အသိအမှတ်ပြုတတ်ပါစေ

in #myanmar7 years ago

FB_IMG_1498534182631.jpg

ပြီးခဲ့သော တနင်္ဂနွေနေ့က The Voice Myanmar ကြည့်လိုက်ရ၏။ The Voice မြန်မာနိုင်ငံကို မရောက်လာခင် ကတည်းက International The Voice (Global) တွေကို မကြာမကြာ You Tube မှာ ရှာပြီး ကြည့် ဖြစ်၏။ ကျတော် သဘောကျ နှစ်သက်သည့် အစီအစဉ် တခု ဖြစ်၏။ တခြား Level အဆင့်တွေထက် Blind Edition ကို ပိုမို နှစ်သက်၏။ အသံလေးကိုသာ နားထောင်ပြီး ဒိုင်လူကြီးတွေက သူတို့ သဘောကျ နှစ်သက်မှ ခလုတ်နှိပ်ပြီး လှည့်ကြည့်၏။ ထားပါလေ ... ကျတော့် တထွာတမိုက် ဥာဏ်လေးဖြင့် The Voice အစီအစဉ်ကြီးကို ဝေဖန်ပိုင်းခြား သုံးသပ်နိုင်စွမ်းလည်း မရှိပါဘူးလေ။ ကိုယ်တိုင်ကလည်း ဂီတ ပညာရှင်ကြီးမှ မဟုတ်တာ။ သို့သော် မိမိကြိုက်နှစ်သက်သည့် အစီအစဉ် တခု မြန်မာနိုင်ငံသို့ ရောက်ရှိလာသည်ကိုတော့ အလွန်မှပဲ ၀မ်းသာ ကျေနပ် ပီတိ ဖြစ်ရ၏။ အဆိုရှင် ရွက်ပုန်းသီးလေးတွေ အများကြီး ထွက်ပေါ်လာတော့မည် မဟုတ်လား။ ဒိုင်တွေကလည်း ကျတော့် အကြိုက် အဆိုတော်တွေ ပဲကိုး။

ကျတော် စကြည့်သည့် အပတ်မှာပဲ ပြဿနာ ပေါ်၏။ တခြား မဟုတ်။ တက်သစ်စ အဆိုတော်လေး တယောက်၏ သီချင်းကို ထိုပိုင်ရှင်မှ မသိပဲ version ပြောင်း၍ သီဆို ယှဉ်ပြိုင်သွားခြင်း ဖြစ်၏။ လူအများစု သဘောကျ ကြ၏။ ကျတော်ကတော့ မကြိုက်ပေ။ ဤနေရာ၌ တပါတည်း ရှင်းအောင်ပြောထားလို၏။ ကျတော်သည် မကောင်းဟု မပြောပါ။ မကြိုက်ဟု ဆိုထား ခြင်းဖြစ်၏။ ကောင်းခြင်း မကောင်းခြင်းသည် ပညာရှင်များ သုံးနှုန်းသည့် စကားလုံး ဖြစ်ပြီး။ ကြိုက်ခြင်း မကြိုက်ခြင်း ဆိုသည်မှာ ပရိတ်သတ်၊ အားပေးသူများက သုံးသည့် စကားလုံး ဖြစ်သည်။ ကျတော်သည် ပညာရှင် မဟုတ်ပါ။ ပရိတ်သတ် တယောက်သာ ဖြစ်၏။ Reggae music ကို ကျတော်ကြိုက်၏။ နှစ်သက်၏။ သို့သော် ဖိုးပြည့်၏ ကိုယ်စောင့်နတ် သီချင်းကို Reggae ပြောင်းပစ်လိုက်သည်ကိုတော့ သိပ်သဘောမတွေ့လှပေ။ သီချင်း၏ နဂိုမူလ mood ပျောက်သွားသလို ခံစားရ၏။

