ကျနော်နှင့် အားကစား (Chapter 1)

in #myanmar5 years ago

FB_IMG_1527335451652.jpg

ခေါင်းစဉ်ကို ကြည့်ပြီး အများကြီး မမျှော်လင့်ထားဖို့ ကြိုတင်ပြီးတော့ ပြောထားလို၏။ အားကစားဆိုသည့်တိုင်း အားမှ ကစားရမည် ဆိုပြီး ငယ်ငယ်တုန်းကတော့ ထင်မိခဲ့၏။ (ယခုလည်း အချိန်လုပြီး အားအောင် မရမက အချိန်ရှာကြံပြီး ကစားခုန်စား လုပ်နေရသည်ပဲ မဟုတ်လား) ငယ်စဉ်က သတ်မှတ်ထားသည့် အိမ်စာ၊ ကျောင်းစာများ ပြီးမှ ဆော့ကစားခွင့် ရ၏။ လုပ်စရာ ရှိသည့် မိမိလုပ်ငန်း တာဝန်များ ပြီးမှသာ ဆော့ကစားခြင်း အမှုကို ပြုနိုင်၏။ စာမပြီးက အခြား ကလေးများ ဆော့ကစားနေသည့်တိုင် မိမိမှာ ဆော့ကစားခွင့် မရ၊ မရှိပေ။ အမေက ကျောင်းစာနှင့် ပတ်သက်လျှင် နည်းနည်းမှ အလျော့ မပေးခဲ့ပေ။

ထိုစဉ်က အမေ၏ ကျနော်တို့ အပေါ် စည်းကမ်းထုတ် ပြုမူမှုများကို စောဒက တက်ချခင်ခဲ့သော်လည်း မတက်ရဲပေ။ အသာလေး ရေငုံနှုတ်ပိတ်ပြီး အမေ လုပ်ခိုင်းသည့်အတိုင်း လုပ်ခဲ့ရ၏။ ထိုစဉ်က နားမလည်ခဲ့သော်လည်း ယခုအချိန် ပြန်တွေးမိတော့ အမေ့၏ ထိုကဲ့သို့ စည်းကမ်းချ ပြုမူ ပေးမှုများက ကျနော်တို့ကို အလေ့အကျင့်ကောင်းများ ရစေခဲ့၏။ လုပ်စရာ ရှိသည့် လုပ်ငန်းတာဝန်များကို ပြီးစီးအောင် လုပ်ပြီးမှ အပန်းဖြေ၊ အနားယူခြင်း အမှုကို ပြုဖြစ်၏။ ငယ်စဉ်က အမေ၏ စည်းကမ်းချ လေ့ကျင့်ပေးမှုကို ကျေးဇူး အထူးတင်ရပေလိမ့်မည်။

ကျောင်းစာ၊ အိမ်စာများ ပြီးလျှင်တော့ ဆော့ကစားခွင့် ရ၏။ မောင်နှမ (၅) ယောက်ရှိသော်လည်း အငယ်ဆုံးကျနော်သည် ကစားဖော်၊ ကစားဖက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် မောင်နှမတွေ အသက်ကွာဟ သောကြောင့် ဖြစ်၏။ ကျနော့်အထက် အမပင်လျှင် ကျနော်နှင့် (၆) နှစ်လောက် ကွာ၏။ ထို့ကြောင့် ကစားဖက် မရှိသော ကျနော်သည် အရုပ်များနှင့်သာ ကစားရ၏။ နောက်ပိုင်း အသက်အားဖြင့် အနည်းငယ် ကြီးလာပြီးနောက် ကစားဖော်များ ရလာ ရှိလာ၏။ ကလေးဘ၀ အများဆုံး ကစားဖြစ်သည်မှာ ပြေးခုန်လွှား ကစားခြင်းသာ ဖြစ်၏။

