ဖိတ်စဉ်သွားသော အာရုဏ်ဦး (ဇာတ်သိမ်းပိုင်း)

in #myanmar7 years ago

FB_IMG_1498534182631.jpg

မရီးနား သမီးလိပ်စာတောင်း၏ ။ ဖုန်းနံပါတ်ရ၏ ။ ဒါတောင် ကြည်ကြည်ဖြူ မပေးချင် ။ မူးချင် ယောင်ဆောင်ပြီး နည်းနည်းယစ်ပြခဲ့လို့သာ ။ အပြန် ကုန်စုံဆိုင်ဝင်ပြီး သမီးနားဖုန်းခေါ်ကြည့်၏ ။ မိန်းမနှင့်သာတွေ့ရ၏ ။ သမီးက စာကျက်ဝိုင်းသွားတယ်တဲ့ ။ မိန်းမကသူ့ကို ရစရာမရှိအောင်ပြော၏ ။ ဒီအချိန်မှာ သူ့အတွက် ဒါတွေက အရေးမကြီး ၊ အရေးကြီးတာက သမီးနှင့်စကားပြောရဖို့ ။ မိန်းမက ပြောရဆိုရတာ မောသွားတော့မှ နက်ဖြန်စာကျက်ဝိုင်းပိတ်တယ် အဲ့ခါမှဆက်ဆိုပြီး နားပူခံ၊ ရင်နာခံ ပြီးမှ အခွင့်ရ၏ ။ သူနေ့လည်စာနှင့် ညစာပင် မစားဖြစ်လိုက် ။ မစားနိုင်ခြင်းဆိုက ပို၍မှန်ပေလိမ့်မည်။

ယခင်ညများက ခေါင်းအုံးနှင့် ခေါင်းထိက တန်းအိပ်ပျော်ပေမယ့် ယခုညမှာ ထိုသို့မဟုတ် ၊ ဘယ်လိုမှ အိပ်မရ ။ အတွေးတွေက နှိပ်စက်၏ ။ ဘာအတွေးမှ မ၀င်တော့လည်း ဟင်းလင်းပြင်ထဲ ရောက်နေသလို ခံစားနေရ၏ ။ အရင်ညတွေကအိပ်ပျော်ပေမယ့် အိပ်မက်ဆိုးတွေကြောင့် လန့်နိုးနေရတာထက်စာရင် လုံးဝအိပ်မပျော်တာလည်း တစ်မျိုးတော့ကောင်း၏ ။ ခုတလော အိပ်မက်တွေက သိပ်မကောင်း ။ အမေ့ကိုပြောပြဖြစ်တော့ အမေ၏အကြံပေးချက်အရ ဘုရားစာရွတ် ၊ ပုတီးစိပ်နဲ့ သူ့စိတ်တွေတော်တော်ကြည်လင်လာ၏ ။ သို့ပေမယ့် အိပ်မက်ဆိုးတွေကတော့ မက်နေတုန်းပဲ ။ ကြည်လင်နေပြီးသားစိတ်အခံလေးကို ငြိမ်သက်အောင် သူမနည်းထိန်းနေရ၏ ။ ပါရမီအခံမရှိတော့ သူဘယ်လိုမှမထိန်းနိုင် ။ မရသည့်အဆုံး သူလွှတ်ထားပေးလိုက်ရတော့၏ ။ ဒီလိုနဲ့ မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် ၊ အတွေးတွေ ဂယောက်ဂယက်နဲ့ မိုးသောက်သွားလေတော့၏ ။ အင်း..ညနေတော့ သမီးနား ဖုန်းဆက်ကိုဆက်ရမည် ။

