Sea Game (Chapter 4)

in #myanmar5 years ago

t5n9axz4v5.jpg

ကမ္ဘောဒီးယား အသင်း၏ ခြေစွမ်းပိုင်း တိုးတက်လာမှုက တကယ့်ကို အံ့မခန်းပင်။ ဒေသတွင်း အသင်းများကြားထဲတွင် တိုးတက်မှု အမြန်ဆုံး အသင်းဟု ပြောလို့ ရ၏။ ပြောလည်း ပြောရအောင် သူတို့ အသင်း ခြေစွမ်းက တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့၏။ ယခု နောက်ပိုင်း နှစ်များမှာ ပိုသိသာ၏။ ယခင် အိမ်ဖြည့် အဆင့်မှသည် ဒေသတွင်း အသင်းများကို ခြေရည်တူ ယှဉ်ကစားနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့၏။ အိမ်ဖြည့် အဆင့်မှသည် ဖျက်မြင်း အဆင့်သို့ ရောက်လာခဲ့သည်ဟု ပြောလို့ ရ၏။

ယခု သူနှင့် ဘဝတူ အိမ်ဖြည့် အသင်းများကတော့ ယခုအချိန်ထိ တိုးတက်လာမှုများကို မတွေ့ရပေ။ ထို့ကြောင့်ပင် ကမ္ဘောဒီးယား အသင်း၏ တိုးတက်ပြောင်းလဲလာမှုက တော်တော်လေးကို သိသာသွားခဲ့ရခြင်း ဖြစ်၏။ ယခုနှစ် ဆီးဂိမ်း အုပ်စုတွင်း ပြိုင်ပွဲများမှာလည်း မထင်မှတ်ထားသည်များကို ပြုလုပ်ထားနိုင်ခဲ့၏။ အိမ်ရှင် ဖိလစ်ပိုင်နှင့် သရေ၊ အရှေ့တီမောကိုတော့ (၅) ဂိုးပြတ် အနိုင်ရထား၏။ မြန်မာ အသင်းနှင့် ပွဲသည် သူတို့ အတွက် အုပ်စု တက်ရေး အဆုံးအဖြတ်ပေးနိုင်သည့် ပွဲဟု ဆိုလို့ရ၏။ မြန်မာနှင့် ကစားရသည့် အခြေအနေပေါ် မူတည်ပြီး အုပ်စု နောက်ဆုံးပွဲ စဉ် ဖြစ်သည့် မလေးရှားနှင့် ပွဲစဉ်ကို ဘယ်လို ရလဒ်မျိုး ရအောင် ကစားရမည်ဆိုပြီး သူတို့ ရွေးချယ်ရမည်ကိုး။

895vfxm4iv.jpg

နာမည်ကြီး မလေးရှားကလည်း ဒီနှစ် ဆီးဂိမ်းမှာ ဘယ်လို ဖြစ်နေသည် မသိပေ။ မြန်မာ အသင်းနှင့် တဂိုးစီ သရေကျပြီး အိမ်ရှင် ဖိလစ်ပိုင်ကိုတော့ (ဝ-၁) ဂိုး ဆိုသည့် ရလဒ်နှင့် အရှုံးပေးထားရ၏။ မလေးရှား အနေနှင့် အရှေ့တီမော၊ ကမ္ဘောဒီးယားတို့နှင့် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များသည် နောက်တဆင့် တက်ရေးအတွက် တကယ့်ကို အရေးကြီး အရေးပါလာခဲ့ပြီ ဖြစ်၏။

(၂-၁၂-၂၀၁၉) ရက်နေ့က အုပ်စု (က) ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်ကစား၏။ အုပ်စုတွင်း ကျန်အသင်းများ အနေနှင့် တပွဲစီ ကျန်နေသေးပေမယ့် မြန်မာအသင်း အနေနှင့်ကတော့ အုပ်စု နောက်ဆုံးပွဲစဉ် ဖြစ်၏။ ပွဲစဉ် (၂) ပွဲ ယှဉ်ပြိုင်ကစားရာမှာ မြန်မာက ကမ္ဘောဒီးယား အသင်းကို (၂-၁) ဂိုး၊ မလေးရှားက အရှေ့တီမောကို (၄-ဝ) ဂိုး စီဖြင့် အသီးသီး အနိုင်ရရှိခဲ့ကြ၏။ မြန်မာ အသင်းအနေနှင့်ကတော့ စုစုပေါင်း ရမှတ် (၁၀) မှတ်ဖြင့် အုပ်စု (က) ၏ အုပ်စုဗိုလ် အဖြစ် ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီ ဖြစ်၏။ သို့ပေမယ့် ကျန် အသင်းများ အနေဖြင့် နောက်တဆင့် တက်ရောက်ခွင့် နေရာအတွက် အကြိတ်အနယ် ဆက်လက်ယှဉ်ပြိုင်ရဖွယ် ရှိနေသေး၏။

အုပ်စု (က) ၏ လက်ရှိ ကစားပြီးသွားသည့် ပွဲစဉ် အခြေအနေများ အရ။ မြန်မာက (၁၀) မှတ် အုပ်စု ပထမ၊ မလေးရှား၊ အိမ်ရှင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့က (၄) မှတ်စီနှင့် အုပ်စု ဒုတိယ နေရာကို မျှော်မှန်းလို့ ရနေသေး၏။ ထို (၃) သင်းထဲမှာ အခြေအနေ အကောင်းဆုံး အသင်းကတော့ အိမ်ရှင် ဖိလစ်ပိုင်ဟု ပြောလို့ ရ၏။ အုပ်စု နောက်ဆုံးပွဲ စဉ် အဖြစ် အရှေ့တီမောနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သဖြင့် အနည်းငယ် ပွဲစဉ် ချောင်သည်ဟု ပြောလို့ ရ၏။ သို့ပေမယ့် ကတ်နိုင်ရုံဖြင့် မရဘဲ ဂိုးတွေ သွင်းနိုင်သမျှ သွင်းထားဖို့ လို၏။

ဆက်ပါဦးမည်

Don Jaun

MSC 31

Coin Marketplace

STEEM 0.17
TRX 0.13
JST 0.027
BTC 60592.45
ETH 2714.27
USDT 1.00
SBD 2.45