Hot
ရာသီဥတုကလည်း ခုတလော အတော်လေးကို ပူလာ၏။ ကျနော်တို့ တောင်ပေါ်ဒေသတောင် ဤမျှ ပူနေလျှင် အညာဒေသဆိုလျှင် မည်မျှ ပူနေမယ် မသိပေ။ တနေ့ တနေ့ ပူလွန်းလှသဖြင့် ဘာမှ မလုပ်ချင်လောက်အောင်ပင်။ မလုပ်ချင်ပေမယ့်လည်း မလုပ်လို့က မရပေ။ တူတော်မောင်၊ တူမတော်တို့ရဲ့ သင်တန်း အသွားအပြန်၊ အပို့အကြို ကိစ္စတွေက ရှိနေသေးသည်ကိုး။
သူတို့လေးတွေမှာလည်း နွေနေပူပူ နေ့လည်ခင်းကြီးမှာ ဟိုသင်တန်းတက် ဒီသင်တန်းတက်နှင့် သနားဖို့တော့ ကောင်း၏။ သူတို့ထက် ပိုသနားဖို့ကောင်းတာက ကျနော်။ တနေ့ တနေ့ သူတို့ကို ကြိုပို့ နေရသည်ကိုး။ ကြိုပို့ရုံတင် မဟုတ်ပဲ တခါတလေ English သင်တန်းက သင်ပေးလိုက်သည့် စာများကို ပြန်လည် လေ့ကျင့်စေခြင်း၊ စာများ ကျက်ကူခြင်းများကိုပါ လုပ်ပေးရ၏။ ရေချိုး၊ သန့်စင်ခန်းသွားသည့် ကိစ္စများမှာလည်း ပါရ၏။ တခါတလေ ကျနော့် အမေ (သူတို့ အဖွား) မအားသည့် အခါမျိုးတွင် ထမင်းကျွေးရသည့် အလုပ်ကိုပါ လုပ်ပေးရ၏။
မလုပ်ပေးချင်လို့ မဟုတ်ပါ။ သို့ပေမယ့် တခါတလေ သူတို့ အလုပ်တွေပဲ လိုက်လုပ်ပေးနေရသဖြင့် ကိုယ့်အလုပ်ကို မလုပ်ဖြစ်တာ၊ နောက်ကျတာမျိုးတွေ ဖြစ်ရ၏။ ထိုအလုပ်လေးတွေက ရုတ်တရက်ကြည့်လျှင် မပင်ပန်းဘူးဟု ထင်ရ၏။ တကယ်လုပ်ကြည့်မှ မည်မျှ ပင်ပန်းကြောင်းကို သိမည် ဖြစ်၏။ ကလေးရှိသည့် အိမ်ထောင်ရှင်တိုင်း ထိုအကြောင်းကို သိ၏၊ နားလည်၏။ သူတို့ကတော့ အိမ်ထောင်ရှင်တွေမလို့ ထားပါ။ ကျနော်က လူလွတ် တယောက် ဖြစ်ပြီး ထို ကိစ္စများကို လုပ်နေရသည် မဟုတ်လား။ တနေ့ တနေ့ ကျနော့်မှာ ကိုယ့်ကို လူလွတ်တယောက် ဆိုတာ မေ့မသွားအောင် သတိပေးနေရ၏။ ထိုသို့ သတိမပေးနေလျှင် မကြာခင် လွတ်သွားနိုင်၏။
မျောက် (၂) ကောင်က တမှောင့်၊ အမတော် (၂) ယောက်က တမှောင့်နှင့် တနေ့ တနေ့ မရိုးနိုင်ပေ။ အတော်များများက ထင်ကြလိမ့်မည်။ နွေရာသီမလို့ စာသင်ချိန်များ နည်းနေ၊ မရှိသေးသဖြင့် ဆရာသက်ပိုင် တယောက် သာသာယာယာ နားနေရသည်ဆိုပြီးပေါ့။ ကျနော်ကိုယ်တိုင်းလည်း ထိုသို့ နေချင်ပါ၏။ တကယ့် တကယ်က ထိုသို့ မဟုတ်နေပေ။ တနေ့ တနေ့ မနက် အိပ်ယာထ မျက်စိဖွင့်ကတည်းက စလိုက်သည့်၊ များလိုက်သည့် အလုပ်။ ဘာတွေမှန်းကို မသိပေ။
လွန်ခဲ့သော် (၃)၊ (၄)၊ (၅) နှစ်တုန်းက နွေရာသီများတုန်းကတော့ ယခုကဲ့သို့ မဟုတ်ပဲ အလွန်မှပဲ သာယာလှ၏။ အေးအေးဆေးဆေး နားလျှင်နား၊ ဒါမှ မဟုတ် ခရီးတွေ သွားလိုက သွားပေါ့။ ပီဘိတကယ့်ကို ငြိမ်းငြိမ်းချမ်းချမ်းပင်။ အနားရလွန်းလို့ကို ခက်နေသေး၏။ ယခုများ ထိုသို့ မဟုတ်ပေ။ အမများ အိမ်ထောင် ကိုယ်စီ ကျကုန်မှပဲ အလုပ်တွေက ပိုလာတော့၏။ ဘာမှကို မဆီမဆိုင် အလုပ်ပိုရသူက ကျနော် ဖြစ်နေ၏။ ယခုတလောက ပိုပြီး အလုပ်ပို၏။ ထို အကြောင်းများကို ပြောနေလျှင် ကျနော်ရေးနေကြ အခန်းဆက် အကြောင်းအရာများထက် ပိုပြီး ရှည်သည့်၊ အပိုင်းအဆက်များ အများဆုံး ဖြစ်သွားနိုင်သည့် အကြောင်းအရာ တခု ဖြစ်သွားနိုင်၏။ Steemit ပေါ်လာတာလည်း တမျိုးကောင်း၏။ ယခင်က ယခုလိုမျိုး တခုခု ဖြစ်လျှင် ဒီအတိုင်း ရေရွှတ်လိုက်၊ ငြီးညူလိုက်ဖို့သာ ရှိသည် မဟုတ်လား။ ယခုတော့ ဘာလေးပဲ ဖြစ်ဖြစ် steemit ပေါ် တက်ရေးပြီး reward တခုခု ယူနိုင်သည် မဟုတ်လား။ အရှုပ်တွေကြား၊ အလုပ်တွေကြားထဲကနေ စာလေးတွေတော့ အချိန်လုပြီး ရေးနေပါဦးမည်။
Don Jaun
MSC 31
ပူတာတော့ မပြောချင်တော့ပါဘူး
အပြင်မှာရော အတွင်းမှာရော
ပူဗျာပါဝေ
Posted using Partiko Android
အမတွေကြားက မောင်လူပျိုကြီးဒုက္ခ
Posted using Partiko Android
အလုပ်တွေများတော့ စာရေးဖို့ကုန်ကြမ်းတွေကများပြီး ဟန်ကျနေတာပေါ့အစ်ကို။အကောင်းဘက်က လှည့်ပြီးယူတတ်တာ လူတော်လူကောင်းတစ်ယောက်အတွက် ရှိသင့်တဲ့ အချက်လေးတွေပါခင်ဗျာ။
Posted using Partiko Android