Child (Final Chapter)
စကားများသည့် ကလေး (၂) ယောက်ကို ပြောဆိုနေရင်းက အနွေးထည် မ၀တ်ထားသည့် ကလေးတယောက်ကို ထပ်ပြီး မေးပြန်၏။ ဘာလို့ အနွေးထည် မ၀တ်ထားသလဲပေါ့။ အဖြေက ကျောင်းမှာ အနွေးထည် ကျန်ခဲ့သည်တဲ့ ထိုအမလည်း ကနဦးက ပြောခဲ့သည့် ငါ တရက်လေး လိုက်မကြိုတာနဲ့ ဖြစ်ကြတော့တာပဲ ဆိုပြီး တတွတ်တွတ် ပြောနေတော့၏။ ကျနော့်မှာ ရယ်ရမလား၊ စိတ်ပဲ ညစ်ရမလားကို မသိတော့ပေ။ အမှန်တော့ ရယ်ချင်နေပါ၏။ အဖြစ်အပျက်ကလည်း တကယ့်ကို ရယ်စရာကိုး။
ကလေး ဆိုသည့် အမျိုးက သေသေချာချာလေး ဂရုစိုက်ပြီး မှာကြားနေမှ ရ၏။ ဒီလောက် ပြောပြနေတာတောင် သူတို့က တခါတလေ ထင်သလို၊ လုပ်ချင်သလို လုပ်ကြသေးသည် မဟုတ်လား။ ကားပေါ်က ကလေးမလေး အနွေးထည် ကျန်ခဲ့တာ မပြောနဲ့ ကျနော့် တူတော်မောင်တောင် ထမင်းချိုင့် ကျန်ခဲ့လို့ ပြန်ယူရသေး၏။ ကျောင်းဆင်းချိန် လက်ဗလာနှင့် အခန်းထဲမှ ထွက်လာလို့ သား ထမင်းချိုင့်ကောဟု ပြောပြီး သတိပေးရသေး၏။ တခါသားတုန်းကလည်း ကွန်ပါဗူး ကျန်ခဲ့လို့ ကျနော့် အမနှင့် သားအမိ (၂) ယောက်သား ဆူပွက်နေကြသေး၏။
ကလေး ဆိုသည့် အမျိုးက ထိုသို့ ဖြစ်၏။ အဲ ရှားရှားပါးပါး ကိုယ့်ပစ္စည်း ကိုယ် ဂရုစိုက်ပြီး မိမိ ကိုယ်ကို ထိန်းနိုင်သည့် ကလေးမျိုးတော့ ရှိ၏။ သို့ပေမယ့် အလွန်နည်းလှ၏။ ယခု ဖြစ်စဉ်၊ ဖြစ်ရပ်ကို ကြည့်ပြီး ကလေးကြို၊ ပို့ လုပ်ဆောင်ပေးသည့် သူများ၏ တာဝန်က မသေးလှကြောင်း သတိထားမိ တွေးနေမိ၏။ သူများ၏ အဖိုးတန် သား၊ သမီးများ မိမိ လက်ထဲမှာ တခုခု မဖြစ်အောင် သေချာလေး ဂရုပြု စောင့်ရှောက်ပေးဖို့ လိုသည် မဟုတ်လား။ မတော်တဆ မမ လက်ထဲမှာ တခုခု ဖြစ်သွားခဲ့သည် ရှိသော် နောက်ဆက်တွဲ အကျိုးဆက်က အတော်လေး ဂယက်ထ စရာ တွေ ဖြစ်သွားနိုင်၏။
အထိန်း အစောင့် တယောက်ယောက်တော့ ပါဖို့ လို၏။ ကျနော် သတိထားမိသလောက်တော့ အချို့သော အကြို၊ အပို့ လိုဆောင်ပေးသည့် သူများသည် လုံလောက်သော တာဝန်ယူ စောင့်ရှောက်မှုကို သိပ်မတွေ့ ရပေ။ တခါတလေ သွားရင်း လာရင်း ကျောင်းသားကလေးငယ်များ hi jet လို ကား၏ နောက်ခန်းမှာ လူကြီး မပါဘဲ ထိုင်နေကြသည်ကို တွေ့ရလေ့ ရှိ၏။ လူကြီး မပါသလို အတန်းကြီး ကျောင်းသားလည်း မပါပေ။ ကလေးများ တခုခု လိုအပ်လျှင်သော်လည်းကောင်း၊ တခုခု ကိစ္စရှိလျှင်သော်လည်းကောင်း မည်သူက ဖြေရှင်းပေးမည်နည်း။ ကားဆရာက သူ့လမ်းကြောင်းသူ သတိထားပြီး မောင်းနေရသည် မဟုတ်လား။ ကလေးတွေကို အချိန်ပြည့် လှည့်ပြီး ကြည့်နေနိုင်မည် မဟုတ်ချေ။
ကျောင်းကြို၊ ကျောင်းပို့ လုပ်ငန်း လုပ်ဆောင်သူများ အနေနှင့် ထိုအချက်ကို သေချာ သတိထားသင့်ပြီး မိဘများ အနေနှင့်လည်း မိမိတို့ ကလေးကို ကြို၊ ပို့ ပေးမည့် လူများ၏ ဂရုစိုက်မှု တာဝန်ခံမှု စောင့်ရှောက်မှုနှင့် ပတ်သက်ပြီး သေသေချာချာ သိရှိထားဖို့ လို၏။ မကြာမကြာလည်း စစ်ဆေးဖို့ လို၏။ သို့မှသာ ကလေးများအတွက် စိတ်ချ၊ လုံခြုံသော လူမှု ပတ်ဝန်ကျင်း တခု ဖြစ်လာမည် မဟုတ်လား။
Don Jaun
MSC 31