FB_IMG_1519122431079.jpg
photo from Facebook

နိုင်ငံတကာမှာလည်း မူရင်း သီချင်းများကို နဂိုမူလ ပုံစံမှ ခွဲထွက်ပြီး style အမျိုးမျိုး ပြောင်းဆိုမှုများ တွေ့နေရ၏။ ပိုပြီး နားထောင်လို့ ကောင်းသွားသည်များလည်း ရှိသလို၊ နဂို မူလ သီချင်းထက် ပိုမိုပြီး ဆိုးရွားသွားသော သီချင်းများလည်း ရှိ၏။ ယခု ဖိုးပြည့်၏ သီချင်းကိုမူ နဂိုမူလ ပုံစံမှ ခွဲထွက်၍ Reggae ပြောင်းလိုက်ခြင်းကိုတော့ ကျတော်သည် မည်သို့မှ ခံစားလို့ မရပေ။ ထိုသို့ ပြောမိ၍ ကျတော့်ကို ရှေးရိုးစွဲ၊ အဟောင်းအဆွေးသမား၊ အသစ် အသစ်တွေကို လက်မခံသူဟု အပြစ်တင်ကလည်း ခံရပေလိမ့်မည်။ ဤသည်မှာလည်း ကျတော်၏ နဂိုမူလ version ကိုသာ ပိုမိုနှစ်သက်သည့် စိတ်ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်၏။ တကယ်ကိုလည်း ဖိုးပြည့်၏ original version လေးက နားထောင်လို့ ကောင်း၏။ သူ၏ ကိုယ်စောင့်နတ် တခွေလုံးကို ကျတော်ကြိုက်၏။

တချို့ သီချင်းတွေက နဂိုမူလ ပုံစံလေးအတိုင်းသာ ကောင်း၏။ အသစ် အသစ်ဆိုပြီး ပုံစံတွေ ပြောင်းပြောင်း ပစ်နေလို့ မဖြစ်ပေ။ တခြား မကြည့်နှင့် အဆိုတော် ဒိုးလုံး သေဆုံးပြီးနောက် ပြုလုပ်သည့် အမှတ်တရ live show ကိုပဲ ကြည့်ပါလေ။ Alternative ဖက်နွယ်သော ဒိုးလုံး၏ သီချင်းများကို လုပ်ထည့်ပစ်ပုံများ။ တကယ်ပါ တကယ့်ကို ဒိုးလုံး၏ နဂိုမူလ sense များ ပျောက်ကုန်၏ ဘယ်လိုမှ ခံစားလို့ မရေပေ။ သို့ပေမယ့် ထိုအထဲမှာ ကျတော် သဘောကျရသူမှာတော့ ဆောင်းဦးလှိုင် ဖြစ်၏။ ဒိုးလုံး သီချင်းတွေကို ကျတော် မဆိုနိုင်၊ မဆိုတတ်ပါဘူး။ သူနှင့် ကျတော် တူတာဆိုလို့ ကိုယ်ပိုင် သံစဉ် သီချင်းတွေကို နှစ်သက်၊ ဖန်တီး ရတာပါ။ အဲ့ကြောင့် ကျတော့် သီချင်းလေးပဲ ကျတော် ဆိုပါ့မယ် ဆိုပြီး သူ့ သီချင်းသာ သူ ဆိုသွား၏။

