How we Watch: Not A Spoiler (Final Chapter)
ဇာတ်ကားက တော်တော်လေးကို ကြည့်လို့ကောင်း၏။ ထင်မှတ်မထားသည်များ၊ မမျှော်လင့်ထားသည်များ တွေ့မြင်ခံစားခဲ့ရ၏။ spoiler မမိပဲ ကြည့်ခဲ့ရသည့် ဇာတ်ကားလည်း ဖြစ်သဖြင့် တော်တော်လေးကို ကြည့်လို့ ကောင်းခဲ့၏။ ကိုယ် spoiler မမိခဲ့သဖြင့် အခြားသူများကိုလည်း spoiler မမိစေချင်။ ထို့ကြောင့် ယခုလည်း ဇာတ်ကားကြည့်ခဲ့ရသည့် အခြေအနေ၊ အတွေ့အကြုံ၊ ခံစားချက်များကိုသာ ပြန်လည် ဖောက်သည်ချ ပြခြင်းသာ။ ဇာတ်ကား အကြောင်း လုံးဝ တလုံးတပါဒမျှ ပြောမည် မဟုတ်ပေ။
ဇတ်ကား ကြည့်နေရင်းနှင့် စောစောက မေးမေးနေသည့် သူငယ်ချင်းကိုလည်း လှမ်းကြည့်ရသေး၏။ အိပ်များ ပျော်နေပြီလားပေါ့။ သူ့ခဗျာ MCU ၏ (၁၀) နှစ်တာအတွင်း အားလုံးကို စုထားသည့် အကြမ်းဆုံး ဇာတ်ကား End Game ကိုမှ လာကြည့်မိသည်ကိုး။ ပိုဆိုးသည်က အရှေ့က ဇာတ်ကားများကို မကြည့်ထားဖူးခြင်း ဖြစ်၏။ ထို့ကြောင့် ဘာက ဘယ်လို၊ ဘာတွေက ဘာ ဆိုသည်ကို မသိဘဲ ကြည့်နေရ၏။ တခန်းပြီး တခန်း ဘာတွေ ဖြစ်သွားတာလဲ ဆိုသည့် ချိတ်လည်း ချိတ်မရ ဖြစ်နေ၏။ အရှေ့က ဇာတ်ကားများကို မကြည့်ထားဖူးဘဲနှင့် ယခု End Game ကို လုံးဝ ကြည့်လို့ နားလည်မည် မဟုတ်ပေ။
ထပ်မေးရမှာကိုလည်း အားနာလို့ထင် ဘာမှ မမေးတော့ပေ။ သို့နှင့် ရုပ်ရှင် ကြည့်ပြီး နောက် ကျနော်တို့ သူငယ်ချင်း တစု ရုံထဲကနေ ထွက်လာခဲ့ကြ၏။ စိတ်ထဲမှာတော့ ခံစားမှု ပေါင်းစုံနှင့်။ ပျော်ရွှင်မှု၊ ၀မ်းနည်းမှု၊ အားတက်မှု၊ စိတ်ပျက်မှု၊ မချင့်မရဲ ဖြစ်မှု၊ မတင်မကျ ဖြစ်မှု စသည့် ခံစားချက် အတွေးပေါင်းစုံနှင့်ပေါ့။ ည (၁၀) နာရီခွဲမှ ဇာတ်ကားပြီး၏။ သူငယ်ချင်း အချို့ ထမင်းမစားရသေးဘူး ဆိုသဖြင့် ည (၁၁) နာရီကျော်ထိ ဖွင့်သော ထမင်းကြော်ဆိုင်သို့ ချီတက်ကြ၏။
ထမင်းကြော်ဆိုင်မှာ ဇာတ်ကားအကြောင်းကို ပြန်လည် ပြောဆို ဆွေးနွေးကြ၏။ ညလည်း နက်နေပြီး၊ စားဝိုင်းကလည်း ကျနော်တို့ တ၀ိုင်းထဲ ဖြစ်သဖြင့် လွတ်လွတ်လပ်လပ်ပြောဆို ဆွေးနွေးလို့ ရ၏။ မတော် အခြားဝိုင်း ရှိနေပြီး၊ ထိုဝိုင်းမှာ ထိုင်နေသူများက End Game ကို သွားမကြည့်ရသေးဘူးဆိုလျှင် ကျနော်တို့ မရည်ရွယ်ဘဲ spoil လုပ်မိသွားနိုင်၏။ ထမင်းကြော် ဆိုင်ရောက်မှာ နောက်ကျနေသော၊ ဘာမှန်း နားမလည်သော သူငယ်ချင်းက မေးလေတော့၏။ ကျနော်တို့လည်း သူ နားလည် အောင် တက်နိုင်သလောက် အကျဉ်းချုံး ပြောပြ၊ ရှင်းပြလိုက်၏။ End Game ရှေ့က ဇာတ်ကားများကိုလည်း ပြန်ကြည့်ရန် အကြံပေးလိုက်၏။
ကျနော်တို့လည်း ဇာတ်ကားနှင့် ပတ်သက်ပြီး ခံစား တွေ့မြင်မိသည်များကို အပြန် အလှန် ပြောဆို ဆွေးနွေးကြပြီးနောက် အိမ်သို့ ပြန်ကြတော့၏။ အိမ်ပြန်ရောက်ပြီး ခြေလက်ဆေး၊ သွားတိုက်ပြီး အိပ်ဖို့ ပြင်၏။ တော်တော်နှင့် အိပ်မရပေ။ ဇာတ်ကား၏ ရိုက်ခတ်မှုက အိပ်စက်ခြင်းကို နှောင့်ယှက်တော့၏။ ရင်ထဲမှာ ဟာတာတာကြီးနှင့် တော်တော်လေး နေရခက်၏။ super hero fan များကတော့ ထို ခံစားချက်ကို နားလည်ကြမည် ထင်၏။ ထို့ပြင် End Game ကြည့်ပြီးသွားသည့် အခြားသူများလည်း ကျနော့်လို ခံစားမိနေမည်မှာ အသေအချာပင် ဖြစ်၏။ မကြည့်ရသေးဘူးဆိုလျှင်တော့ သွားကြည့်ကြပါလို့ MCU fan များကို တိုက်တွန်းလိုက်ရပါ၏။
Don Jaun
MSC 31
ကိုယ်တွေကြည့်ရင်တော့ ဘာမှနားလည်မှာမဟုတ်ဘူးနဲ့တူတယ်။
Posted using Partiko Android
ဇာတ်လမ်းတော့ပြောမပြဘူး