Champion Shan United

in #myanmar5 years ago

t5n9axz4v5.jpg

မနေ့က မြန်မာ နေရှင်နယ်လိဂ် ရာသီပိတ်ပွဲ ကျင်းပ၏။ အားလုံး သိကြတဲ့ အတိုင်း ကျနော်တို့ Shan United အသင်း လိဂ် ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့၏။ ရှုံးပွဲ မရှိဆိုသည့် စံချိန်သစ် တရပ်ကိုပါ တပါတည်း ရေးထိုးနိုင်ခဲ့၏။ MNL ၏ ပထမဆုံး ရှုံးပွဲ မရှိသည့် ချန်ပီယံ အဖြစ်နှင့်ပေါ့။ ရှုံးပွဲ မရှိပေမယ့် သရေပွဲတော့ များခဲ့၏။ အိမ်ကွင်း အဖြစ်လက်ခံကျင်းပသည့် ပြည်နယ်ကွင်းကို ကွင်းပြင်ဆင် အဆင့်မြှင့်တင်ခြင်း လုပ်ဆောင်နေသဖြင့် ပထမအကျော့် ပွဲစဉ်များ အားလုံးကို အဝေးကွင်းမှာပဲ ယှဉ်ပြိုင်ကစားခဲ့ရ၏။

သို့ပေမယ့် ဒုတိယ အကျော့ ပွဲစဉ်များ အားလုံးကိုတော့ အိမ်ကွင်းမှာ လက်ခံ ယှဉ်ပြိုင် ကစားရ၏။ အဝေးကွင်းပွဲ စဉ်အများစုကို အနိုင်ကစားနိုင်ခဲ့၏။ အိမ်ကွင်း ပွဲစဉ်တွေမှာမူ သရေပွဲတွေများ နေခဲ့၏။ အစောပိုင်း အိမ်ကွင်းပွဲစဉ်များမှာ သရေပွဲတွေ များနေသဖြင့် ချန်ပီယံ မျှော်လင့်ချက်လေးတွေများ ပျက်ပြယ်သွားတော့မည်လားဟုပင် စိုးရိမ်ခဲ့ရသေး၏။ အနိုင်ရသင့်သည့် ပွဲစဉ်များကို အနိုင်မကစားနိုင်ခဲ့ဘဲ သရေပွဲများသာ ရခဲ့၏။ သို့ပေမယ့် အိမ်ကွင်း နောက်ဆုံးပွဲစဉ်များမှာတော့ လိုအပ်သည့် အနိုင် (၃) များကို တပွဲပြီး တပွဲ ရယူနိုင်ခဲ့၏။

ရှေ့ နှစ် အိမ်ကွင်းပွဲစဉ် အားလုံး နီးပါးကို ကြည့်ရှုအားပေး ဖြစ်ခဲ့ပေမယ့် ယခု (၂၀၁၉) ရာသီ အိမ်ကွင်း ပွဲစဉ်များကိုတော့ အားလုံး မကြည့်နိုင်တော့ပေ။ မှတ်မှတ်ရရ (၂) ပွဲလောက်သာ ကြည့်ရ၏။ ဒီနှစ်ထဲမှာ ကျနော့် စာသင်ချိန်တွေက စနေ၊ တနင်္ဂနွေနေ့တွေမှာပါ ရှိ၏။ အတန်းချိန်တွေကလည်း ဘောလုံးပွဲ ကန်သည့် အချိန်တွေပဲ ဖြစ်၏။ ထို့ကြောင့် ယခုနှစ် အိမ်ကွင်းပွဲစဉ်များကိုတော့ ကွင်းထဲထိ သွားပြီး အားမပေးနိုင်ခဲ့ပေ။ သို့ပေမယ့် TV ကနေတော့ ကြည့်ပြီး အားပေးခဲ့ပါ၏။

rucjq0bsy5.jpg
z9x3tmmw2y.jpg

မနေ့က ရာသီပိတ် ဖလားသိမ်းမည့်ပွဲစဉ်လေးကိုတော့ ကွင်းထဲထိ သွားရောက်အားပေးဖို့ ရည်စူးထားမိ၏။ သို့ပေမယ့် အတန်းချိန်က ရှိနေသေးသည်ကိုး။ ပိတ်ရက် (၂) ရက်လေးပဲ သင်ရသည့် အတန်းချိန် ဖြစ်သဖြင့် ပျက်ကွက်လို့ မကောင်းပေ။ သို့နှင့် စာသင်ချိန်ပြီးမှပဲ TV ကနေ ကြည့်ရှုအားပေး ဖြစ်၏။ ဒုတိယပိုင်းမှပဲ ကြည့်ရ၏။ ပထမပိုင်းမှာတော့ (၂) သင်းလုံး ဂိုးမသွင်းနိုင်ခဲ့ပေ။ ဒုတိယပိုင်းမှာတော့ ဂိုးတွေ သွင်းကြတော့၏။ ပွဲအပြီးမှာ ရှမ်းက ရခိုင်ကို (၄-၁) နှင့် အနိုင်ရခဲ့၏။

မနေ့က ကျနော်တို့အဖို့ အပျော်တွေဆင့်သည့်နေ့ ဖြစ်၏။ မနေ့က တောင်ကြီးမြို့တည်နှစ် (၁၂၅) နှစ်ပြည့်သည့် နေ့လည်း ဖြစ်၏။ ထိုနေ့မှာပင် ရှမ်းယူနိုက်တက်က ရှုံးပွဲမရှိ စံချိန်နှင့် ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့၏။ ထို့ပြင် ဘောလုံးပွဲအပြီး ညပိုင်းမှာ နာမည်ကျော် IC အဖွဲ့၏ ဖျော်ဖြေမှုလည်း ရှိသေး၏။ အောင်ပွဲရ ရှမ်းယူနိုက်တက်ကို ဂုဏ်ပြုသည့် အနေနှင့်ပေါ့။ ကျနော့်မှာ ညပိုင်း IC ၏ ဖျော်ဖြေပွဲသို့လည်း မသွားလိုက်ရပေ။ မည်သို့ပင် ဆိုစေ ရှမ်းယူနိုက်တက်၏ အောင်မြင်မှုအတွက် ဂုဏ်ယူ ဂုဏ်ပြုရပါ၏။ ကိုယ်တိုင် ကိုယ်ကျ ကွင်းထဲထိ လာရောက် မအားပေးနိုင်ခဲ့သော်လည်း ရင်ထဲမှာ ရှမ်းအသင်း အမြဲရှိနေပါ၏။ ဗိုလ်ချုပ်အောင်ဆန်း ဒိုင်း ဗိုလ်လုပွဲလည်း ကစားရဦးမည် ဖြစ်၏။ ထိုဗိုလ်လုပွဲကိုလည်း အနိုင်ကစားပြီး နောက်ထပ် ဖလားတလုံး ထပ်မံ ယူဆောင်ပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါသည်။

Don Jaun

MSC 31

Sort:  

Congrats Shan United.

Coin Marketplace

STEEM 0.19
TRX 0.15
JST 0.029
BTC 63156.23
ETH 2560.33
USDT 1.00
SBD 2.83