FB_IMG_1519119255703.jpg
photo from Facebook

အစောက ပြဿနာကို ပြန်စရအောင်။ အဆိုတော် မသိလိုက်ပဲ ခွင့်မတောင်းပဲ version ပြောင်းလိုက်သည့် ကိစ္စ။ ဒါကလည်း လက်ရှိ မြန်မာနိုင်ငံမှာ မကြာမကြာဖြစ်နေ၊ ကြားနေရသည့် ကိစ္စ တခု ဖြစ်၏။ မူရင်းဖန်တီးသူတောင် မသိလိုက်ပဲ ဖြစ်ပျက်ကုန်သွားတာက ဆိုး၏။ တချို့ကတော့ ပြောမည်။ အမယ်လေး အဲ့ပြိုင်ပွဲဝင်လေး ဆိုပေးလိုက်လို့ သူ့သီချင်းတောင် လူသိသွားသေးတယ်။ ဒါကိုပဲ သူက နာနေရတယ် ရှိသေးတယ်ဟု ပြောချင်သူကလည်း ရှိသေး၏။ ထိုသို့သော သူများကို ကျတော်သည် ဘာမျှ သိပ်မပြောလိုလှပေ။ ပြောရလျှင်လည်း မကောင်းပေ။ မပြောမဖြစ် ပြောရလျှင် ဘာမှ ကိုယ်တိုင် မဖန်တီးဖူးပဲ အနုပညာနှင့် ပတ်သက်လို့် မိမိတို့ကသာ ခံစားတက်သူများပါ ဆိုသည့် တတ်ယောင်ကားတွေသာ ဖြစ်၏။ တခြား မဟုတ်ပါဘူး။ ခင်ဗျားတို့ ခြံထဲက သရက်သီးကို ခွင့်မတောင်းပဲ ခိုးခိုးဆွတ်နေတဲ့သူကို ကြည်ဖြူ ခွင့်လွှတ်ပေးနိုင်ပါ၏လော။ အိမ်ရှင်ကို ဧည့်သည် မစော်ကားရာ ဆိုသည့် စကားရှိသည် မဟုတ်လား။ မူလ ဖန်တီးသူ၏ နေရာကို ၀င်ပြီး ကိုယ်ချင်းစာကြည့် စေချင်ပါသည်။ စာတပုဒ်၊ ကဗျာတပုဒ်၊ သီချင်းတပုဒ်၊ ကာတွန်းတကွက်၊ ပန်းချီတကား၊ ဓါတ်ပုံကောင်း တပုံ ထွက်လာ၊ ဖြစ်လာဖို့သည် လွယ်သည့် ကိစ္စ တခုမဟုတ်ပေ။ အနုပညာသည် စက်ရုံမှ တဒိန်းဒိန်း ထွက်ကြလာသော အချိုရေဗူးများ မဟုတ်ပေ။ ရင်နှင့်ရင်းပြီး ဦးနှောက်ကိုသုံးကာ ခံစားမှု တနင့်တပိုးနှင့် မွေးဖွားထားရခြင်း ဖြစ်၏။ အခက်အခဲများကြားမှ ရုန်းကန် ဖူးပွင့်လာရသည့် ပန်းလေးတပွင့် ဖြစ်၏။

အနုပညာရှင်မှာလည်း အနုပညာ မာန ရှိ၏။ တခြား တခြားသော မာနတွေထက် ပိုကြီး၊ ပိုအားသန်၏။ အထိအခိုက် မခံပေ။ မိမိစာအုပ်ကို ဖတ်နေသည့် စာဖတ်သူကို တွေ့က မပျော်သည့် စာရေးဆရာ ပြပါ။ မိမိ ပန်းချီကားကို စိတ်ဝင်တစား ကြည့်နေသည့် သူကို မနှစ်သက်သည့် ပန်းချီဆရာမျိုး ပြပါ။ မိမိ ဓါတ်ပုံကိုကြည့်ပြီး ချီးမွမ်းခန်း ဖွင့်သည့် ပရိတ်သည်ကို သဘောမကျသည့် ဓါတ်ပုံဆရာ ပြပါ။ မိမိ တကွက်ကာတွန်းကြောင့် ပြုံးရယ်ပြီး တဒင်္ဂ အမောတွေ လွင့်စင်သွားတဲ့ ကာတွန်းချစ်သူကို မကြည်ဖြူသည့် ကာတွန်း ဆရာ ပြပါ။ အနုပညာရှင်များသည်လည်း လူသား များသာ ဖြစ်၏။ သာမန် ကိုယ်တွေလိုပဲ အသိအမှတ်ပြု ခံလို၏။ ကျတော်တို့သည် အသိအမှတ်ပြုဖို့ကို အင်မတန် တွန့်တို၏။ လူတယောက်ကို အသိအမှတ်ပြုလိုက်လို့ မိမိထံမှ ဘာများ ဆုံးရှုံးသွားပါသနည်း။ သေချာ ပြန်စဉ်းစားကြည့်စမ်းပါဗျာ။ အသိအမှတ်ပြုမှုက အကျိုးယုတ်မှုအစား အကျိုးရှိမှုကိုပဲ ဦးတည်ပါ၏။ အသိအမှတ်မပြုလို့သာ ခုလို ကိစ္စရပ်များ ဖြစ်နေရခြင်း ဖြစ်၏။