IMG_2017-08-18_22-02-44.JPG

ရင်ထဲ၌ ဘာခံနေမှန်း မသိ ။ တစ်နေကုန် ဘာမှ မစားနိုင် ၊ စားချင်စိတ်လည်းမရှိ ။ ညနေသမီးနားဖုန်းဆက်တော့ အမေပါစိတ်ပူပြီးလိုက်လာ၏ ။ မိန်းမက မနေ့ကပြောရန်ကျန်သည့် အပြစ်တင်စကားများထပ်ပြောပြီး သူမတို့ရှိရာမြို့သို့ လုံးဝမလိုက်လာရန်ပြော၏ ။ သူကလည်း ပြတ်ပါပြီ ။ ကိုယ့်အပေါ် သံယောဇဉ်မရှိတော့သည့်မိန်းမကို သူကလည်းအချိန်ကုန်ခံပြီးလွမ်းမနေပါ ။ သူမအတွက် သံယောဇဉ်လက်ကျန်တွေက ပျောက်ကွယ် သွားနှင့်ခဲ့ပြီးလေပြီ ။ အေး ... ငါလိုက်လာခဲ့ရင်တောင် မင်းကြောင့်မဟုတ်ဘူး ၊ သမီးအတွက်ပဲ ။ သမီးကသူ့ကိုလွမ်းကြောင်း တွေ့ချင်ကြောင်း အဖွားကိုတွေ့ချင်ကြောင်း နေရတာမပျော်ကြောင်း ငိုပြီး ပြောရှာ၏ ။ အဆိုးဆုံးက ညီမလေးကို သတိရလွန်းလို့တဲ့ ။ သူ မျက်ရည်ဝဲ၏ ။ သူကားရှာ၍ သမီးနောက်ကို လိုက်လာပြီး ပြန်လာခေါ်မယ်ဟု ကတိပေးလိုက်၏ ။ မိန်းမက ကြားပြီး လုံးဝမလိုက်လာရန် ထပ်ပြောပြီး ချက်ချင်း ဖုန်းချလိုက်၏ ။ သမီးနှင့် စကားတောင်ဝအောင်မပြော လိုက်ရပေ ။

LRM_EXPORT_20170818_194302.jpg

အိမ်ပြန်ရောက်တော့ ဒီလောက်မွေးကတည်းက ပေပေတေတေနှင့်မာကျောခဲ့သည့်သူ ဘယ်လိုမှ မခံစားနိုင်တော့ ။ ဘ၀မှာ ပထမဦးဆုံးကြိမ်အဖြစ် သူ့ပါးစပ်ကနေ အမေရယ်! ကျွန်တော် က အသုံးမကျတဲ့ကောင်ကြီး ဖြစ်နေပါပြီဗျာဟု ပြောပြီးငိုမိ၏ ။ အမေလည်း မျက်ရည်ဝိုင်းလျက် သူ့ကို တွေတွေကြီး ကြည့်နေ၏ ။

ဒီနေ့လည်း ထမင်းမ၀င် ၊ အိပ်၍လည်းမပျော် ။ ဘုရားစာ မရွတ်ဖြစ်၊ ပုတီး မစိပ်ဖြစ် ။ သမီးနောက်ဘယ်လို လိုက်သွားရမလဲ .. သူအကြံထုတ်၏ ။ သူငယ်ချင်းကလည်း များများစားစားမရှိ ။ ရှိသည့်သူငယ်ချင်းတွေထဲမှာက သမီးရှိရာမြို့သို့ လက်ရှိမောင်းနေသူက မရှိ ။ ကြိုးစားပြီး နီးစပ်ရာ၊ ခင်ရာမင်ရာလေး မေးကြည့်၏ ။ ဒီအတိုင်းတော့ သမီးကို သူ သွားမခေါ်ချင် ။ မိန်းမကလည်း ထည့်မည်မဟုတ် ။ ထိုကြောင့် ခရီးသည် သက်သက်မဟုတ်ဘဲ ယာဉ်နောက်လိုက်အနေဖြင့် ၀င်ငွေလည်းရ၊ သမီးကိုလည်းတွေ့ရ သူ့အကြံနှင့်သူ ။ လက်ထဲပိုက်ဆံ ရှိလာမှ အခြားစီမံစရာတွေကို သူ လုပ်နိုင်မည်မဟုတ်လား ။ (၃)ရက်သာ ကြာသွား၏ ၊ ကားက မရ ။

