ကျနော်နှင့် နှစ်ကာလများ (Chapter 4)
ယခင်တုန်းကတော့ ခေါင်းကိုက်စရာ သိပ်မရှိသော ကျနော့် အဖို့ ယခုအခါမှာတော့ ယခင်ထက် ပိုပြီး တွေးရ တောရတော့၏။ ယခင် သူများ သင်တန်းတွေမှာ လကုန်လျှင် လစာလေး ယူ၊ သာသာ ယာယာ ပင်။ ယခုခါမှာတော့ လကုန်ခါနီးလျှင် မိမိ သင်တန်းမှာ လာသင်ပေးသည့် ဆရာ၊ ဆရာများကို လစာပေးဖို့ စဉ်းစားနေရတော့၏။ လကုန်ခါနီးဟုသာ ဆိုပေမယ့် တကယ့်တကယ်က တလလုံး တွေးနေမိခဲ့ခြင်း ဖြစ်၏။ သင်တန်းသား လေးယောက်ပေမယ့် သူတို့ထံမှ ကောက်ခံ ရသည့် သင်တန်းကြေးက ဆရာ၊ ဆရာများကို ပြန်ပေးဖို့ မလောက်ပေ။ သို့နှင့် ကျနော် အခြား သင်တန်းများမှ သင်ကြားလို့ ရသည့် လစာများထဲမှ ဖြည့်ပြီး ပေးရ၏။
ယခင်က တကိုယ်စာ ကောင်းကောင်း လောက်ငှအောင် သုံးနိုင်ခဲ့သော ကျနော်သည် ယခုအခါ အသုံးအစွဲ ချွေတာ နေရ၏။ တခါတလေ အသုံး လိုသည့် အခါမျိုးတွင် အမေ့ထံကနေပင် ပြန်လည်လို့ တောင်းငှား ချေးသုံး နေရ၏။ တော်တော်လေးကို ကသိကအောက် ဖြစ်ရ၏။ ဘာ အ၀တ်အစား အသစ်မှ ထပ်မ၀ယ်နိုင်ပေ။ ထို့ပြင် အခြား ဘာပစ္စည်းမှလည်း ထပ်မ၀ယ်နိုင်ပေ။ ရှိသည့် ဆိုင်ကယ် အပိုတစီးနှင့် phone တလုံးကို ရောင်းလိုက်ရ၏။ အပို ဆိုပိုပေမယ့်လည်း မိမိ ပိုင်ဆိုင်မှုများထဲမှ ပစ္စည်းအချို့ လျော့သွားခြင်း ဖြစ်သဖြင့် ၀မ်းနည်း စိတ်မကောင်း ဖြစ်ရ၏။
photo from Google
ဆိုင်ကယ်ရောင်းလိုက်ခြင်းက ဆရာ၊ ဆရာများကို လစာဖြည့်ပေးရန် ဖြစ်၏။ phone ရောင်းလိုက်ခြင်းက နောက်ထပ် phone အသစ် တလုံး ၀ယ်ရန် ဖြစ်၏။ ထို Phone ရောင်းလို့ ရသည့် ငွေနှင့် နောက်ထပ် ငွေ အနည်းငယ် ထပ်စိုက်ပြီး phone ၀ယ်ရန် ဖြစ်၏။ သို့သော် ထိုလစာလည်း သင်တန်း အသုံး စရိတ်ထဲ ပါသွားခဲ့၏။ (2018) သည် ကျနော့်ကို ပယ်ပယ်နယ်နယ် တိုက်ခိုက်ခဲ့၏။ သို့သော် (2018) အစောပိုင်း ကာလများတုန်းက တော့ အဆင်ပြေနေသေးသဖြင့် ကြံဖန် ကျေးဇူးတင်ရပေလိမ့်မည်။ အခက်အခဲနှင့် ကြုံရသည် ဆိုပေမယ့် သိပ်အဆိုးကြီးတော့ မဟုတ်ပေ။ သို့ပေမယ့် အကြွေးအနည်းငယ် တင်နေသည်ကတော့ ဆိုး၏။ အခြားသူထံမှ မဟုတ်။ ကျနော်၏ အမထံမှ ပိုက်ဆံ ချေးထားရခြင်း ဖြစ်၏။ ထိုပိုက်ဆံကို ပြန်ပေးနိုင်ဖို့ ကျနော် ကြိုးစားရပေလိမ့်ဦးမည်။
ဒီနှစ်ထဲမှာ ပြန်ဆက်နိုင်ဖို့တော့ မလွယ်လှပေ။ သို့သော် လာမည့် စာသင်နှစ် (2019) တွင်တော့ ပေးနိုင်လိမ့်မည်ဟု ကျနော် ယုံကြည်၏။ အကြွေးရှိနေလျှင် နေရ ထိုင်ရ ခက်၏။ အကြွေးကြောင့် မည်သို့ အခက်အခဲ ဖြစ်စေ၊ ဒုက္ခ ဖြစ်စေသည်ကို အခြားသူများကို ကြည့်ပြီး သင်ခန်းစာ ရခဲ့ပြီး ဖြစ်၏။ ယခုအခါမှာတော့ မိမိ ကိုယ်တိုင်ကနေ ရသည့် အတွေ့အကြုံပေါ့။ မည်သို့ပင် ဆိုစေ၊ ယခုလို အသက်အရွယ်မျိုးမှာ ဒီလို ဘေးကြပ်နံကြပ် ကိစ္စမျိုး စောစောစီးစီး တွေ့ကြုံ လိုက်ရခြင်းက ကောင်းသည်ဟု ကျနော်ကတော့ ခံယူ၏။
ကျနော် လုပ်နိုင်တုန်း၊ ကိုင်နိုင်တုန်းမှာ ခုလိုမျိုး ကြုံတွေ့လိုက်ရခြင်းကြောင့် ဒီပြဿနာကို မကြာမီ အချိန်ကာလလေး အတွင်းမှာ ဖြေရှင်းလိုက်နိုင် မည် ဖြစ်၏။ ထို့ပြင် နောင်တွင်လည်း ထိုကဲ့သို့သော အလားတူ ကိစ္စရပ်မျိုး ထပ်ဖြစ်လာတော့ မည် မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်တွေ့မှ ရသည့် သင်ခန်းစာ တခု ဖြစ်သောကြောင့် ဖြစ်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31