FB_IMG_1519119250216.jpg
photo from Facebook

ခု အဆိုတော် ဖိုးပြည့်၏ ကိစ္စမှာလည်း မကြာခင် အဆင်ပြေသွားပါလိမ့်မည်။ အနုပညာရှင် အချင်းချင်း နားလည်မှု ပေးနိုင်ကြ၊ ဖြေရှင်းနိုင်ကြမည် ထင်ပါသည်။ အနုပညာရှင် အချင်းချင်း ပညာရှင်ဆန်ဖို့ လို၏။ ခုရော၊ နောင်ရောပေါ့။ ထပ်မံပြော စရာ ရှိသည်က မီးလောင်ရာလေပင့် သူတွေ၊ ပြဿနာကို မီးထွန်းပေးသူတွေကြောင့်လည်း တချို့ အမှုကိစ္စများက ပိုကြီးသွားတက်သေး၏။ ဖဲရဲသီးသည် ကိစ္စလေးကိုပဲ ကြည့်ပါလေ။ သို့ပေမယ့် အမှုကိစ္စ ပိုရှုပ်အောင် ပိုကြီးအောင် လုပ်သူတို့ကြောင့်လည်း တောင်ကြီးသား အဆိုရှင် ကိုယ်စောင့်နတ်ကြီး နာမည်ပိုကြီးသွားပါကြောင်း ထိုသူတို့အား ကြံဖန် ကျေးဇူးတင်ရပေလိမ့်မည်။

Don Jaun

MSC 31

Sort:  

Fb ဆို သုံးကိုမသုံးချင်တော့တာ နိစ္စဓူဝ စိတ်မချမ်းသာရဘူး

အင်း ... ဟုတ်တယ်။

The Voice Kids နိုင်ငံခြားက ကလေးတွေဆိုတာလောက်တောင်အားမရပါဘူးကိုဒွင်ရယ်🤣🤣🤣

Check Out .......

Right .
ဆက် စောင့်ကြည့်ရ မှာပေါ့ လေ။

အိမ်မက်ဆုံရာဘဲမဆိုးဘူးလားလို့ 😁

voice myanmar ဆို ကြောက်နေပီ
အနားကပ်ပြီး ဖွင့်ကြည့်နေတဲ့သူရှိလို့ 
ကိုယ်ကမှ လေတိုက်မခံချင်အောင် ညစ်နာ
သူတို့ က တအီအီနဲ့ အလွန်ဒေါသဖြစ်တာ မမကို

မလုပ်ပါနဲ့အေ ...
ဆက်အားပေးပါဦး ဟယ်။

အံ့ဘြတယ်အေ ကို့ ဘာသာနားထောင်တာကို

အေးလေကွာ နော့်

ဘာမန့်ရမယ်မသိ
သီချင်းလည်း သိပ်နားမထောင်ဖြစ်တော့ မန့်စရာက မရှိဖြစ်နေပီ
မူရင်းအဆို့ရှင်မသိပဲဆို့နေရင်တော့ အဲ့ကောင် အဆို့သေဖြစ်မှာ😂😂😂

မူရင်း အဆိုရှင်ကိုက သိပါတယ်။
သို့ပေမယ့် version ပြောင်းထားတဲ့ကိစ္စကို မူရင်းဖန်တီးသူကို အသိမပေးပဲ လုပ်လိုက်လို့ပါ။

Thank You Bro San

အစီအစဉ်ကို မကြည့်ဖြစ်တော့ မသိခဲ့ရပါ ဒါပေမယ့် အစ်ကို့စာကိုဖတ်လိုက်ရတော့ ဒီလိုဆိုတာ သိသွားခဲ့ပြီပေါ့ဗျာ ကျေးဇူးပါဗျ

ဟုတ်

Coin Marketplace

STEEM 0.17
TRX 0.16
JST 0.029
BTC 62068.40
ETH 2417.32
USDT 1.00
SBD 2.56