ဒါနဲ့ပဲ အိမ်ရှေ့ခန်းမှာ တွေးလိုက်၊ ငေးလိုက်နှင့် ငူငူငေါင်ငေါင်သူထိုင်နေ၏ ။ ချက်ချင်းကြီး ငြိမ်သွား ကာ အစာလည်းမစား အိပ်လည်းမအိပ်သည့် သူ့ကိုကြည့်ကာ အမေက
“ ဒီအတိုင်းဆို မင်းကြောင်သွားလိမ့်မယ် အေး ရူးသွားရင်တော့ ငါက မင်းကို ဆေးရုံပို့ပစ်မှာ ”
ဟု ကရုဏာစွတ်သည့် ဒေါသသံနှင့်ပြော၏ ။ သူမျက်နှာငယ်လေးနှင့် ပြန်ကြည့်တော့ အမေ စိတ်မကောင်း စွာ မျက်နှာလွှဲသွား၏ ။ အမေပြောလွန်း၍သာ သူ (၂)ဇွန်း(၃)ဇွန်း စားပြနေခြင်းဖြစ်၏ ။ တကယ်မစားတာ အမေလည်းသိ၏ ။ အရင်ကတည်းက ပြောမရသည့် သူ့ကိုအမေ မပြောတော့ ။ ခဏတာ စိတ်ညစ်ပြီး ပြန်ကောင်းလာလိမ့်မည်ဟု ဖြေတွေးလေးတွေးပြီး မပြောဘဲ စောင့်ကြည့်နေတာ လည်း ဖြစ်နိုင်၏ ။ စားလည်းမစား၊ အိပ်လည်းမအိပ် ၊ ငေးလိုက် ငိုင်လိုက် လှဲနေလိုက်နှင့် ။ ဒီလိုနဲ့ တစ်နေ့ ထပ်ကုန် သွားပြန်၏ ။ကားရှာပြီး သမီးနောက်လိုက်ရမယ် .. ကားရှာပြီး သမီးနောက်လိုက်ရမယ် ။

LRM_EXPORT_20170818_195044.jpg

“ ဟေ့ xxx သေချင်နေတာလား ”

အလို သူဘယ်ရောက်နေတာလဲ ။ အော်ဆဲသွားသည့် ကားသမားကြောင့် သူလမ်းပေါ်ရောက်နေမှန်း သိလိုက်၏ ။ မြို့တွင်းလမ်းမ မဟုတ်ဘဲ ၊ မြို့ပြင်တောင်အဆင်းလမ်း အဝေးပြေးလမ်းမပေါ်မှာဖြစ်၏။ မိုးတောင်လင်းတော့မည် ။ ဟင် ညတုန်းက သူအိမ်မှာပါ ။ သိပြီ .. သိပြီ သမီးနောက်လိုက်မယ်ဆို ပြီး အိမ်ကနေ သတိလက်လွတ် ထွက်လာမိတာကိုး ။ ကိုယ့်ကိုပြန်ကြည့်မှ အိမ်နေရင်းအ၀တ်များဖြစ်သည့် ညီလေး၏ ကျောင်းပုဆိုးအဟောင်းလေးနှင့် အပေါ်က၀တ်ထားသည့် အနွေးထည်က နွမ်းဖတ်ဖတ် ။ သူတောင်တက်လမ်းဖက်ကနေ လမ်းလျှောက်ဆင်းလာခဲ့ခြင်းဖြစ်မည် ။ အိမ်မှ သူယခုရောက်နေသောနေရာကို တွက်ကြည့်တော့ နည်းတဲ့ခရီးမဟုတ် ။ကြာတော့ ညောင်းလာ သဖြင့် အဆင်းလမ်းဖက်သို့ကူးကာ ကားတစ်စီးစီးကို တားစီးကာ ကားကြီးကွင်းသို့ သွားရန် ကြံမိနေခြင်းဖြစ်ပေလိမ့်မည်ဟု ကိုယ့်ကို မနည်းပြန်စဉ်းစားယူရ၏ ။ သူလမ်းဘေးဆင်းလျှောက်ဖို့ ပြင်လိုက်၏ ။ ထော်လာဂျီတစ်စီးက ကြိုးစားပြီးသူ့ကို ရှောင်သွား၏ ။ ထော်လာဂျီနောက်မှာတော့ အရှိန်နှင့်ကပ်ပါလာသည့် ဟိုင်းလပ်ကားတစ်စီး ။ ဒီကားကတော့ သူ့ကို ရှောင်နိုင်မည်မဟုတ် ။ ထိုကြောင့် သူ အမြန်ရှောင်ရန် ကြိုးစားလိုက်၏ ။ အစားမရှိ ၊ ရက်ဆက်အိပ်ပျက်ထားသည့် ခန္ဓာကိုယ် က သူ၏စိတ်ဆောင်ရာသို့ မနည်းလိုက်နေရ၏ ။ သို့ပေမယ့် သူ ကြိုးစားပြီးရှောင်လိုက်၏ ။

