Ko Five

in #myanmar5 years ago

85ptci.jpg

ဂီတ ကျနော်နှင့် အလှမ်းဝေးသည့် အရာတခု။ ဂီတနှင့် ပတ်သက်လျှင် ကျနော်က နားထောင်သူ အဆင့်သာ ဖြစ်၏။ သို့ပေမယ့် နားထောင်လျှင်လည်း အပေါ်ယံ မဟုတ်ဘဲ သေသေချာချာ နားဆင်၏။ ရင်ဘတ်ကြီးနှင့် ခံစားနား ဆင်သည်ပေါ့ဗျာ။ နို့ ဒါဖြင့် ကြီးကြီးကျယ်ကျယ် စကားချီ နေရအောင် ဘာများ ပြောမလို့လဲ ဟု မေးစရာ ရှိ၏။ ဟုတ် လတ်တလော ကျနော် နားထောင် ဖြစ်နေသည့် သီချင်းခွေ အကြောင်း ပြောချင်လို့ပါ။ အဆိုတော်က အသစ်ပါ။ တောင်ကြီးသား အဆိုတော် ဆိုပါတော့။

Review လို့တော့ မသုံးတော့ပါဘူး။ ဆိုခဲ့ပြီးသည့်အတိုင်း ဂီတက ကျနော် မကျွမ်းကျင်သည့် နယ်ပယ် တခုကိုး။ သို့ပေမယ့် အစားကောင်း စားရရင် ချစ်ရ ခင်ရသူတွေကို သတိရတယ် ဆိုသလိုပေါ့။ ခုလို သီချင်းကောင်းလေးတွေ နားဆင်ရတော့ ကိုယ့် မိတ်ဆွေ သူငယ်ချင်းတွေကို သတိရမိတာပေါ့ဗျာ။ ကဲ လက်တို့ခွင့်ပြုပါဗျာ။

အဆိုတော်က Ko Five သီချင်းစီးရီး နာမည်က သုံးထစ်လှေကား။ သီချင်း စုစုပေါင်း (၉) ပုဒ်။ copy (၂) ပုဒ် ပါတယ်။ ကျန်တာက own tune တွေ။ သီချင်းတွေက ပုံစံစုံတယ်၊ အကြမ်းကြီးတွေ မပါပေမယ့် အမြူးလေးတွေ များတယ်။ ကျနော် စသတိထားမိတာက သူ့အသံ။ အသံက ရှင်းတယ် စကားလုံး (အသံထွက်) ပီပြင်တယ်။ ကျနော်တို့ အများစု အဆိုတော် အသစ်၊ အခွေ အသစ်တွေ နားထောင်ရင် အချို့ သီချင်းတွေရဲ့ နေရာတော်တော်များများမှာ စကားလုံး မရှင်းလင်းတဲ့ ကိစ္စ မကြာခဏ ကြုံရလေ့ ရှိတယ်။ ခု Ko Five သီချင်းတွေမှာတော့ အဲ့လိုမျိုး မကြုံရဘူး။ အသံ ကြည်လင်ပြတ်သားမှု ရှိတယ်။ အသံပါဝါကောင်းတယ်။ ဆိုဟန် ရှင်းတယ်၊ လှတယ်။ ရင်ထဲထိ ရောက်အောင် ဆိုနိုင်တယ်။ မသိရင် အဆိုတော် ကိုယ်တိုင် ဘေးနား လာပြီး ဆိုပြနေတဲ့ အတိုင်းပဲ။

အိုကေ သီချင်းတွေ အကြောင်း ဆက်ပြောရအောင်။

3t12ky.jpg

1   အတူနေခွင့်အိပ်မက်

ဒီသီချင်းက အဟောင်းလေးပါ။ ခွေ မထုတ်ခင်ကတည်းက solo ထွက်ထားဖူးတဲ့ သီချင်းလေးပါ။ မဆုံနိုင်တဲ့၊ ဘယ်တော့ ဆုံနိုင်မယ်မှန်း မသိတဲ့၊ မရေရာတဲ့ အနာဂတ်တွေနဲ့ ပတ်သက်ပြီး ရေးဖွဲ့ထားတာပါ။ ဝေးကွာခြင်းကသာ အဆုံးသတ်ဖြစ်ခဲ့တဲ့ အကြောင်းလေးပေါ့။ တေးရေးကတော့ ကြယ်စင်ပါ။ အဆိုတော်ရဲ့ ညီမ အရင်းပါ။

