ကျနော်နှင့် နှစ်ကာလများ (Chapter 2)
(2017) မှာ အောင်မြင်ခဲ့သည်ဟု ဆိုလို့ရပေမယ့် (2018) မှာတော့ ပြောရခက်ကြီးဟုပဲ ဆိုရမည်။ (2018) မှာ ကိုယ်ပိုင် ကျူရှင်လေး ဖွင့်ဖို့ ကြိုးစား၏။ ယခင်က ဒီအတိုင်း အခြား အဆောင်နှင့် နေရာများတွင် လိုက်လံ သင်ကြားပေးနေရာမှ ယခုနှစ်တွင် ကိုယ်ပိုင် အနေနှင့် ကျူရှင်လေး ဖွင့် ဖြစ်ခြင်း ဖြစ်၏။ အခြားအဆာင်၊ အခြားနေရာများကိုလည်း သင်နေရင်းနှင့်ပေါ့။ (2017) မှာကတည်းက အမလို၊ အမေလို ခင်နေရသည့် ဆရာမက ကိုယ်ပိုင် ကျူရှင်ဖွင့်ခိုင်းနေခြင်း ဖြစ်၏။ အပြင်ဖြေ သီးသန့်ပေါ့။ ကျနော်က အချိန်ဆွဲ၊ အချိန်ဖြုန်းနေခြင်းသာ။ သို့ကြောင့်ပင် အမက ကျနော့်ကို အားမရခြင်း ဖြစ်၏။
ယခုနှစ်မှာလည်း အမက တွန်းအားထပ်ပေးခြင်း ဖြစ်၏။ သို့နှင့် ကျနော်လည်း ဘာဖြစ်ဖြစ် ချမယ်ကွာဟု ဆုံးဖြတ်ပြီး လုပ်ချ လိုက်တော့၏။ ကျူရှင်ခန်း ဖွင့်ရန် နေရာ ရှာ၏။ ထိုင်ခုံတွေ လုပ်ရ၏။ June လဲထဲတွင် အောင်စာရင်းများ ထွက်သဖြင့် June လကုန်၊ July လဆန်း ပိုင်းလောက် ဖွင့်နိုင်ရန် ပြင်ဆင်ရ၏။ နေရာအတွက် တော်တော်လေး ရှာလိုက်ရ၏။ အချို့နေရာ ကောင်းပေမယ့် ငှါးခက ကျနော် မတက်နိုင်သည့် ပမာဏ ဖြစ်နေ၏။ နေရာလေးလည်း မဆိုးသော၊ ဈေးလည်း သက်သာသော နေရာမျိုးကို ရှာရ၏။ အသိ မိတ်ဆွေများကလည်း ၀ိုင်းဝန်းပြီး ရှာကြ၊ ဖွေကြပေး၏။
စာရေးခုံ၊ ထိုင်ခုံများအတွက် အသိတယောက် မိတ်ဆက်ပေးသော ညီလေး တယောက်နား အပ်လိုက်၏။ သံချောင်းများနှင့် ပုံစံတည်ပြီး၊ ငါးထပ်သား တင်လိုက်၏။ သေသေချာချာ ခိုင်ခိုင် ခံခံလေးပေါ့။ အစက steel နှင့် လုပ်ရန် ဖြစ်၏။ သို့သော် ဈေးအားဖြင့် (၂) ဆ၊ (၃) ဆ လောက် ကွာနေသဖြင့် သံနှင့်သာ လုပ်လိုက်ခြင်း ဖြစ်၏။ ဒါတောင် ငါးသိန်းလောက် ကုန်သွား၏။ သစ်သားနှင့် လုပ်ဖို့ကိုတော့ စဉ်းတောင် မစဉ်းစားရဲပေ။ သစ်ဈေးက ပိုကြီးသည် မဟုတ်လား။
photo from Google
ခုံလုပ်ပေးသည့် ညီလေးက သူ့ အလုပ်အားချိန်နှင့် ချိန်ပြီး လုပ်ပေးရသဖြင့် သတ်မှတ်ချိန်ထက် ပိုပြီးတော့ ကြာသွား၏။ သူ၏ ၀မ်းကွဲအကိုဆိုင်မှာလည်း အလုပ်က နေ့စဉ် သွားလုပ်နေရသေးသည်ကိုး။ အလုပ်က ပြန်လာပြီးသည့် အချိန်မှ ကျနော့် ခုံများကို လုပ်ရ၏။ ခုံကလည်း ကြာ၊ ကျနော်ကလည်း နေရာ မရ၊ မတွေ့သေး သဖြင့် အဆင်တော့ ပြေလှ၏။ တရက်သားမှာတော့ ဆရာမ တဦးမှ ကျနော့်ကို နေရာတခု ပြောပြပေး၏။ ဆရာမ ပြောသည့် နေရာလေးက မဆိုးလှပေ။ ထိုအိမ်မှာ ကျောင်းက ဆရာမတွေလည်း ကျူရှင်ခန်း ငှါးထားသည် ဆို၏။ ကျနော့်ကို သွားပြောကြည့်ရန် တိုက်တွန်း၏။ သို့နှင့် ကျနော်လည်း ထိုအိမ်သို့ သွား၏။
အဆင်ပြေ၏။ ကျောင်းက ဆရာမတွေက ကျောင်းဆင်းချိန်မှာသာ အနှီ ကျူရှင်ခန်းကို သုံးခြင်း ဖြစ်၏။ မနက်ဘက်ကို မသုံးပေ။ ထို့ကြောင့် ကျနော်သည် မနက်ကနေ ညနေ ကျောင်းဆင်းချိန်ထိ အချိန်ရ၏။ ထို့ပြင် ထို ဆရာမတို့၏ ခုံများကိုလည်း ယူသုံးခွင့် ရ၏။ ထိုနေရာကိုသာ ကြိုသိခဲ့ရလျှင် ခုံတွေကို အရင် လုပ်ဖြစ်မည် မဟုတ်ပေ။ ယခုတော့ ခုံခအတွက် အပို ပိုက်ဆံ ကုန်သွားရ၏။ အင်းလေ သို့ပေမယ့် နောက်ပိုင်း အခြားနေရာ ပြောင်းလို့ (သို့မဟုတ်) ကိုယ်ပိုင်နေရာလေးမှာ သင်ဖြစ်တဲ့ အခါ အဆင်ပြေတာပေါ့ဟု သာ ဖြေတွေးလေး တွေးလိုက်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
ဆက်ပါအုံးဗျာ စောင့်မျှော်လျှက်