P70815-234207.jpg

နံနက်ခင်းသည် သာယာလှပစွာ နိုးထလာ၏ ။ ကမ္ဘာတစ်ခြမ်းမှ လူအများကို ထိတွေ့ရန်အလို့ငှာ နေမင်း၏ ရှေ့တော်ပြေးတို့ ချီတက်လာကြ၏ ။ သို့သော် လူတစ်ယောက်ကမူ ထိုရှေ့တော်ပြေးတို့ကို ကျောပေး လဲလျောင်းကာ ဆန္ဒပြနေ၏ ။ ဖိနပ်တို့သည် ရှိနေရမည့်နေရာ၌ မရှိဘဲ အဝေးတစ်နေရာမှ ထိုလူ ပြန်လာစွပ်ယူစီးမည့် အချိန်ကိုစောင့်နေကြ၏ ။ ထိုလူ၏အပေါ်ဝတ်အင်္ကျီထဲ၌မူ ပုတီးတစ်ကုံးနှင့် ပရိတ်ကြီး(၁၁)သုတ်စာအုပ်တစ်အုပ် ရှိလေ၏ ။

စကြွင်း ။ ။ သူ သည် ကျတော်၏ အကို ဖြစ်သည်။ ကျတော်တို့တွင် ညီအကို၊ မောင်နှမ (၅) ယောက်ရှိပါသည်။ ကျတော်သည် အငယ်ဆုံး ဖြစ်သည်။ အကိုကြီးသည် ကျတော် (၆) တန်း ကျောင်းသားအရွယ်၌ ငှက်ဖျားရောဂါဖြင့် ဆုံးပါးခဲ့သည်။ အကိုငယ်မှာတော့ လွန်ခဲ့သည့် (၅) နှစ်က accident ဖြင့် ဆုံးပါးသွားခဲ့ပြီ ဖြစ်သည်။ အကိုငယ်၏ သမီး (၂) ယောက်အနက် အကြီးတယောက်သည် တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ ဖြစ်နေပြီ ဖြစ်၍ အငယ်မလေးကတော့ (၁၀) တန်း ကျောင်းသူ ဖြစ်နေပြီ ဖြစ်ပါသည်။

Base on True Story

Author : : Don Jaun

Sort:  

ဝါကျတိုတိုလေးတွေသုံးထားတော့ အမှားကင်းတယ်၊ ဆိုလိုရင်းကိုထိမိတယ်၊ ပြေပြစ်မှုရှိပါတယ်။ အလ့င်္ကာလေးတွေညှပ်သုံးနိုင်ရငပိုမိုလှပတဲ့စာတစ်ပုဒ်ဖြစ်လာမှာမလွဲပါ။

ဟုတ်ကဲ့ဗျ။ ကျေးဇူးပါ ဆရာ။

ဇာတ်သိမ်းပြီ အသစ်ဖတ်ရတော့မယ် ဟီးး

Good ဗျ အကိုDon

Thank အကိုရွှေ

အလှူအတန်းလေ မျှဝေပါ good bro

Yeah! We do this the day he have leaved at every year.

ကောင်းလွန်းပါတယ်ဗျာ

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63525.26
ETH 2583.76
USDT 1.00
SBD 2.80