိုးပြန်တပ်ပြီး သော့ ရမရ စမ်း၏။ မရပေ။ ကြိုးက မောင်းမပြန်ပေးနိုင်ဖြစ်နေ၏။ ကျတော်တို့ (၂) ယောက်လုံး သတိလွတ်သွားခြင်းဖြစ်၏။ ပြတ်သွားသည့် ပမဏာ အရှည်ကို ထည့်မတွက်မိခဲ့ခြင်းဖြစ်၏။ အရှည်ကြီးလား ဆိုရအောင်လည်း မဟုတ်၊ တကယ့်ကို (1 cm) လောက်လေးဖြစ်၏။ သေးသေးလေးက ပညာပြပေ၏။ သို့နှင့် ပြန်ဖြုတ်ပြီး ဆိုင်မှာ ရှိသည့် Break ကြိုးအပိုလေး တခုကိုယူ ကြိုးအဟောင်းလေးကို ကိုင်ကာ ခဲဆော်သည့် ဆိုင်သို့ တခေါက်ပြန်သွားရ ပြန်၏။ မိုးကရွာလို့ ကောင်းတုန်းပင်။

ခုတခေါက်မှာတော့ ခဲဆော်ပေးသည့် ဆိုင်က ညနေမှ လာယူ လုပ်နေ၏။ သူငယ်ချင်းက အခု လုပ်ပေးဖို့ ချိုချိုသာသာလေး တောင်းဆိုမှရတော့၏။ လိုသွားသည့် ပမာဏကို ထည့်တွက်ပြီး သေချာလေး ပြန်လုပ်ပေးလိုက်၏။ ၀ပ်ရှော့ပြန်ရောက်တော့ ပြန်တပ် ပြန်စမ်းကြည့်တော့ အဆင်ပြေသွား၏။
ဟူး … မိုးရေထဲမှာ တော်တော်သွားသွားလာလာ လုပ်လိုက်ရ၏။ ထိုနေ့က မိုးကာပါပေမည့် မိုးမိသဖြင့် ဆေးပါသောက်လိုက်ရ၏။ သေးသေးလေး၏ စွမ်းဆောင်နိုင်စွမ်းတွေက အံမခန်းပင်။

ထိုရက်ပိုင်းက ကြုံတွေ့ရသည့် သေးသေးလေးတွေ အကြောင်းပြန်တွေးမိနေ၏။ ကိစ္စသေးသေး၊ ပမာဏသေးသေးပေမယ့် အရေးပါ အရာရောက်မှုက မသေးဘူး။ လိုင်းကားစီးသောအခါ ကားခ ၂၀၀ လောက်သာ ကြသည့် ခရီးကို ၁၀၀၀၀ တန်ပေးမိပါက ကားစပယ်ယာ၏ ငြိုငြင်ခြင်းကို ခံရပေမည်။ အခြေအနေမကောင်းက အအော်အငေါက်ပင် ခံရနိုင်သည်။ (YBS က ရန်ကုန်မှာပဲ ရှိတာကိုး) သေးသေးလေးတွေ၏ စွမ်းဆောင်နိုင်စွမ်းတွေက ပြောလို့ပင် ကုန်မယ်မထင်ပေ။ သေချာတာကတော့ အသေးအဖွဲဆိုပြီး လစ်လျူရှုထားလို့ မဖြစ်ပေ။ မိုးရေတစက်ချင်း စုမိက ရေတိုင်ကီကြီးပင် ပြည့်နိုင်သေးသည် မဟုတ်လော။ သေးငယ်သော ပုရွတ်ဆိတ်လေးဖြစ်ပေမယ့် သူတို့ စုပေါင်းလိုက်ပါက အင်အားကြီးအဖွဲ့ ဖြစ်သွားနိုင်ပေသည်။ ကျတော်တို့အားလုံး အသေးအဖွဲ့လေးကို သတိထားဂရုစိုက်မိနိုင်ကြရန်လိုပါသည်။ အသေးလေးတွေက အရေးပါသလို ဒုက္ခလည်း ပေးနိုင်သေးသည် မဟုတ်လော။ နေရာတခုမှာ အမှိုက်လေးတခု စပစ်လိုက်ရကာ ထိုနေရာ၌ အမှိုက်ပုံကြီး တခု ဖြစ်လာနိုင်ပေသည်။ သေးသေးလေးကနေစ စည်းကမ်းမထားနိုင်ခြင်းကို သေသပ်မှုမရှိသော အမှိုက်စွန့်ပစ်ထားမှုတွေက ဖော်ပြနေ၏။ အမှိုက်ကစ ပြသာဒ် မီးလောင် ပင်။ ကျတော်တို့ အနေနဲ့ အသေးအဖွဲလေးများကို သတိထား ဂရုစိုက်ပြီး တန်ဖိုးထားသော ကြီးမားသည့် လူ့အဖွဲ့အစည်း တခုဖြစ်လာစေဖို့ ကြိုးစား လုပ်ဆောင်ကြရပေမည်။

Don Jaun

Sort:  

ကျွှန်တော်လည်းသေးသေးလေး ကြိုက်သွားပြီဗျာ

သေးသေးလေးပဲလား
ကြီးကြီး လား
သေးသေးကြီးကြီး လား
😜

အရမ်းဖတ်လို့ကောင်းတဲ့ စာတစ်ပုဒ် ပဲဗျာ။
စာကောင်းပေကောင်းရေးတတ်တဲ့ မိတ်ဆွေတစ်ယောက်ယောက် ထပ်တိုးပြီဗျား။
ဆက်လက်အားပေးနေပါတယ်ဗျ။

ဟုတ် ကျေးဇူးပါ အကို

တာရာဒွန်ကို ပိုကြိုက်တယ်

ခုတလောမော်ဒန် ဖတ်က သိပ် ဓာတ်မကျနေဘူး ဖြစ်နေလို့ ။
နှလုံးသားတွေ မာကျောနေတယ်ပေါ့ ဗျာ။
😊

😷😷😷

ကို donရေ သေးသေးလေးပဲ ကောင်းတယ်😄

တချို့ ဟာတွေကြီးမှ ကောင်းတာ ။
စိတ်သဘောထား ပြော ပါတယ် ...
😜😜😜

အကို ရေ ပိုစ့်ရေးနည်းသင်ပေးပါ ကောင်းလွန်းတယ်ဗျာ

Coin Marketplace

STEEM 0.16
TRX 0.14
JST 0.028
BTC 59274.98
ETH 2600.78
USDT 1.00
SBD 2.44