Changing

in #myanmar5 years ago

ge98xhautm.jpg

အောင်မြင်ခြင်း၊ ပိုင်ဆိုင်မှု၊ ငွေကြေး စသည့် စကားလုံးများသည် ယခု ရက်ပိုင်း ကျနော့် အတွေးအိမ်ကို လွှမ်းမိုးထားသည့် စကားလုံးများ ဖြစ်၏။ ဘယ်လောက်ထိတောင် လွှမ်မိုးနေလဲ ဆိုလျှင် ကျနော့် ပျော်ရွှင်ခြင်းကို ထိခိုက်လာစေသည် အထိပင် ဖြစ်၏။ ပုံမှန်အားဖြင့် သိပ်တွေးတွေးတောတော လုပ်လေ့ မရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေလေ့ ရှိသည့် ကျနော့်ကို ငေးငေးငိုင်ငိုင် ဖြစ်လာစေသည် အထိပင်။ ယခင်က ထို အကြောင်းအရာများ တွေးဖူးသည် ဆိုပေမယ့် သိပ်မကြာပေ။ ဒီအတိုင်း မေ့မေ့ပျောက်ပျောက်ပင် ပြန်ဖြစ်သွား၏။ ယခု တကြိမ်မှာတော့ ထိုသို့ မဟုတ်ပေ။

အောင်မြင်ခြင်းနှင့် ပျော်ရွှင်ခြင်းသည် တိုက်ရိုက် အချိုးမကျနေပေ။ ထို့ပြင် အောင်မြင်ခြင်းကို ကျနော်က သိပ်အလေး မထားသူ ဖြစ်၏။ ပျော်နေဖို့နှင့် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့သာ ဦးတည်၏။ ကိုယ်က အကောင်းဆုံး လုပ်ဆောင်နိုင်ပါက အောင်မြင်ခြင်းက သူ့သူ ရောက်လာပေလိမ့်မည်။ အကောင်းဆုံး လုပ်နေပမယ့် အောင်မြင်ခြင်းက မရောက်လာသေးသည့် အခါမျိုးလည်း ရှိ၏။ ဒါကလည်း အချိန် မတန်သေးလို့ ဖြစ်နိုင်၏။ အချိန်တန်လျှင်တော့ အနှီအောင်မြင်ခြင်းသည် မလိုချင်လည်း ဆိုက်ဆိုက် ရောက်လာပါလိမ့်မည်။ ကိုယ်က အကောင်းဆုံး ဆက်လက်လုပ်ဆောင်နိုင်နေဖို့သာ လို၏။

q6wl6celxo.jpg

ပိုင်ဆိုင်မှု။ ဒီစကားလုံးကတော့ အတော်လေး ဂယက်ရိုက်ရ၏။ လက်ရှိ ကျနော့် ပိုင်ဆိုင်မှုက ဘာမှကို မရှိပေ။ တကယ့်ကို ဘာမှ မရှိပေ။ ကိုယ့်ခွန် ကိုယ့်အားဖြင့် ရှာဖွေမှုကနေ ရယူပိုင်ဆိုင်ထားသည့် အရာများက တကယ့်ကို မရှိလှပေ။ လက်ရှိ အသက်အရွယ်မှာ ပိုင်ဆိုင်မှု အထိုက်အလျောက်တော့ ရှိနေသင့်နေပြီ ဖြစ်၏။ ကျနော့် အရွယ် အခြားသူများ ဆိုလျှင် ပြစရာ ပိုင်ဆိုင်မှုများ အတော်အသင့် ရှိနေကြပြီ ဖြစ်၏။ ထိုသူများနှင့် ချိန်ထိုးကြည့်ပါက ကျနော့် လက်ရှိ အခြေအနေက ဘယ်လိုနည်းနှင့်မျှ လက်ခံ နိုင်စရာ မရှိပေ။

ငွေကြေး ဒီစကားလုံးကတော့ ကျနော်၏ အဓိက ပြဿနာ ဖြစ်၏။ အကိုလို ခင်မင်ရင်းနှီးရသည့် သူငယ်ချင်းက ကျနော့်ကို ပြောဖူး၏။ မင်း စီးပွားရေး လုပ်ချင်ရင် မင်းအကျင့် မင်းစိတ်ကို အရင် ပြင်မှ ရမယ်ဆိုပြီး ပြောဖူး၏။ သူတင်မှ မဟုတ် ကျနော် စာသင်ပေးသည့် အဆောင်က ဆရာမကလည်း ကျနော့်ကို အားမရပေ။ အဓိကက ကျနော်၏ ခံယူချက်ကို မကြိုက်ကြခြင်း ဖြစ်၏။ ခံယူချက်ဟု ပြောရအောင်ကလည်း ခက်နေပြန်၏။ ထိုကဲ့သို့မှ ဖြစ်ရမည်ဟုလည်း ကျနော်က တထစ်ချကြီး မခံယူထားပြန်ဘူးကိုး။ အမှန်တော့ ကျနော့် စိတ်နှင့် ကျနော် ပြဿနာ တက်နေခြင်း ဖြစ်၏။ ထိုအချက်ကို သူတို့က ကောင်းကောင်းမြင်ပြီး ကောင်းကောင်း သိနေကြခြင်း ဖြစ်၏။

ထို့ကြောင့်ပင် သူတို့က အားမလို အားမရ ဖြစ်နေကြခြင်း ဖြစ်၏။ ပိုဆိုးသည်က သူတို့ ပြောပေမယ့် ကျနော် ကိုယ်တိုင် ပြောင်းလဲ နိုင်ခြင်းကို မစွမ်းနိုင်သေးခြင်းပင်။ လက်ရှိ အချိန်မှာ တကိုယ်ရည်စာ လုံလောက်အောင် ရှာဖွေနိုင်သေးပေမယ့် မိသားစုကို ပြန်လည် ကြည့်ရှုပေးနိုင်မှု အပိုင်းမှာတော့ တကယ်ကို အားနည်း နေသေး၏။ ပြောရလျှင် ပြန်လည်ကို မကြည့်ပေးနိုင်သေးပေ။ အုတ်တချပ် သဲတပွင့် အခြေအနေလောက်လေးသာ လုပ်ပေးနိုင်သေး၏။ ထိုအခြေအနေက လုံးဝကို ကျေနပ်စရာ မရှိပေ။ ထို့ကြောင့်လည်း ယခု အချိန်မှာ အပြောင်းအလဲ တစုံတရာ လုပ်ဆောင်နိုင်ဖို့ တွေးနေမိ၊ တွေး ဖြစ်နေခြင်း ဖြစ်၏။ ရက်ပိုင်းအတွင်း ပြောင်းလဲမှု တစုံတရာ လုပ်နိုင်ဖို့တော့ အမှန်တကယ်ကို လိုအပ်နေပြီဖြစ်၏။ လောလောဆယ်မှာတော့ ယုံကြည်မှု မရှိသေး၊ နည်းနေသေးပေမယ့် တချိန်ချိန်မှာတော့ အကောင်းဆုံး လုပ်ဆောင်ချက် ယုံကြည်မှုများနှင့် ပြောင်းလဲမှုများကို လုပ်ဆောင်လာနိုင်မည်ဟု ယုံကြည်ပါ၏။

Don Jaun

MSC 31

Coin Marketplace

STEEM 0.17
TRX 0.15
JST 0.027
BTC 60678.52
ETH 2339.38
USDT 1.00
SBD 2.48