ပေတောက ပူရာဏ်ဆရာ ..

in #myanmarlast year

ပေတောက ပူရာဏ်ဆရာ ..


              တင်မိုး ရေးသည် ..
 ... လေးချိုးကြီး ..

ပေထဲမှာ သည်လိုပါ၍
ပေစာမှာ သည်လိုရှိသည်ဟု
ပေသိကို အခြေတည်လျက်
ပေမီအောင် ကြံစည်မောရှာတဲ့
ပေတောက ပူရာဏ်ဆရာ ..
ပေအစုံ နေကုန် နှိုက်ပါလို့
စာတိုက် စာပလွေနဲ့
စာတိုရှည် ပေတိုစငယ်တို့
ဂန္ထတွေ အဆူဆူပေါ့
ပုံနှိပ်မူ ပေမူတဲကာပ
ဂူ ဂဲ ဂွေ ပေစာအရရယ်နဲ့
မူကွဲတွေ အခြေမှာပြပါလို့
လောကကို မကြံကောင်းသည်သို့
ကိုးအင်္ဂါ ပေစာကြောင်းတွေနဲ့
ခေါင်း မလှည့်သာ ..
ကျောက်စာတွေ ပေစာများရယ်နဲ့
ပါဠိ ပျူ တိဘက်စကားကိုလ
ချောက်ချားကာ တတ်သကောဟူ၍
ထောက်ထားစာ အမှတ်သဘောတွေနဲ့
အောက်နားမှာ အတ္တနောတွေလည်း
ထပ်လောကာ သည်လိုဆိုပိမ့်
ငါ့အလို ဟူသတည်းတွေနဲ့
စာကမ္ပည်း သတ်လိုက်ရာ
မဟာဘွဲ့ ရွှေကျမ်း ..
အို ဘယ့်လူ…
အမယ့်လူ…
ကျမ်းပေစာ တံခွန်ထူ၍
ပါရဂူ ရွှေတံဆိပ်ကိုလ
ဗွေထိပ်မှာ ပန်ကာကာနဲ့
မြန်မာစာ ငါတမင်းပေတမုံ့
ဘယ်သင်းကို ဝိဂြိုဟ်ဆိုရမလဲ
အာဂုံကို အာဂါဖြန့်နိုင်မှ
ခံ့ညားသည် ဟူလိုသောဝ်ကွယ့်
ပေါ်ပင်စာ ကလေကဝကိုဖြင့်
နှုတ်မမြိန် နုပ်သိမ်လှတဲ့ပြင်
လောကစော် နံတယ်ထင်လို့
မကြံချင် မဝင်စားချင်ဘု
စာပေဂုဏ် အလင်္ကာစကားတွေမှ
နှုတ်ဖျားမှာ မြိန်တယ်ထင်သကွယ့်
ခေတ်အချိန် ဘယ်လိုပြောင်းစေတော့
တက္ကသိုလ် မဟာကျောင်းမှာဖြင့်
စာဟောင်းကို တသွယ်သွယ်နဲ့
အဆာကျယ် ဘွဲ့သမားရယ်လို့
စာနယ်မှာ တကယ့်ကြွားပေလိမ့်
သွားရော့ တလမ်း ..
တင်မိုး ရေးသည် ..
( ၁၉၆၅ )
![Screenshot_2020-08-09-16-27-31-1.png](UPLOAD FAILED)