Futsal Time

in #myanmar5 years ago

t5n9axz4v5.jpg

ယခုတလော Futsal ကန်လို့ တော်တော်လေး ကောင်းနေ၏။ ယခင်တုန်းကထက်ကို သိသိသာသာ ကန်လို့ ကောင်းလာခြင်း ဖြစ်၏။ အချိန်ကာလ ကြာလာတော့ အတူ ကန်လာသည့် သူငယ်ချင်းများ တော်တော်လေး ကန်နိုင်လာကြ၏။ ထိုအချက်က ပိုကန်လို့ ကောင်းလာစေသည့် အဓိက အချက်ပင် ဖြစ်၏။ သို့ပေမယ့် ယခင်တုန်းကလောက် လူ မများတော့ပေ။ ယခင် (၃) သင်းစာလောက်ရှိခဲ့သော လူစာရင်းသည် ယခု အခါမှာတော့ (၂) သင်းစာပင် မပြည့်ချင်ပေ။ တခါတလေ (၁၀) ယောက် ပြည့်ဖို့ (၂) ယောက်လို၊ (၁) ယောက်လို နေသဖြင့် ကွင်းက ညီလေးနှင့် အခြားလာကန်သည့် သူများကို အကူအညီတောင်းရလေ့ ရှိ၏။ ၀င်ကန်ပေးဖို့ကိုပေါ့။

အကြောင်းအမျိုးမျိုးကြောင့် အချို့သူများ လာမကန် ဖြစ်ကြတော့ပေ။ လုံးဝကို မလာတော့ဘဲ ပျောက်သွားသူများ ရှိသလို၊ မကြာမကြာမှသာ လာကန်နိုင်ကြသည့် သူများကြောင့် အသင်းက ယခင်လောက် လူမစုံတော့ပေ။ ချိန်းပွဲလည်း မကန် ဖြစ်တာ (၁) လလောက် ရှိသွားပြီ ဖြစ်၏။ တကယ် ကန်နိုင်သည့်သူတွေက မစုံ၊ စုစည်းလို့ မရသဖြင့် ချိန်းပွဲ မကန် ဖြစ်ခြင်းလည်း ပါ၏။ ချိန်းပွဲကလည်း မနိုင်သည့်ပွဲတွေက များများ နေသဖြင့် မကန်ချင်သေးပေ။ ယခု အချိန်ထိ ချိန်း တိုင်း မနိုင်သည့် အသင်း တသင်း ရှိ၏။ ထို အသင်းက ကျနော်တို့ထက် အစစ အရာရာမှာ သာလွန်လွန်းလှ၏။ ဘာပဲ ဖြစ်ဖြစ် တချိန်ချိန်မှာတော့ ထိုအသင်းကို ကောင်းကောင်း ယှဉ်ကစားနိုင်ဖို့ မျှော်လင့်ထား၏။

zdye6aoevs.jpg

သူတို့ အသင်းက လူငယ်တွေများ၏။ ထို့ပြင် အကုန်လုံးက ကစားနိုင်၊ ကစားအား ရှိကြ၏။ ဘောလုံးကို ကောင်းကောင်း ကန်တက်၏။ ကျနော်တို့ အသင်းက သူတို့ အသင်းကို ကစားအားမှာတင် မယှဉ်နိုင်ပေ။ သူတို့ အသင်းက ပျမ်းမျှ အသက်အားဖြင့် (၂၀) ပတ်ချာလည်လောက်လေးတွေသာ ဖြစ်၏။ ကျနော်တို့ အသင်းက ပျှမ်းမျှ (၃၀) အရွယ်တွေ ဖြစ်နေတော့ ထို နေရာမှာ တော်တော်လေး သိသာ သွားပြီ ဖြစ်၏။ အစပိုင်းမှာ သူတင် ကိုယ်တင် ကစားနိုင်ပေမယ့် နောက်ပိုင်းမှာတော့ ကစားအားက တဖြည်းဖြည်း ကျသွား၏။ တကယ့်ကို သိသိသာသာ ကျသွားခြင်း ဖြစ်၏။

သူတို့ အသင်းနှင့် ကန်ပြီးသွားတိုင်း ကျနော်တို့အသင်း မောကျန်ခဲ့၏။ အချင်းချင်း ချိန်းကန်သည်ထက်ကို ပိုပြီး မော၊ ပင်ပန်း၏။ သူတို့နှင့် ချိန်းကန်တိုင်း ရှုံးနေသောကြောင့် ကြာလျှင် စိတ်ဓါတ်ကျလာနိုင်၏။ ထို့ကြောင့် ကိုယ်နှင့် ခြေစွမ်းခြင်း သိပ်မကွာသည့် အခြားအသင်းများနှင့် ပြောင်းပြီး ချိန်းကန် ဖြစ်၏။ နောက်ပိုင်း မိမိတို့ အသင်း ပိုကောင်းလာမှ သူတို့ အသင်းနှင့် ပြန်ချိန်းကန်တော့မည်။ တဖြည်းဖြည်းနှင့်တော့ ကျနော်တို့ အသင်းလည်း တက်လာပြီ ဖြစ်၏။ ယခင် တနာရီ အချိန်ပြည့် မကစားနိုင်သူများ ယခု ကစားလာနိုင်ကြ၏။ ယခင်က ကောင်းကောင်း မကန်တတ်သူများ အခု နည်းနည်း ကစားတတ်လာပြီ ဖြစ်၏။ ယခင်က ကစားတတ်သူများ ယခု ပိုပြီး ကစားနိုင်လာ ပြီဖြစ်၏။

သို့ပေမယ့် လာမည့် အပတ်ထဲမှာတော့ ဘောလုံး ကန်နားရဦးမည် ထင်၏။ တန်ဆောင်တိုင်ပွဲတော် ရှိနေသေးသည်ကိုး။ အချို့က ပွဲလည် ကြမည် ဖြစ်သောကြောင့် ကန်နိုင်ကြမည် မထင်ပေ။ ဒီက လူတွေက မီးပုံးပျံပွဲဆို မိုးလင်းပေါက် လည်ကြတာကိုး။ အိပ်ရေး မ၀လျှင် ဘောလုံး ကောင်းကောင်း ကန်နိုင်ဖို့က မဖြစ်နိုင်ဘူးကိုး။ တပတ်လောက် လွတ်သွားနိုင်သဖြင့် ယခု ရက်ပိုင်း ကန်ဖြစ်သည့် ပွဲစဉ်များကို အင်တိုက်အားတိုက်နှင့် ရေကုန် ရေခမ်း ကစားကြမည် ဖြစ်၏။ မည်သို့ပင် ဆိုစေ ယခုလို သူငယ်ချင်းများ စုပြီး ပုံမှန်လေး ဘောလုံး ကန်ဖြစ်နေတာကိုက တော်တော်လေး ပျော်ဖို့၊ ကျေနပ်ဖို့ ကောင်းနေပြီ မဟုတ်လား။

Don Jaun

MSC 31

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63061.76
ETH 2602.70
USDT 1.00
SBD 2.75