2   အဝေးရောက် တမ်းချင်း

အဝေးရောက် ချစ်သူကို တချိန်ချိန်မှာ အရောက်ပြန်လာခဲ့မယ်ဆိုပြီး ကတိပေးထားတဲ့ အကြောင်းကို ရေးဖွဲ့ထားတာပါ။ ကိုရယ်ဂျီရဲ့ လက်ရာလေးပါ။

3   သုံးထစ် လှေကား

စီးရီးရဲ့ title song ပါ။ ကိုအောင်ကိုမြင့်ရဲ့ လက်ရာမွန်ပါ။ အချစ်၊ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး ခံစား၊ ဖြစ်ပျက်လေ့ ရှိတဲ့ အကြောင်းအရာကို ရေးဖွဲ့ထားတာပါ။ နမိတ်ပုံ သုံးထားတာလေးတွေက တကယ်ကို လှပါ။ “ သုံးထစ်လှေကား အဆင်း သိပ်ခက်လိုက်တာ ” ဆိုတဲ့ စာသားလေးက တော်တော်လေး ရင်ကို ငြိပါတယ်။

4   ရောင်းရင်း အရင်းရောင်း

ဒီသီချင်းကတော့ အပေါင်းအသင်းတွေ ဝိုင်းဖွဲ့ချိန် အကြောင်းပါ။ လက်ရှိ ဖြစ်ပျက်နေတာလေးနဲ့လည်း ကိုက်ပါတယ်။ (ကိုယ်တွေလည်း အဲ့လိုပဲလေ) ဟိုလုပ် ဒီလုပ်၊ ဟိုရှုပ် ဒီရှုပ်နဲ့ မထူးဘူး ကိုယ်ကြိုက်တာ ကိုယ်လုပ်။ နားကိုအေးရော။ ပေါ့ပေါ့ပါးပါးလေးနဲ့ နားထောင်လို့ ကောင်းပါတယ်။ နားထောင်နေရင်း ဝိုင်းချင်စိတ်တွေတောင် ပေါက်သွားတယ်။ တေးရေးက ကိုအောင်ကိုမြင့်ပါပဲ။

5   ညီမလေး

ကိုဇေတူးရဲ့ လက်ရာလေးပါ။ ဘဝရဲ့ လှိုင်းတံပိုး လောကဓံတွေကြားမှာ အားမငယ် စိတ်မပျက်ဘဲ ဖြတ်သန်းနိုင်ဖို့ အားပေးထားတဲ့ပုံစံလေးပါ။ ညီမလေးတယောက် အားတင်းထားပါ။ မုန်တိုင်းတွေ ပြီးရင်တော့ လေပြေလေးတွေ ဝင်လာမှာပေါ့။ တချိန်ချိန် ညီမလေး အောင်မြင်မှာပါ။ စိတ်ဓါတ် ခွန်အား ဖြစ်စေပါတယ်။

6   အမှား ဝင်္ကပါ

ကိုဟန်ဆိုင်းရဲ့ သီချင်းကောင်းလေး တပုဒ်ပါ။ အမှား ဝင်္ကပါ၊ ပုံစံခွက် ဘဝထဲ စီးမျောနေမိတဲ့ ဘဝပုံစံတွေ အကြောင်း ရေးဖွဲ့ထားတာပါ။ သိပ်မညွှန်းတော့ဘူး နားထောင်ကြည့်လိုက်ပါ။

7   မင်းလေးပြုံးပါ

နောက်ထပ်အဆွေးသီချင်း တပုဒ်ပါ။ ကိုရှိန်းရဲ့ လက်ရာပါ။ ကံကြမ္မာက ဘယ်လိုပင် ထိုးနှက်ပါစေ အဆုံးမှာတော့ ကိုယ်တို့တွေ နီးနိုင်ရမည်ဆိုတဲ့ ပုံစံလေးပါ။ ကိုယ်ကြိုးစားမယ် မင်းအနားရှိနိုင်ဖို့ မင်းကို ပျော်အောင် ထားနိုင်ဖို့။ မင်းဘက်က လုပ်ပေးဖို့ ကိုယ် သိပ်အများကြီး မတောင်းဆိုပါဘူး။ တခုပဲ please smile baby တဲ့။

