သီတင်းကျွတ်

in #myanmar5 years ago

t5n9axz4v5.jpg

ဆေးသောက်သောက်ပြီးချင်း ချက်ချင်းတော့ အိပ်မပျော်ပေ။ ဆေးအရှိန် ပြဖို့က အနည်းငယ်တော့ ကြာသည်ကိုး။ မိနစ် (၂၀) လောက်နေတော့ ကျနော် အိပ်ပျော်သွားတော့၏။ ယခု သောက်သည့် ဆေးက နှာစီး သီးသန့် သောက်သည့် ဆေး ဖြစ်၏။ အခြားသူများတော့ မသိပေမယ့် ကျနော်ကတော့ ထိုဆေး သောက်လိုက်လျှင် နုန်းပြီး အားရုပ်သွားသလို ခံစားရ၏။ ထို့ကြောင့် တော်ရုံ အခြေအနေနှင့်တော့ ထိုဆေးကို မသောက်ချင်ပေ။ ခုက နှာစီး တာရှည်နေလို့သာ။

ဆေးရှိန်ကြောင့် အိပ်ပျော်သွားပြီး နာရီဝက်နေတာ့ နိုးလာ၏။ တမနက်ခင်းလုံး ပွင့်နေ၊ ပူနေခဲ့သော နေသည် မိုးတိမ်များ ကြားသို့ ၀င်သွားပြီ ဖြစ်၏။ မိုးက အုံနေရုံတင် မကဘဲ ရွာကို ရွာနေပြီ ဖြစ်၏။ ရွာသည့် အရွာက သဲသဲမဲမဲကို ရွာနေခြင်း ဖြစ်၏။ သီတင်းကျွတ် လပြည့်နေ့ ကြည်လင် သာယာနေရမည့် နေ့ကြီးမှာမှ ရွာနေခြင်း ဖြစ်၏။ ကျနော် ပြန်အိပ်ပျော်သွားပြန်၏။ ညနေ (၄) နာရီ ခွဲခါနီးမှာတော့ ကျနော် အိပ်ရာမှ နိုးလာ၏။ အမေ့ကို ဘုန်းကြီးကျောင်းမှ သွားကြိုရဦးမည် ဖြစ်၏။ လပြည့် လကွယ်ဆိုလျှင် အမေက စွန်းလွန်းကျောင်းမှာ တရားသွားထိုင်နေကြ ဖြစ်၏။

3qjqns9vjo.jpg

မိုးက ရွာနေတုန်း ဖြစ်၏။ ကံကောင်းချင်တော့ အမေ့ကို လာကန်တော့ဖို့ အကို ၀မ်းကွဲ ရောက်နေ၏။ ထို့ကြောင့် သူ့ကားနှင့်ပင် အမေ့ကို သွားကြိုလိုက်၏။ မိုးကတော်တော်လေးကို ကောင်း၏။ တော်တော်ကြာကြာကို ရွာ၏။ ရေလည်း တော်တော်ပါ၏။ ဘယ်လောက်ထိ ပါလဲဆို ကျနော်တို့ ၀န်ထမ်းအိမ်ယာ ၀န်းထဲရှိ (၂) ခန်းတွဲ အုတ်ကန်ကြီးပင် ပြည့်သွားသည်အထိပင်။ ညနေ (၅) နာရီခွဲ ကျော်၊ (၆) နာရီ ထိုးခါနီးမှ မိုးက တိတ်သွားခဲ့၏။ လည်ပတ်ချင်သူများ အတွက် အဆင်ပြေပြီပေါ့။ ကျနော်ကတော့ ဘယ်မှ မသွားပေ။ အိမ်မှာပဲ နေမည် ဖြစ်၏။

တိတ်သွားသည့် ကိုရွှေမိုးက (၇) နာရီ ထိုးခါနီးမှာ တခါ ရွာချပြန်၏။ ညနေတုန်းက လိုပင် သဲသဲမဲမဲကို ရွာ၏။ အင်း လည်ပတ်မည့်သူများတော့ အခက်ကြုံရပေဦးမည်။ နိဗ္ဗာန်ဈေး အလှူတန်းလေးလည်း မည်သို့ နေမည်နည်းဟု တွေးပူနေမိပြန်၏။ အင်း မိုးကလည်း ဒီလိုနေ့ကြီးကြမှ ရွာရတယ်လို့။ ခုနောက်ပိုင်း အခါကြီး ရက်ကြီးများမှာ မိုးမလွတ်တာ အတော်များလာပြီ ဖြစ်၏။ ညစာ စားပြီးနောက် ကျနော်လည်း အိပ်ရာထဲ ၀င်ပြီး စောင်ခြုံ ကွေးနေလိုက်၏။ မိုးကြီးကြီး ရွာပေမယ့် မီးမပျက်လို့ တော်သေး၏။

ကျနော်လည်း အိပ်ရာထဲမှာပဲ ဂိမ်းဆော့ရင်း နားနေလိုက်၏။ ပြီးလျှင်တော့ ရုပ်ရှင် တကားလောက် ကြည့်ပြီး အိပ်မည်။ မအိပ်ခင်တော့ ဆေးတလုံးလောက် ထပ်သောက်မှ ဖြစ်ဦးမည်။ စောစောတော့ အိပ်မှ ရဦးမည်။ မနက်က ဆွမ်းတော်က မကြွထားတော့ နောက်နေ့ မနက်တော့ ကြွနိုင်၏။ အမေ့ကို ဆွမ်းလိုက်လောင်းကူရဦးမည်ကိုး။ ကျနော့် လပြည့်နေ့ အားလပ်ရက်လေးကတော့ ဘုန်းကြီးကျောင်း တက်၊ အိမ်မှာပဲ နားနေခြင်းနှင့် ကုန်ဆုံးသွား၏။ မကြာခင် ပိတ်ရက်များ ကုန်ဆုံးတော့မည် ဖြစ်၏။ အလုပ်ခွင်သို့လည်း ပြန်ဝင်ရတော့မည်။ ခုလို ကြပြန်တော့လည်း ဘာမှ မနားလိုက်ရသလိုလိုပင်။

Don Jaun

MSC 31

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63525.38
ETH 2645.15
USDT 1.00
SBD 2.76