IMG_20180719_140636.jpg

အမလိုက်တန်းဟု ခေါ်သည့် လိုက်ဖမ်းရမည့်သူ (အမ) က ကျန်ပါဝင်သူများကို လိုက်ဖမ်းရခြင်း ဖြစ်၏။ တဦးတယောက်ကို မိသွားလျှင် ထိုသူက လိုက်ဖမ်းရမည့်သူ (အမ) ဖြစ်သွားပြီး ကျန်သူများကို ဖမ်းရ၏။ ထို့ပြင် နောက်ထပ် ကစားဖြစ်သော ကစားနည်းမှာ အပြေးပြိုင်ခြင်း ဖြစ်၏။ အချိန်၊ နေရာ အတိအကျ မရှိပေ။ ကျောင်းပြန်ချိန်ပဲ ဖြစ်ဖြစ်၊ တနေရာရာကို သူငယ်ချင်းနှင့် အတူ သွားနေချိန်တွင်ပဲ ဖြစ်ဖြစ် တယောက်ယောက်က ကောက်ကာ ငင်ကာ အပြေးပြိုင်မယ် အဲ့နေရာကို ဘယ်သူ အရင်ရောက်လဲ ဆိုတာ ဆိုပြီး ပြိုင်လေ့ ရှိ၏။ စကားသံဆုံးမှ တဖက်လူ ခေါင်းညိတ်မှ သို့မဟုတ် အေးဟုတ်ပြီလို့ အဖြေစကားရမှ ပြိုင်ပွဲ ဖြစ်သည် မဟုတ်ပေ။ တခါတလေ တဖက်သူမှ အဖြေစကား မကြားရခင်၊ မစောင့်ပဲ စိန်ခေါ်သူမှာ စတင် ပြေးနေပြီ ဖြစ်၏။ တဖက်သူမှ နောက်ကနေ အလူးအလဲ လိုက်ပြေးလျှင် ထိုပြိုင်ပွဲ အထ မြောက်၏။ မပြေးပဲ နေလျှင် ပြိုင်ပွဲ အထ မမြောက်ပေ။

ထိုအခါမျိုး၌ စိန်ခေါ်သူသည် ပြေးနေရင်းမှ နောက်လှည့် ပြန်ကြည့်ပြီး တဖက်လူ မပြေးမှန်းသိမှ အပြေးရပ် ရ၏။ တဖက်သူမှ အနားရောက်မှ ထပြေးလျှင် စိန်ခေါ်သူမှာ ပြာယာခတ်ပြီး ထိုအခါ အမြန် ပြန်လိုက်ပြေးရ၏။ ဤသည်မှာ ကျနော်တို့ ကလေးဘ၀၏ အပြေးပြိုင်ပွဲ တခု ဖြစ်၏။ မြန်မာနိုင်ငံ ရှိ ကလေးအားလုံး နီးပါး အနှီ ပြိုင်ပွဲ၊ ကစားနည်းမျိုး ကစားဖူး ကြပေလိမ့်မည်။ ဘယ်သူနှင့်မှ ပြိုင်စရာ မရှိလျှင်တောင် တနေရာနှင့် တနေရာကို လမ်းမလျှောက်ပဲ ပြေးပြီးတော့သာ သွားနေသည်က များ၏။ တခါတလေများဆို လက်နှစ်ဖက်ကို ဆိုင်ကယ်စီးသလို လုပ်ပြီး ညာဖက်လက်နှင့် လီဗာဗြဲသလို လုပ်ပြီး တဘွန်းဘွန်းနှင့်တောင် ပြေးနေလိုက်သေး၏။

ဆက်ပါဦး၏

Don Jaun

MSC 31

Sort:  

‌အေးပြီဆို‌တော့ အားကစား လုပ်‌သင့်‌ပြီ‌ပေါ့‌နော်‌။

ဟုတ်တယ် အကို

ဘယ်လိုပဲဖြစ်ဖြစ် ကလေးဘဝက အဲဒီလိုကစားရတာလည်း ပျော်စရာအရမ်းကောင်းပါတယ်။ အမေရဲ့စည်းကမ်းကောင်းလေးက အခုတော့ တန်ဖိုးရှိနေလောက်ပြီနော်။

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 62934.09
ETH 3118.65
USDT 1.00
SBD 3.85