8   တောင်ပေါ်အမေ

ကိုအောင်ကိုမြင့်ရဲ့ လက်ရာပါ။ အမေ အကြောင်း ရေးဖွဲ့တဲ့ သီချင်းတွေမှ အများကြီးပါ။ အားလုံး သူ့ပုံစံလေးတွေနဲ့ သူပါပဲ။ ခု ကိုအောင်ကိုမြင့်ရဲ့ တောင်ပေါ် အမေ သီချင်းလေးကလည်း ကျနော့်ရင်ထဲ အထိ တိုးဝင်ခဲ့ပါတယ်။ နေရပ်ကို စွန့်ခွာပြီး မြို့ကြီး ပြကြီးမှ နေထိုင်ရုန်းကန် နေတဲ့ သားတယောက် အကြောင်းကို ရေးထားတာပါ။ အိမ်မှာပဲ နားထောင်နေတဲ့ ကျနော့်ကိုတောင် အိမ်လွမ်းစိတ် ဖြစ်စေပါတယ်။ ဒီလိုပြောလို့ ပိုတယ် ထင်ပါလိမ့်မယ်။ နားထောင်ကြည့်ပြီးသွားရင်တော့ ကျနော်ပြောတာ လိုတောင် လိုနေသေးတယ်လို့ ခံစားမိသွားမှာပါ။ “ အမေ စိတ်မပူနဲ့ သား ဖြစ်တယ် ” ဆိုတဲ့ သီချင်းစာသားလေးက ကျနော်ကိုယ်တိုင်လည်း အမေ့ကို ပြောချင်နေတဲ့ စာသားလေးပါ။ ကျေးဇူး ကိုအောင်ကိုမြင့်၊ ကျေးဇူး ကိုဖိုက်။

9   စိတ်သစ် လူသစ်

ကျနော်ကြိုက်တဲ့ နောက်ထပ် သီချင်း တပုဒ်။ ခပ်မြူးမြူးလေးနဲ့ နားထဲ တန်းစွဲသွားမယ့် သီချင်း ပုံစံမျိုုးပါ။ စီးရီးကို စစချင်း နားထောင်ပြီးတာနဲ့ ဒီတပုဒ်က နားထဲ တန်းစွဲသွားတာပါ။ ဆွေးခဲ့၊ လွမ်းခဲ့ ရသမျှကို ပြန်ဖြေပေးထားတယ်လို့ ပြောလို့ ရပါ။ နားထဲတင် မဟုတ်ဘူး။ ရင်ထဲလည်း ထိမယ့် သီချင်းမျိုးပါ။ သီချင်းစာသာ အမြည်း မကျွေးတော့ဘူး နားထောင်ကြည့်လိုက်ပါ။

ပရိတ်သတ် တယောက်ရဲ့ အမြင်၊ ခံစားချက်သာ ဖြစ်လို့ တစုံတရာ အမှားပါသွားခဲ့ရင် တောင်းပန်ပါတယ်။ တေးရေး၊ တေးဆို အားလုံးကို လေးစား ချစ်ခင်လျက်ပါ။ ဆက်လက်ပြီး အနုပညာ လက်ရာမွန်တွေ ဖန်တီးနိုင်ပါစေ။ အောင်မြင်မှုတွေ ခူးဆွတ်နိုင်ပါစေလို့ ဆန္ဒပြု ဆုတောင်းလိုက်ပါတယ်။

ဒီ စီးရီးထဲက သီချင်းအားလုံးကို ကျနော် ကြိုက်ပါတယ်။ အားလုံးထဲကမှ ကျနော် အကြိုက်ဆုံး (၃) ပုဒ်ကို အမြည်းနားထောင်လို့ ရအောင် တင်ပေးလိုက်ပါတယ်။

သုံးထစ်လှေကား
https://drive.google.com/file/d/10PkEw7WoxxxZ1-p-xkwjZ95WkGqjRzyR/view?usp=drivesdk

စိတ်သစ် လူသစ်
https://drive.google.com/file/d/108IPre8YCJ7Lv139iIEkjO5rs-gojFVb/view?usp=drivesdk

တောင်ပေါ် အမေ
https://drive.google.com/file/d/10MsO_Z2Uu9qhfoNt1zRmtByB3akItiuP/view?usp=drivesdk

Don Jaun

MSC 31

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work!
Dear reader, Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.me/esteem

Coin Marketplace

STEEM 0.18
TRX 0.16
JST 0.031
BTC 60607.86
ETH 2620.83
USDT 1.00
SBD 2.52