Child (Chapter 2)
ကျနော်သာ မပါလျှင် ကားနောက်ခန်းမှာ ရန်ဖြစ်နေသည့် အနှီ ကလေးငယ်များကို မည်သူက ၀င်ပြီး ပြောဆို ထိန်းပေးမည်နည်း။ ကျနော် ပါနေတာတောင် ကောင်မလေးက သူ့ကို ပြောဆိုနေသည့် ကောင်လေးကို မျက်လုံးအား ထီးနှင့် ထိုးဖောက်လိုက်မည် ပြောနေ၏။ တကယ် မလုပ်ပါဘူးဟု ပြောလို့ မရပေ။ ကောင်လေးက တအားပြောပြီး ဖိအားပေးလာလျှင် ကောင်မလေး ပုံက တကယ်လုပ်မည့် ပုံစံပင်။ ကလေးများသည် ငယ်သေးသည် မဟုတ်လား။ အကြောင်း အကျိုး သေချာ စဉ်းစားနေမည် မဟုတ်ပေ။
ကားနောက်ခန်းမှာ ထိန်းပေးမည့် သူမပါဘဲနှင့်ဆိုလျှင် အဆင်မပြေနိုင်ပေ။ စကားလုံးများနှင့် ပြောဆိုနေသည့် အဆင့်ကနေ လက်တွေဘာတွေ ပါလာနိုင်သည် မဟုတ်လား။ ကလေးတွေက အထက်မှာ ဆိုခဲ့သည့်အတိုင်း ဘာမှ မသေချာ မသိသေး။ မတွေးနိုင်သေးဘူး မဟုတ်လား။ ဒီနေရာမှာ ကြုံကြိုက်လို့ ကျနော့် တူတော်မောင် အကြောင်း အနည်းငယ် ပြောပြလို၏။ တရက်သားက ကျောင်းမှာ ကိစ္စတခုနှင့် ကြုံ၏။ အခြား မဟုတ် ကျနော့်တူ လက်ချက်နှင့် သူ့သူငယ်ချင်း နှာခေါင်းသွေး ယိုသွားခြင်း ဖြစ်၏။
ရန် ဖြစ်ကြခြင်း မဟုတ်ပေ။ ဖြစ်ပုံက ဒီလို။ တူတော်မောင်က ငါ့ လက်သီး ဘယ်သူ မြည်းမလဲဆိုပြီး မေးသည် ဆို၏။ သို့နှင့် သူ့ရှေ့ခုံမှာ ထိုင်သည့် သူငယ်ချင်းက လက်ထောင်ပြီး လှည့်ကြည့်သည် ဆို၏။ သို့နှင့် တူတော်မောင်ကလည်း ထိုးထဲ့လိုက်သည်ပေါ့။ လုံးဝ မျက်နှာတည့်တည့် နှာခေါင်းကို တိုက်ရိုက်ထိသဖြင့် နှာခေါင်းသွေးများ ယိုသွားတော့၏။ ကျောင်းခန်း အတွင်းမှာ ဖြစ်ခြင်း ဖြစ်၏။ ဆရာမ သတိမထားမိလိုက်ချိန်မှာ ဖြစ်သွားခြင်း ဖြစ်၏။ ကလေးဆိုသည့် အမျိုးက ခန့်မှန်းရခက်သည် မဟုတ်လား။ နည်းနည်းမှ အလွတ်ပေးလို့ မဖြစ်ပေ။ သေချာလေး စောင့်ကြည့်ထားနိုင်ဖို့ လို၏။
ကျနော့် အမ တယောက် တဖက် ကလေးနှင့် ကလေးမိဘကို တောင်းပန်ရ၏။ ဟိုဖက် မိဘများကလည်း သဘောထားကြီးကြ၏။ ရန်ဖြစ်ကြခြင်း မဟုတ်ဘဲ ဒီအတိုင်း ဆော့ကစားရင်း ဖြစ်သည့် ကိစ္စပဲလေဆိုပြီး နားလည် ခွင့်လွှတ်ပေး၏။ အားလုံးပြီးစီးသွားပြီးနောက် သေသေချာချာ ပြန်တွေးကြည့်လိုက်က အတော်လေး ရယ်ရသည့် ကိစ္စ ဖြစ်၏။ ငါ့လက်သီး ဘယ်သူ မြည်းမလဲ ဆိုပြီး တယောက်က ပြော၏။ တယောက်ကလည်း မြည်းမယ်ဆိုပြီး လက်ထောင်၏။ လက်သီးကို စားစရာများ မှတ်နေကြသလား မသိပေ။
ထိုကလေးများနှင့် တကားထဲ ကားနောက်ခန်းမှာ လိုက်စီးလာရင်း လမ်းတ၀က်မှာ အမ တယောက် တက်လာ၏။ ကားဆရာနှင့် အသိတွေဟုလို့တော့ ထင်မိ၏။ ကလေးတွေကို ပြောဆိုနေတာ ကြည့်မှ အော် ကလေးတွေကို သွားကြိုချိန်ကြရင် လိုက်လိုက်ပေးနေသည့် သူ ဖြစ်မှန်း သိတော့၏။ ကားဆရာနှင့် ဆွေမျိုး နီးစပ် တော်မည်ထင်၏။ အစောက စကားများနေသည့် ကလေး (၂) ယောက်ကို ကြည့်ပြီး ငါ တရက်လေး လိုက်မကြိုမိတာနဲ့ ခုလိုတွေ ဖြစ်ကုန်တာလား ဆိုပြီး ရွေရွတ် ဆုံးမနေလေ၏။ ထိုအမသည် ကိစ္စတခုခုကြောင့် ကျောင်းကြိုချိန် မမီဘဲ လမ်းတ၀က်ကနေမှ လိုက်စီး၊ လိုက်ပြန်ခြင်း ဖြစ်မည် ထင်၏။
ဆက်ပါဦးမည်
Don Jaun
MSC 31
Congratulations @donjaun! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :
You can view your badges on your Steem Board and compare to others on the Steem Ranking
If you no longer want to receive notifications, reply to this comment with the word
STOP
To support your work, I also upvoted your post!
Vote for @Steemitboard as a witness to get one more award and increased upvotes!