ကျနော်နှင့် မိုး
မိုးမိုး ၀ါလိုက်ပါတော့ မိုး
မိုး မ၀ါတာ ကြာလေပြီ
မိုးကီး လေကီး လာလေပြီ
ဆိုတဲ့ ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့သည့် ကဗျာလေး။ ခုတော့လား ကြိုက်ပါသေးတယ်။ ကြိုက်ပေမယ့် ကဗျာပါ စာသားတွေကိုတော့ သိပ်မကြိုက်နှစ်သက်ချင်တော့ဘူးရယ်။ နွေရာသီလိုမျိုးဆို သိပ်ပြဿနာ မရှိပေမယ့် မိုးတွင်းကြီးမှာဆိုရင် အတော်လေးကို ဆိုးတယ်။ ခုလို မိုးက ရက်ဆက် ရွာနေတဲ့ အချိန်ဆို သာပြီးတော့တောင် ဆိုးသေး။ အခြား ဒေသများမှာတော့ ဘယ်လိုနေသည် မသိ။ ကျနော်တို့မြို့မှာတော့ မိုးက ခုရက်ပိုင်း ရက်ဆက်ကို ရွာနေ၏။ ရွာတာကလည်း တခါတည်း ရွာ၊ တခါတည်း တိတ်သွားခြင်း မျိုး မဟုတ်ပေ။
နို့ မကြာမကြာ ရွာတလား ဆိုပြန်တော့လည်း မဟုတ်ပေ။ ခဏခဏကို ရွာနေခြင်း ဖြစ်၏။ ရွာတာမှ တအိအိကို ရွာနေခြင်း ဖြစ်၏။ တိတ်သွားသည့် အချိန်ကို မရှိပေ။ တိတ်လည်း ခဏသာ။ တကယ့်ကို ခဏလေး တိတ်ပြီး အဆက်မပြတ်ကို ရွာနေတော့၏။ မိုးတွင်းအခါ ခြေခင်း လက်ခင်း မသာသည့် ကြားထဲ ခုလို တအိအိ တဖွဲဖွဲ ရွာနေသည့် မိုးက တော်တော်လေးကို ကသိကအောင့် နိုင်လှ၏။ နေ့စဉ် စာသင်၊ သင်တန်း ကိစ္စနှင့် အပြင်သွားလိုက်၊ လာလိုက် လုပ်နေရသည့် ကျနော့်အဖို့ ထိုမိုးက အတော်လေးကို ဒုက္ခပေး၏။ ဆိုင်ကယ်တစီးနှင့် မိုးကာ ၀တ်လိုက်၊ ချွတ်လိုက်နှင့် တော်တော်လေးကို ဟုတ်လို့ နေတော့၏။
တောင်ကြီးမိုးက ထိုသို့ပင် ဖြစ်၏။ မရွာလျှင်လည်း လုံးဝ မရွာပေ။ ရွာလိုက်လျှင်လည်း မရပ်တော့ပေ။ စိတ်ဆိုးယူရသည့် အထိပင်။ အတော် မာနကြီးသည့် မိုး ဖြစ်၏။ အတော်လည်း ဒုက္ခပေးသည့် မိုး ဖြစ်၏။ ကိုယ့်ကို သင်တန်း အသွားအလာ မိုးနှင့် (၂) ပါးသွားရတာက သိပ်ကိစ္စ မရှိလှပေမယ့် တူတော်မောင် ကျောင်းကြိုရသည့် အချိန်မှာ မိုးရွာက အတော်လေးကို ဒုက္ခရောက် ဗျာများရ၏။ မိုးကလည်း ကျောင်းဆင်းချိန်နှင့် ကိုက်ပြီးတော့ကို အချိန်ကိုက် ရွာသလားဟုပင် ထင်မှတ်မှားရလောက်၏။ တကယ့်ကို ကွတ်တိ။
တခါတလေ တနေကုန် မိုးမရွာဘဲ ကျောင်းဆင်းချိန်မှ ကွက်ပြီး ရွာသည့် အခါလည်း ရှိ၏။ ကျောင်းဆင်းချိန် ရွာပြီး တအောင့်နေတော့ တိတ်၏။ ကလေးများ ကျူရှင် သို့မဟုတ် အိမ်သို့ ပြန်ရောက်ပြီးသွားသည့် အချိန်လောက်ပေါ့။ တကယ့်ကို ချိန်သားကိုက် တွက်ချက်နိုင်သည့် မိုးပင်။ မိုးရွာချိန် အိမ်ထဲမှာ နားနေ၊ နားခိုနေရသူများ အဖို့က အဆင်ပြေမယ့် မိုးထဲ ရေထဲ သွားလာ လှုပ်ရှားနေရသူများ အဖို့က သိပ်ပြီး မလွယ်ကူလှပေ။ သွားရ လာရ ခက်သလို မဖျား မနာအောင်ကလည်း ဂရုစိုက် သတိထားရသေး၏။
ခြုံငုံ ပြောရလျှင် မိုးကို မမုန်းပါ။ သို့ပေမယ့် ချစ်လည်း မချစ်ပါ။ သို့ဆိုလျှင် မိုးရာသီကို ဥတု (၃) ပါး ထဲကနေ ထုတ်ပေးရမလား ဆိုလျှင်လည်း မထုတ်စေချင်ပါ။ သူ့သူ လေး ဒီအတိုင်း ရှိနေစေချင်ပါသည်။ သို့ပေမယ့် ယခုလို ရက်ဆက်ကြီး တအိအိ တဖွဲဖွဲ ရွာနေခြင်းမျိုးကိုတော့ မနှစ်သက်ပေ။ မုန်း၏။ ရာသီဥတုကို ဒီလို လုပ်ပါ၊ ဟိုလို လုပ်ပါဟု ပြောခွင့်၊ ပြောလို့ မရပေ။ မတော်တဆများ ရခဲ့သော် ညှာညှာတာတာ ရွာပါ မိုးရယ်ဟုတော့ ပြောလိုပါ၏။
Don Jaun
MSC 31